ညဦးပိုင်းလောက်က မိုးပြင်းပြင်းရွာထားသည်.. ထို့ကြောင့် စိုက်ခင်းထဲ ဘယ်သူမှ မသွားပေ... ဒီလိုမိုးရွာတဲ့အချိန်ဆို အိမ်မှာ အနားယူကြသည်... ရွာရှိလူလတ်ပိုင်းယောကျ်ားလေးများကတော့ နေ့လယ်နေ့ခင်းတွေဆိုရင် အိမ်တစ်အိမ်မှာဖြစ်စေ အိမ်ရှေ့က တလင်းထဲတွင် ခြင်းခတ်လေ့ရှိသည်... တစ်ချို့ကတော့ ရွာလယ်ဇရပ်နားတွင် ထွေရာလေးပါး စကားလက်ဆုံကြလျက်ရှိသည်... ဟိုအကြောင်း ဒီအကြောင်းပြောရင်းက သမီးရည်းစားအကြောင်းများဆီသို့ ရောက်လာသည်.. ထိုအဖွဲ့ထဲတွင် လူလတ်ပိုင်းတွေလဲပါသည်.. လူငယ်ပိုင်းတွေလဲပါသည်...
"ဟေ့ကောင် ဇင်ကို ... မင်းနဲ့ သက်ထားတို့နဲ့က သူငယ်ချင်းတွေနော်..."
"အေးလေ ဒါကို အဆန်းလုပ်မေးနေရလားဗျ.."
"အေးကွာ .. သက်ထားကလဲ တစ်နေ့တစ်ခြား လှလှလာတယ်... ငါစိတ်မချဘူးကွာ..." ရဲမင်းဆိုသူက ပြောသည်..လူငယ်အချင်းချင်း တွေ့ဆုံချိန်ဆို ဒီလိုပင် ပါးစပ်အရသာခံကာ ပြောတတ်ကြသည်.. ပါးစပ်ကလဲ တဟဲဟဲနဲ့ ရယ်ကျဲကျဲလုပ်နေသည်..
"ခင်ဗျားစကားကလဲ စိတ်မချဘူးဆိုတော့ သက်ထားနဲ့က ဘာလိုလိုညာလိုလိုနဲ့..."
"ဪ လက်တွေ့ဘဝမှာ မဖြစ်နိုင်တော့ ပါးစပ်အရသာခံရတာပေါ့ကွာ... ဟိုတစ်နေ့ကကွာ ငါသူတို့ အိမ်နားက ဖြတ်သွားတော့ သူ့ကိုတွေ့လိုက်တာ လှလိုက်တာမပြောပါနဲ့ကွာ... ဝတ်ထားတာက မြန်မာဆန်ဆန်လေးကို သပ်သပ်ရပ်ရပ် ကပ်ကပ်ချပ်ချပ်လေး .. ဆံပင်လေးကို ခပ်မြင့်မြင့်လေး စည်းထားတာ..နောက်ပြီး ဝင်းဖန့်ဖန့်မျက်နှာလေးကို ရှင်မတောင်သနပ်ခါးလေး လိမ်းထားသေးတယ်... ပြီးတော့ကွာ လက်ကလဲ ဘုရားပန်းအိုးလေးကို ကိုင်ထားတာ... ဘယ်လောက် ယဉ်လိုက် လှလိုက်လဲ တွေးကြည့်စမ်း..." ရဲမင်းသည် သက်ထားလှကြောင်းကို အာပေါင်အာရင်းသန်သန်ဖြင့် ပြောသည်..
"သက်ထား လှသလို ရင်နှစ်ကလဲ တစ်မျိူးလေး လှတာပဲဗျ ... သူတို့နှစ်ယောက်ကဗျာ... ဘယ်လိုလှကြမှန်းကို မသိပါဘူး..." ဇင်ကိုသည် မပြောတတ်၍ အားမလို အားမရပုံစံဖြင့် ဆိုသည်...
"ဒါနဲ့ ကိုကြီးမင်းခန့် ..ခင်ဗျား ရွာထဲက တစ်ယောက်ယောက်ကို ကြိတ်ကြွေနေတာမို့လား..." တစ်ချိန်လုံး ဘာစကားမှမဆိုဘဲ ငြိမ်ကုပ်နေသော မင်းခန့်ကို ဇင်ကို ပြောလိုက်သည်...
YOU ARE READING
ရင်ခွင်ကြား ခိုဝင်နားတဲ့ ချစ်သံစဉ်
Romanceမပြယ်သော မေတ္တာတရားတို့သည် ကျွန်မရင်မှ ဖြစ်တည်၍ သူ့ထံပါး ငြိတွယ်လေသည်....