လီဂျယ်ဟီး အိမ်သို့ရောက်လာသောအခါယောန်ဂျွန်းကဆူဘင်းနှင့် တစ်ခန်းတည်းနေဖို့ဖြစ်လာ၏ ၊ ပစ္စည်းများကို မနက်ကတည်းကပင်ဆူဘင်းအခန်းထဲရွှေ့ထားခဲ့ပြီးဖြစ်သလို nightstandပေါ်ရှိ တစ်ခုတည်းသောသူတို့နှစ်ယောက်ရဲ့ဓာတ်ပုံလေးသည်လဲ ယခုတွင် ခေါက်သိမ်းခြင်းခံလိုက်ရပြီဖြစ်သည် ၊
အခြေအနေကနှစ်ယောက်လုံးအတွက် အို့တို့အန်းတန်းဖြစ်နေနိုင်သော်လည်း ဆူဘင်းကတော့ ပကတိတည်ငြိမ်နေသည့်အလား...ဘာခံစားချက်မှမရှိသူမလို့ သူကထိုသို့နေနိုင်ပြီး ခံစားချက်တွေရှိနေသည့်ယောန်ဂျွန်းကသာ အနေရခက်နေသည်လားတော့မပြောတတ် ၊ အစကတည်းက အိပ်ပျော်ရန်ခက်ခဲတတ်သည့်သူ့အတွက်တော့ ဆူဘင်းနှင့်သာတစ်ကုတင်တည်းအတူတူရှိနေလျှင် အိပ်ပျော်နိုင်ဖို့လမ်းမမြင်တော့တာကြောင့် ခေါင်းအုံးတစ်လုံးကိုဆွဲယူကာ အခန်းထဲကဆိုဖာတွင် နေရာယူလိုက်သည် ၊ ဆူဘင်းရေချိုးခန်းထဲက ထွက်မလာခင်အိပ်ပျော်မှဖြစ်မည်...
" ချွဲယောန်ဂျွန်း အဲ့ဒီမှာဘာလုပ်နေတာလဲ "
မျက်လုံးတို့ကိုဖွင့်မကြည့်မိ ၊ သူ့တွင်ပြန်လည်ချေပစရာ စကားတို့လဲရှိမနေတာကြောင့် အိပ်ချင်ယောင်ဆောင်နေဖို့သာဆုံးဖြတ်ထားလိုက်သည် ၊
" ချွဲယောန်ဂျွန်း "
ခေါ်သံနှင့်အတူ လေပေါ်မြှောက်တက်သွားသလိုခံစားလိုက်ရသည်ကြောင့် မျက်လုံးတို့အားအလန့်တကြားဖွင့်ကြည့်မိလျှင် သူ့ကိုပွေ့ချီထားသောဆူဘင်းနှင့်အကြည့်ချင်းစုံ၏ ၊ ဘာစကားမှထွက်မလာတော့ဘဲ အာစေးမိနေသည့်သူလိုကြောင်ကြည့်နေမိသည်မှာ ကုတင်ပေါ်သို့နေရာတကျရောက်သွားသည့်အချိန်အထိ...
" ဘာ ဘာ လုပ်တာလဲ "
" ခင်ဗျားကသာ အဲ့နေရာမှာဘာသွားလုပ်နေတာလဲ "
" ငါ့ဘာသာအိပ်နေတာလေ "
" ဘာကိစ္စအဲ့မှာသွားအိပ်နေတာလဲ "
ချွဲယောန်ဂျွန်းကပြန်မဖြေ ၊ ခန့်မှန်းရခက်သည့် မျက်နှာနှင့်သာ သူ့ကိုကြည့်လာလျှင်...
" ကောင်မလေးတစ်ယောက်ကိုအိမ်ပေါ်ခေါ်တင်လာတဲ့အပြင် ခင်ဗျားကိုပါဆိုဖာမှာအိပ်ခိုင်းတယ်ဆိုပြီး လူကြားမကောင်းအောင်မလုပ်နဲ့ "