အပိုင်း(၄)

2.2K 172 3
                                    

Unicode

"အောက်အီးအီးအွတ်"

အိမ်၏နောက်ဖေးရှိဖျောက်ဆိပ်ပင်ယံထက်
မှ ကြက်ဖကြီး၏ တွန်ကျူးသံကြောင့် အိပ်ရာမှနိုးလာရသည်။
စိမ်းတို့အိမ်မှာ တိုက်ကြက်ဖနှစ်ကောင်ရှိသည်။ယခုမှာမူ တစ်ကောင်တည်းတွန်နေသည်။တစ်ကောင်မှာတော့ ဘယ်ရောက်နေသလဲ စိမ်းမသိပါ။အိမ်က ညီအစ်ကိုနှစ်ယောက်ထံပါသွားတာဖြစ်လိမ့်မည်။

တစ်ဆက်တည်းမှာပဲ ရွာဦးကျောင်းဆီမှ အုံးမောင်းခေါက်သံကိုကြား‌လိုက်ရသည်။
ရွာမှာက ဘုန်းကြီးကျောင်းနှစ်ကျောင်းရှိသည်ဟု စိမ်းအဖိုးပြောပြထားသည်။
အုံးမောင်းခေါက်သံက တောင်အရပ်ဆီမှကြားနေရသည်မို့ ရွာဦးတောင်ကျောင်းကဖြစ်ပါလိမ့်မည်။
မကြာလိုက်ပါ။ရွာမြောက်ကျောင်းဆီမှ တရားဓမ္မဖွင့်သံကိုကြားလိုက်ရသည်။

အိုးသံခွက်သံတညံညံနှင့် အိမ်အောက်မှာတော့ အရီးသောင်းထမင်းဟင်းချက်ပြုတ်နေပြီထင်သည်။
ထို ဆူညံညံအသံများမှာစိမ်းတို့တစ်အိမ်တည်းတော့မဟုတ်ပါ။ဘေးပတ်ပတ်လည်အိမ်များမှလည်း အလားတူဆူဆူညံညံအသံများကိုကြားနေရပြီဖြစ်သည်။
ကျေးငှက်ကလေးများ၏
'တကျွီကျီ'အော်မြည်သံများကလည်း မနက်ခင်း၏တေးသံသာတစ်ခုပင်။

"မမယု နိုးသွားပြီလား"

စိမ်းကိုအဖော်ရစေရန်ဆိုကာ စုမြတ်ကစိမ်းနဲ့အတူတူအိပ်သည်။

"အင်း..ဒီရွာကလူတွေက အစောကြီးထကြတယ်နော်"

"အစောကြီးထမှဖြစ်တာလေ မမယုရဲ့...မနက်လင်းရင် တောထဲသွားတဲ့သူကသွားနဲ့ ၊ထင်းခုတ်ထွက်တဲ့သူကထွက်နဲ့ ဒီအချိန်လောက်ထမှ နေမမြင့်ခင် အလုပ်ခွင်ရောက်တာကိုး"

"ဪ"

စိမ်းကတော့ ထိုသို့အစောကြီးမထဖူးခဲ့ပါ။
သို့သော် နောက်ကျလွန်းသည်အထိလည်းမအိပ်တတ်ပါ။

"အမေသောင်းထနေပြီထင်တယ်
မမယု...ကျွန်မလည်း အမေ့ကိုအလုပ်ကူလုပ်ပေးရမှာမလို့ ထတော့မယ်"

ဤအိမ်မှာလူတိုင်းကအလုပ်ကိုယ်စီလုပ်နေကြသဖြင့် စိမ်းအနေဖြင့်ဘာအလုပ်မှမလုပ်ဘဲနေရတာ စိတ်တော့မဖြောင့်လှပါ။
စိမ်းမှာ အပိုလူသဖွယ် ဖြစ်နေရသည်။

တွယ်နှောင်ရစ်ငင်(Completed)Where stories live. Discover now