U+Z
[Fiction ပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်အကြောင်းအရာများသာဖြစ်ပါသည်။]မနက်စာ အစာပြေစားချိန်မှာ အားလုံးကတိတ်ဆိတ်နေသည်။ အမျိုးသမီးဖြစ်သူပြောလို့ သားပြန်ရောက်နေတာကိုသိပြီး ကိုဓိရာဇ်သားလေးလဲ ပါလာကြောင်း၊ ဖျားနေကြောင်းကိုပါ သိထားပြီး ဒီမနက်တော့ မနက်စာစားပွဲမှာ မျက်နှာချင်းဆိုင်မြင်ရသည်။ နေက သိပ်ကောင်းဖို့မပေါ်သေး။ မျက်နှာက ဖြူဖျော့နေ၏။
"နေကောင်းမှ အိမ်ပြန်ပေါ့"
သူ့အိမ်မှာ လူတွေရှိနေနိုင်တယ်ဆိုပေမယ့် မိသားစုကိုပြုစုတဲ့ အမေတစ်ယောက်ရှိတဲ့အိမ်နဲ့တော့ တူမှာမဟုတ်။ ဒီလောက်ဖြူဖျော့နေတာကို ပြန်လွှတ်ဖို့ကလည်း မဖြစ်နိုင်။ သားကလည်း ဒီကလေးကို သံယောဇဉ်ရှိပုံပေါ်သည်။
"အင်း ကျမလဲ အဲ့ဒါပြောနေတာ။ ဒီမှာဆိုတော့ တစ်ခုခုဆို ကျမလဲရှိတော့ အဆင်ပြေတာပေါ့"
ဒီနေ့ကတော့ တိတ်တဆိတ်ထောက်ခံလိုက်သည်။ သူပြောရင် မရတဲ့ကောင်လေးက လူကြီးတွေပြောတော့ ငြိမ်နေသည်။ သူ့အတွက် မေမေက နွားနို့ကိုပျစ်ပျစ်လေးကျိုပေးထားသည်။ သူ အမာစာတွေမတည့်ဘူးဆိုတာ မေမေ့ကိုပြောပြထားတော့ မေမေက သေသေချာချာစီစဉ်ပေးသည်။ ဘာကြောင့် မတည့်လဲ မမေးတာကိုပဲ ဒီနေ့ကတော့ ကျေးဇူးတင်နေလိုက်သည်။
"သား အလုပ်မသွားရဘူးလား"
"မသွားလို့ရသေးတယ်မေမေ"
"အင်းအင်း"
မနက်စာ စားပြီးတာနဲ့ အခန်းထဲပြန်ဝင်သွားပေမယ့် ဓိရာဇ်က သူ့ကိုစကားမပြောသေးပေ။ ညက ၁၂ နာရီလောက်မှ နိုးလာတာကြောင့် စွပ်ပြုတ်ထပ်ကျွေးပြီး ဆေးတိုက်လိုက်သေးသည်။ ထိုအချိန်တုန်းက ကွဲသွားတဲ့တစ်နေရာကို ဆေးထည့်ဖို့ အချေအတင်စကားပြောလိုက်ရသေးသည်။ သူထည့်ပေးမယ်ဆိုတာကို လက်မခံတဲ့အပြင် မထည့်ဘူးလုပ်နေတာကြောင့် ချုပ်ထည့်ပေးမှာလို့ ပြောလိုက်မှ ဆေးဘူးကိုဆက်ကနဲဆွဲယူကာ ရေချိုးခန်းထဲဝင်သွားတာဖြစ်သည်။ တော်တော်ကြာမှ ပြန်ထွက်လာတဲ့သူက ဆေးဘူးကိုဘေးကိုပစ်ချပြီး စောင်ဆွဲယူခြုံကာ တစ်ဖက်လှည့်သွားတာဖြစ်၏။