U+Z
"မြန်မြန်နိုးလာတော့"
စကားအဆုံးမှာ သူ့နဖူးလေးက နွေးသွားသည်။ အထိအတွေ့ကိုခံစားလို့ရနေပေမယ့် သူ့မျက်လုံးတွေကဖွင့်မရသေးသလို သူ့လက်တွေကိုလည်း လှုပ်မရသေးပေ။ အော်ခေါ်လိုက်ချင်ပေမယ့် စကားသံတွေကလည်းထွက်မလာပေ။
"အစ်ကို"
"လာ မင်းသန့်။ တစ်ယောက်ထဲလား"
"မ လဲပါတယ်"
"လာလာ"
ဒီနေ့က နိုးလာချင်းမရှိသေးပေ။ လူကနိုးမလာပေမယ့် ကလီစာတွေအားလုံးကအလုပ်ပုံမှန်ပြန်လုပ်နေ၏။ အသက်အန္တရာယ်ကလွတ်မြောက်သွားပေမယ့် ဒီနေ့ နိုးမလာသေးတာ ၃ ရက်ရှိပြီဖြစ်သည်။ ဒီနေ့ အနားမှာ ဓိရာဇ်က စက္ကန့်မလပ်ပဲရှိနေပြီး အဖေနဲ့အမေဖြစ်သူက မနက်တစ်ခေါက် ညတစ်ခေါက်လာလာကြည့်သည်။ သူရတို့ မင်းသန့်တို့ကတော့ အားရင်အားတဲ့အချိန်တိုင်းလာကြည့်တတ်ပြီး တစ်နေ့ကို တစ်ခေါက်တော့ အနည်းဆုံးရောက်၏။
"ဆရာဘယ်လိုလဲ"
"သူလား ဒီနေ့တော့ အဆင်ပြေတဲ့ပုံပဲ"
တကယ်တမ်း ဆရာ အဆင်ပြေလား မပြေလားကိုဘေးနားက သူတို့တော့မကြည့်တတ်ပေ။ ပုံမှန်အတိုင်းလှဲနေပြီး အသက်ရှူမှန်တာကိုတော့မြင်ရသည်။ သို့ပေမယ့် အစ်ကိုကတော့ သူတို့နဲ့မတူတာကြောင့် အစ်ကိုပြောသလို ဆရာက ပိုအဆင်ပြေတယ်ဆိုတာ ဖြစ်နိုင်တယ်လို့ မင်းသန့်ထင်သည်။
"ကိုဓိရာဇ်အတွက် ကိုသူရပေးလိုက်တာ"
"အင်း"
"ကိုသူရတို့လဲ နောက်မှာလိုက်လာတယ်။ ရုံးမှာ ဖြတ်စရာကိစ္စလေးရှိနေလို့ နောက်ကျနေတာ"
တကယ်လဲ မိနစ်အနည်းငယ်ကြာတော့ သူရနဲ့ရတီရောက်လာ၏။
"အစ်ကို...ကျွန်တော်တို့အားလုံးစုံနေပြီ။ မြန်မြန် နိုးလာတော့"
သူရက အနားကိုသွားပြီးစကားပြောကာ ရှေ့ကမင်းသန့်တို့နဲ့သွားထိုင်သည်။ ရတီတို့ဆီအချိန်မှီ ရောက်မသွားတာကြောင့် အစ်ကို့နှလုံးရပ်သွားသေးတာကို သူတို့သိလိုက်ရပြီး အဆက်မပြတ်ဇွဲမလျော့ပဲ CPR လုပ်မှ နှလုံးပြန်ခုန်လာတာလို့ဆိုသည်။
