နွေရာသီရဲ့ ညနေစောင်း တိမ်နီတောက်ချိန်တွင်ဖြစ်သည်... နွားကျောင်းသားငယ်တို့သည် နွားများကို ခေါ်ငင်၍ ရွာဆီသို့ ဦးတည်ပြန်လာကြသည်... ညအဝင်လမ်းမှာ ဖုန်တထောင်းထောင်းထလျှက် ရှိသည်.. တစ်ချို့ ကာလသားငယ်တို့သည် ခြင်းဝိုင်းတွင် ခြင်းခတ်လျှက် ရှိကြသည်... တစ်ချို့က ထိုခြင်းဝိုင်းနှင့် ခပ်လှမ်းလှမ်းတွင် တည်ရှိသော ကွမ်းဆိုင်တွင် ရှိနေကြပြန်သည်... မင်းခန့်တို့ သူငယ်ချင်းသုံးယောက်မှာ မူကား ကွမ်းယာဆိုင်ရဲ့ အရှေ့ဘက် ခုံတန်းတွင် စကားပြောနေကြသည်...
"မင်းခန့်ကြီးက မမိုက်ပါဘူးကွာ.. တည်ငြိမ်တာထက်ကို ကျော်လွန်နေပါပြီ.." ဝေယံရဲ့ အစမရှိ မဆုံးမရှိ စကားကြောင့် ကျွန်တော်ရော ဖိုးဇော်ပါ လှည့်ကြည့်လိုက်သည်.. ဝေယံစကားက ဘာကို ရည်ညွှန်းတာလဲ ဆိုတာ ကျွန်တော်တို့ သိသည်..
"ဟ ငါ့ကောင့်ရ.. ရူးရူးမိုက်မိုက် လုပ်ရအောင်လဲ ငါက ဆယ်ကျော်သက်ကလေး မဟုတ်ဘူးကွ.. မင်းတို့ ပြောတာက လွယ်တယ်.."
"အဲတာနဲ့ပဲ ရင်နှစ်သည်းမွှာဆိုတဲ့ ကောင်မလေးပြောသမျှ ခေါင်းငုံ့ခံလာရတယ်ပေါ့.. အဲကလေးမကလဲ ဘာကောင်မလေးမှန်းမသိပါဘူး... ကာယကံရှင်က ဘယ့်နှယ်မှ မနေရဘူး.. သူက ဘာဖြစ်နေတာလဲ မသိဘူး.. မင်းကလဲ ထုံလွန်း အ,လွန်းပါတယ်.. အဲရင်နှစ် ဘာဖြစ်နေနေ ဂရုမစိုက်နဲ့ကွာ.. သက်ထားကတောင် ဘာမှ မပြောတာ .. ဆက်ပြီး လိုက်နေငါ့ကောင်ရ.. သိပ်မကြာခင်အချိန်လေးမှာ ကောင်မလေး မင်းဘက်ကို ပါကို ပါလာစေလိမ့်မယ်.." ဖိုးဇော်က ကွမ်းတံတွေးကို ဖျစ်ကနဲ့ ထွေးထုတ်ရင်း ပြောသည်..
"ငါကတော့ အဲလို မထင်ဘူး.. သူတကယ် မချစ်လို့သာ ရင်နှစ်ပြောတာတွေ လက်ခံတာပေါ့.. သူသာ ချစ်နေတယ်ဆိုရင် ငါ့ကောင်ကြီးကို လက်ခံမယ်လို့တော့ ငါထင်တယ်.." ဝေယံပြောသောစကားက ကျွန်တော့် နားကို ခါးသက်စေသည်... တစ်ချို့အမှန်တရားတွေက လက်ခံရန် ခဲယဉ်းတတ်ကြသည်..
သို့သော်လည်း..
"ငါလဲ အဲတာကိုထောက်ခံတယ်.. ငါ့ကိုသာ တကယ်ချစ်ခင်တဲ့စိတ်ဖြစ်မိရင် ရင်နှစ်ပြောတာလဲ နားဝင်လိမ့် မယ် မထင်ဘူး.. အခုက သူကကို ငါ့ကို မချစ်နိုင်ပါဘူးလို့ အပြတ်ငြင်းထားတာကွ.." ကျွန်တော့်အတွက် ခါးသီးပေမဲ့ လက်ခံရမည် အမှန်တရားပင်...
YOU ARE READING
ရင်ခွင်ကြား ခိုဝင်နားတဲ့ ချစ်သံစဉ်
Romanceမပြယ်သော မေတ္တာတရားတို့သည် ကျွန်မရင်မှ ဖြစ်တည်၍ သူ့ထံပါး ငြိတွယ်လေသည်....