Part 18

4K 251 18
                                    

U+Z

ဇာနည့်နာမည်က ဓိရာဇ်။ ဝေလုဟာ ထိုနာမည်ကို မမေ့မလျော့အောင် ရေရွတ်လိုက်သည်။ သူ့မျက်လုံးရှေ့မှာ မြင်လိုက်ရတဲ့ ကိစ္စကိုလည်း စိတ်ထဲမှာကဲ့ရဲ့လိုက်သေးသည်။ ယောက်ျားအချင်းချင်း မြင်မကောင်းဘူးဟူ၍။ တော်ရုံတန်ရုံလူဆိုရင် ထိုမှောင်ရိပ်ကွယ်မှာ လူရှိလား/မရှိဘူးလား သိနိုင်မှာမဟုတ်။ သူကတော့ ဒီလိုမျိုးအမှောင်မှာလှုပ်ရှားဖို့အတွက် ကျင့်သားရနေတဲ့သူဖြစ်တာကြောင့် အားလုံးကိုမြင်နိုင်သည်။ ဇာနည်နဲ့သူ့ကိုနှစ်ယောက်ညှပ်ပြီး တိုက်ခိုက်တဲ့ကောင်က ဒီနေ့။ ဇာနည်မဟုတ်ဘူး သူက ဓိရာဇ်။ သူ့စိတ်ထဲမှာထပ်ပြီး ရေရွတ်လိုက်သည်။ သူ ရှာဖွေနေတာနှစ်ဝက်ကျိုးသွားပြီမဟုတ်လား။ နှစ်ဝက်ကျိုးသွားတဲ့အချိန်မှာတော့ သူရှာဖွေနေတဲ့ လူတစ်ယောက်ကိုတွေ့ရှိသွားပြီ။

အမှန်တော့ သူ ဒီအနားက အဆောက်အဦးတစ်ခုကို ပစ္စည်းပို့ခိုင်းလို့ လာပို့တာဖြစ်ပြီး ထိုအဆောက်အဦးက ပိတ်ကာရဲတချို့ကိုတွေ့တာကြောင့် သူဆက်မသွားပဲ စောင့်ကြည့်လိုက်တာ။ အဲ့ဒိတော့မှာ ဒီအဆောက်အဦးမှာ ရှိတဲ့လူတွေက လိမ်လည်သူတွေဆိုတာကို သိလိုက်ပြီး တစ်ဆက်ထဲ သူ့ရဲ့ရန်ဘက် နှစ်ယောက်ကိုပါ တွေ့ရှိသွားပြီဖြစသည်။ ထိုနှစ်ယောက်ကတော့ သူနဲ့နေ့ခင်းဘက်ဆုံရင်တောင် သူ့ကိုမှတ်မိမှာမဟုတ်ပေ။ ဘာကြောင့်လဲဆိုတော့ သူ ဒီကိုလာဖို့အတွက် သူ့မျက်နှာကို အနည်းငယ်ဖျက်ဆီးလိုက်တာကြောင့်။ ဒီနေ့၊ ဓိရာဇ်ဆိုတဲ့ နာမည်နဲ့ သူအနီးတဝိုက်မှာ ရှာဖွေဆုံစမ်းအုန်းမှာဖြစ်သည်။

ဝေလု သူနေထိုင်ရာ အဆောင်ကိုပြန်လာလိုက်ပြီး အခန်းထဲရောက်တာနဲ့ နံရံပေါ်က ပျက်လုပျက်ခါနီး tv ကိုဖွင့်ထားလိုက်သည်။ ဘေးအခန်းက အသံတွေကိုလည်းမကြားချင်တာကြောင့်ပါ၏။ ရှေ့မှာကျနေတဲ့ သတင်းစာအစုတ်ကိုကောက်ယူကာ အမှိုက်ပုံးထဲ ထည့်ဖို့လုပ်လိုက်၏။ သို့ပေမယ့် သူ့လက်တွေလေပေါ်မှာ ကြန့်ကြာသွားသည်။ ဒီနေ့မင်းလွင်ဆိုတဲ့ နာမည်ကြောင့်ဖြစ်သည်။ မှုခင်းတပ်ဖွဲ့အရာရှိ ဒီနေ့မင်းလွင် ဆိုတဲ့စာသားက သူ့ကိုပြောင်ပြနေသလို ခံစားနေရသည်။ ဆရာ့ကိစ္စဖြစ်သွားတော့ သတင်းထဲမပါ,ပါဘူးလို့ ထင်ခဲ့တာ။ ကြည့်ရတဲ့ပုံစံက ဒီနေ့မင်းလွင်တို့ ဓိရာဇ်ဆို့က လျှို့ဝှက်စစ်ဆင်ခဲ့တာလား။ သူတို့ကိုယ်တိုင် ရှေ့ကိုမထွက်ပဲနဲ့ပေါ့။ ဝေလု သတင်းစာကိုထပ်ရှာဖွေပေမယ့် ဓိရာဇ်ဆိုတဲ့ နာမည်ကိုတော့ မတွေ့ခဲ့ပေ။ သို့ပေမယ့် တစ်ယောက်ကိုလမ်းစရရင် နောက်တစ်ယောက်နဲ့နီးစပ်နေပြီမဟုတ်လား။ သူတို့နှစ်ယောက်ရဲ့ပတ်သက်မှုက ရိုးရှင်းနေတာမှမဟုတ်ပဲ။

D-Day [Complete]Where stories live. Discover now