ပထမဆုံးကျောင်းတက်ရတဲ့ ပထမတစ်ပတ်သည် ပျော်ရွင်ဖွယ်ရာမရှိ... ခြောက်ကပ်ကပ်ဖြင့် ကုန်ဆုံး လာခဲ့သည်.. အနှစ်ရဲ့ စိတ်အစဉ်သည် ရွာ၌ ကျန်နေခဲ့ဟန်.. အချိန်တိုင်း ခင်ထားဆီသာ ရောက်နေ တော့သည်.. ဆရာ စာသင်တာလဲ စိတ်မဝင်စားနိုင်.. ခင်ထားအကြောင်းတွေသာ ခေါင်းထဲ ဝဲနေတော့သည်... ခင်ထားနဲ့ ပတ်သက်ပြီး အနှစ် ပြတ်သားစွာ ဆုံးဖြတ်ရတော့မည်.. ပျော်စရာဆိုလဲ ပျော်ပစ်လိုက်ချင်ပြီ... ဝမ်းနည်းစရာဆိုလဲ ဝမ်းနည်းလိုက်ချင်တော့သည်.. အခုက မတင်မကျနဲ့ နေရတာ သိပ်ခက်သည်...
ကျောင်းသွားမည့် အချိန်ကျမှ မိုးကရွာနေပြန်သည်... ရာသီဥတုက အေးစိမ့်စိမ့်ဖြစ်သောကြောင့် အပေါ်ထပ်လက်ရှည် ဝတ်လိုက်သည်... နှာစည်းခေါင်းဆိုးဖြစ်ရင် နေရခက်သည်... စာသင်နေတဲ့အချိန်တွေဆို ပိုဆိုးသည်...
"မိုးကလဲ လုပ်ပြီ... ကျောင်းသွားတော့မယ်ဟေ့ဆိုရင် ရွာပြီ.. စနေ တနင်္ဂနွေနေ့တွေက ရွာပါ့လား... ဇိမ်နဲ့ကွေးချင်ပါတယ်ဆိုမှ..." ရတနာက ထီးကို ဖွင့်ရင်း ရွာနေသော မိုးကိုကြည့်ကာ မကျေမနပ် ပြောနေသည်..
"ရာသီဥတုလေးကတော့ ငါ့အကြိုက်လေးပဲ.. ကျောင်းသွားရမှာက ခက်နေတာ... အေးစိမ့်စိမ့်မိုးတဲ့.. အင်း ဒီရာသီ ပြီးရင် ချမ်းစိမ့်စိမ့်ဆောင်း ရောက်တော့မယ်..." သက်ဝေက တံစက်မြိတ်မှ ကျနေသော မိုးရေစက်တွေကို လက်နဲ့ ခံထားရင် ပြောသည်...
အနှစ်ကတော့ သူတို့စကားထဲလဲ ဝင်မပြောမိ... မိုးရေစက်တွေ တဖွဲဖွဲရွာကျနေတာကိုသာ အကြောင်းမဲ့ ငေးကြည့်နေခဲ့မိသည်.. သက်ဝေနဲ့ ရတနာက တစ်ယောက်ကိုတစ်ယောက်မေးဆတ်ပြကာ အနှစ်ကို ကြည့်နေတာ မျက်လုံးထောင့်စွန်းမှာ မြင်နေရသည်... သူတို့လဲ အနှစ်ကို တစ်စုံတစ်ရာ ပြောချင် မေးချင်ကြပေလိမ့်မည်.. အမှန်က အနှစ်လဲ သူတို့ကို ရင်ဖွင့်ပြချင်မိသည်.. အနှစ် ခံစားနေရတဲ့ ခံစားချက်တွေကို နားထောင်ပေးမယ့်လူ.. အနှစ်ရဲ့ ဖြစ်တည်မှုကို လက်ခံပေးမဲ့သူ တကယ်ကို လိုအပ်သည်..
နွေမှာလဲ လွမ်းခဲ့ရပြီ.. မိုးမှာလဲ လွမ်းရပြန်သည်.. ဆောင်းရောက်လာပြန်ရင်လဲ တစ်ဖန် လွမ်းရအုံး တော့မည်.. အနှစ်ရင်ထဲက အလွမ်းသည် ရာသီတိုင်းမှာ ဖူးပွင့်နေတော့သည်.. ခင်ထားဆိုတဲ့ အလွမ်းစိုင်လေး အနှစ်ရင်ထဲ ရှိနေခဲ့ခြင်းကြောင့်ဖြစ်သည်.. ခင်ထားကိုတော့ ရာသီတိုင်းမပြောနဲ့ နီးလျက်နဲ့ လွမ်းရသည်.. မြင်နေလျက်နဲ့လဲ လွမ်းရသည်.. ကြားနေလျက်နဲ့လဲ လွမ်းရပါသည်... ဝေးသွားရင် ဆိုဖွယ်မရှိ.. မမြင်ရတော့ရင် ဆိုဖွယ်မရှိ.. မကြားရတော့ရင် ဆိုဖွယ်မရှိ.. ထို့ကြောင့် စိန္တေရှင် မြတ်ဘုရားထံတွင် အကြိမ်ကြိမ်အခါခါ ဆုတောင်းတာက ဘဝဆက်တိုင်း မခွဲမခွာ အတူနေရပြီး အမြဲမြင်ခွင့်,တွေ့ခွင့်ကိုပဲ ဆုတောင်းခဲ့တာပင်.. ဒီကမ္ဘာကြီးမှာ အနှစ် စွဲစွဲမြဲမြဲ လိုချင်ခဲ့သောအရာသည် ခင်ထား တစ်ယောက်သာ ရှိသည်.. အနှစ်လိုချင်ခဲ့သော တစ်ခုတည်းသောအရာကိုတော့ ကျွန်မ ပိုင်ဆိုင်ချင်မိသည်.. အဲတာကိုတော့ အတ္တကြီးတယ်လို့ မဆိုစေချင်ပေ..
YOU ARE READING
ရင်ခွင်ကြား ခိုဝင်နားတဲ့ ချစ်သံစဉ်
Romansaမပြယ်သော မေတ္တာတရားတို့သည် ကျွန်မရင်မှ ဖြစ်တည်၍ သူ့ထံပါး ငြိတွယ်လေသည်....