မနက် အစောကြီးနိုးနေခဲ့သည်... ဘေးနားက အိပ်လျက်ရှိနေသေးသော သက်ဝေနှင့် ရတနာတို့ကိုပါ နိုးလိုက်သည် ... သူတို့က အနှစ်နဲ့အချိန်တူ ထွက်မှာဖြစ်သည်... ရေချိုးပြီးသည့်အခါ အသင့်ထုတ်ထားပြီးသားဖြစ်သော အဖြူရောင် ဝမ်းဆက်လေးကို ဝတ်လိုက်သည်.. အဖြူရောင်ဝမ်းဆက် ဆိုတာက အဖြူခံပေါ်တွင် အပြာရောင် သစ်ခက် သေးသေးလေးတွေ ပါသော ဝတ်စုံဖြစ်သည်... ပုံမှန်ဆိုရင် ပေါ့ပေါ့ပါးပါး ဘောင်းဘီဝတ်မည်ဖြစ်သော်လည်း ခင်ထားနဲ့အတူ ဘုရား ဝင်ဖူးချင်သောကြောင့် ဖြစ်သည်... မှန်ရှေ့တွင် ကိုယ့်ကိုယ်ကို ပြန်ကြည့်ရင်း သဘောကျနေမိသည်... ရိုးရိုးလေးနဲ့လဲ လိုက်ဖက်သားလို့ အထင်ကြီးမိလိုက်သေးသည်... ဆံပင်ကိုတော့ ဒီတိုင်းပဲ ထားလိုက်တာ ကောင်းမည်...
အားလုံးပြင်ဆင်ပြီးသည့်အခါ အနှစ်တို့ သုံးယောက် အဆောင်မှ ထွက်လာခဲ့သည်... မြင်းလှည်းငှားပြီး သွားရန်ဖြစ်သည်.. သက်ဝေနဲ့ ရတနာက တာထိပ်မှာ ဆင်းနေခဲ့ပြီး အနှစ်က မြို့ထဲသို့ ဆက်သွားရသည်...
အနှစ် မြို့ထဲသို့ရောက်သည့်အချိန်ထိ ခင်ထားဆီက ဖုန်းမလာသေးပေ.. နာရီကို ကြည့်လိုက်တော့ ရှစ်နာရီထိုးနေပြီဖြစ်သည်... ဒီအချိန်ဆို မကြာခင် ခင်ထား ရောက်တော့မည်... ထို့ကြောင့် ခင်ထားတို့စီးလာသည့် ကားတွေ ရပ်သည့်နေရာနှင့် မလှမ်းမကမ်းတွင် စောင့်နေလိုက်သည်...
သိပ်မကြာခင်မှာပင် ကားတစ်စီး ဆိုက်လာသည်... ထိုအထဲတွင် ခင်ထား ပါမည်ဆိုတာ သိသည်.. ထိုအချိန် ဖုန်းမြည်လာသောကြောင့် ကြည့်လိုက်ရာ ခင်ထားဆီက ဖြစ်သည်..
"အနှစ် ခင်ထားရောက်ပြီသိလား... ထွက်လာခဲ့တော့နော်..." မြန်မာဝတ်စုံ စိမ်းပြာရောင်ဝမ်းဆက်လေးနဲ့ ခင်ထားသည် လူအများကြားထဲတွင် ထင်ရှားစွာ ပေါ်လွင်နေသည်.. ဆံပင်ကို ခပ်မြင့်မြင့်လေး စည်းထားသည်... ကျောထက်ဝယ် ဆံပင်များက ဝဲကျလျက်... လက်တစ်ကိုင် ပိုက်ဆံအိတ်လေးကို ကိုင်လျက် ဖုန်းပြောနေသည်...
"အေးအေး.. ခဏလေးစောင့်ပေးခင်ထား.. အနှစ် အခုပဲ ထွက်လာပြီ..."
"ဟုတ်ပြီ .. အမှတ်တရ ဆိုင်က စောင့်နေမယ်... ဘာစားမလဲ.. မှာထားနှင့်မယ်..."
YOU ARE READING
ရင်ခွင်ကြား ခိုဝင်နားတဲ့ ချစ်သံစဉ်
Romanceမပြယ်သော မေတ္တာတရားတို့သည် ကျွန်မရင်မှ ဖြစ်တည်၍ သူ့ထံပါး ငြိတွယ်လေသည်....