U+Z
အမှိုက်ထုတ်လွှင့်ပစ်ရန်လာသည့် ဝန်ထမ်းအားခဏစောင့်ခိုင်းကာ အမှိုက်ထုတ်ကို ဖွင့်ဖောက်စစ်ဆေးနေသည့် တာဝန်ကျသည့် ဝန်ထမ်းများ။ မူမမှန်တာ မရှိဘူးဆိုမှ ထိုအမှိုက်ထုတ်ကို ပြန်ပေးလိုက်၏။ ဝန်ထမ်းကောင်လေးက ထိုအမှိုက်ထုတ်ကို ပစ်နေကျအမှိုက်ပုံးထဲသွားပစ်လိုက်ပြီး ပြန်ဝင်သွား၏။ အမှိုက်ကားကလည်း ထိုအမှိုက်ပုံးထဲမှ အမှိုက်တွေအားလုံးကို လှယ်ထည့်ကာ မောင်းထွက်သွားတော့သည်။ ထိုအမှိုက်တွေကတော့ ပင်ပရုံးချုပ်ကြီးက စွန့်ပစ်တဲ့အမှိုက်တွေဖြစ်၏။
"ရလာပြီလား"
"ဟုတ်ကဲ့"
အမှိုက်ကားမှ ယူလာသည့်အမှိုက်ထုတ်အား အခန်းထဲတွင် ဖြန့်ချကာ သူတို့ရှာဖွေရသည်။ ဒီနေ့မင်းလွင်နဲ့ ဓိရာဇ်လူတွေနဲ့ဆက်သွယ်မှုက ထိုအရာပဲရှိ၏။ ဒီနေ့ ရုံးခန်းထဲကထွက်တဲ့ အမှိုက်အိတ်ကို အမှိုက်ပစ်တဲ့ သူတို့လူတစ်ယောက်က မှတ်မိစေရန် တခြားအမှိုက်တွေနဲ့ကွဲထွက်အောင် သတိပြုမိစေသည့် အမှတ်အသား လုပ်ပေးလေ့ရှိသည်။ ထိုပင်မရုံးချုပ်ကြီးထဲမှာ သူတို့လူတွေ အနည်းနဲ့အများတော့ ရောက်ရှိနေပြီဖြစ်၏။ မီးဖိုချောင်အကူ၊ အမှိုက်သိမ်း၊ အိမ်သာသန့်ရှင်းရေးသမား စသည်ဖြင့် ရောက်ရှိနေကြ၏။
အခုလည်း ထိုအမှိုက်တွေထဲ တောင်ခြစ်မြောက်ခြစ်လုပ်ထားကာ ဖြဲစုတ်ထားတဲ့စာရွက်တွေကို သူတို့ဆက်နေကြတာဖြစ်သည်။ ဦးဆင့်သိန်းအပါအဝင် ဖွဲ့စည်းထားတဲ့ ထိုအဖွဲ့အစည်းတွေ့ဆုံရာ ကြယ်ငါးလုံးရ အဆင့်မြင့်ဟိုတယ်မှာလည်း သူတို့လူတွေက housekeeping၊ သန့်ရှင်းရေး၊ အချက်အပြုတ်အကူ စသည်ဖြင့် အလုပ်ဝင်နေကြတာ ကြာပြီဖြစ်သည်။
"ရလား"
"ရပြီ"
ဒီနေ့ဆီကထွက်လာတဲ့ အမှိုက်ထဲကမှ သူတို့စာရွက်ပိုင်းတွေကို ဆက်နေရာ ကြာပြီဖြစ်ပြီး အခုတော့ ထိုစာရွက်ပိုင်းတွေကို ဆက်ကြည့်လိုက်ခြင်းဖြင့် လမ်းကြောင်းကိုရေးခြစ်ထားတာဖြစ်သည်။
"ဒါဆို လှုပ်ရှားဖို့အားလုံးကို သတင်းပေးလိုက်"
ဓိရာဇ်ကိုယ်တိုင် ညွှန်ကြားနေတာဖြစ်၏။ အခုတလောမှာ သူရပိုင်ကလည်း တစ်ခါတလေ ခွင့်ယူလေ့ရှိတာကြောင့် သူတို့ဌာနက ဟိုလူခွင့်ယူ ဒီလူခွင့်ယူနှင့် လူစုံတဲ့ရက်ကိုမရှိ။ မင်းသန့်တို့ကိုလည်း သူနဲ့သူရပိုင် ဟန်နီးမွန်းခရီးစီစဉ်ပေးလိုက်တာဖြစ်ပြီး ထိုဇနီးမောင်နှံနှစ်ယောက်က လက်ရှိမှာတော့ ရုံးပြန်တက်နေပြီဖြစ်သည်။ ပြန်ရောက်ရောက်ချင်း မင်းသန့်ကိုစနောက်လိုက်တာရှိသေးသည်။ ဆရာ့ကိုမျက်နှာပျက်အောင် မလုပ်ဘူးမလားဆိုသည့်စကားပင်။ အဲ့လိုပြောလိုက်တုန်းက မင်းသန့်မှ ဒါပေါ့ဗျာ၊ အစ်ကိုက ကျွန်တော့်ဆရာပဲဆိုပြီး ရယ်ကျဲကျဲပြောသေးတာ။ ဒီကောင်လေး အတတ်ကောင်းတွေတတ်သွားပြီဆိုတာ စဉ်းစားမိတော့ ဓိရာဇ်မနေနိုင်ပဲ ရယ်မိတော့သည်။
