အပိုင်း(၂၆)

1.5K 134 7
                                    

Unicode

"နှောင်း"

"ရှင် စိမ်း"

"သူ့ကိုဘာတွေပြောလိုက်သလဲလို့မေးထားတာကို"

"ဘာမှတော့အထွေအထူးမပြောလိုက်ပါဘူး။
ကျွန်မရဲ့အတွေးလေးကိုနည်းနည်းလေးပြောပြရုံလေးပါ"

သူ့အတွေးလေးနည်းနည်းပါတဲ့‌။
သူ့အတွေးနည်းနည်းက မာန့်ကိုဘယ်လောက်ထိနားဝင်စေသလဲဆိုတာသိချင်မိသည်။စိမ်းကတော့ သူဘာပြောပြောနားဝင်လွယ်သလို၊နားခံချင်စိတ်ဖြစ်မိတာလည်းအခါခါ။

"ဘာအတွေးတွေလဲ နှောင်း။သူကရော နှောင်းပြောတာကိုလက်ခံရဲ့လား"

"လောလောဆယ်တော့ သူချက်ချင်းကြီးလက်ခံလို့ရဦးမယ်မထင်ပါဘူး။နောင်ကျရင်တော့ သူ့အနေနဲ့လက်ခံတာမျိုးဖြစ်နိုင်ပါတယ်"

"ဘယ်လိုစကားတွေများပြောလိုက်တာမလို့လဲ "

သူည် မတ်တတ်ရပ်နေရာမှ ကွတ်ပျစ်ပေါ်သို့သွားလိုက်သည်။စီးထားသော ကတီပါဖိနပ်အနီရောင်လေးအားချွတ်ပြီးဟန်ပါပါထိုင်လိုက်သည်။

"စိမ်းကို သူချစ်တဲ့ပုံစံဟာ မှားယွင်းနေကြောင်းနဲ့။ သူ့ကိုယ်သူပိုချစ်နေကြောင်းကိုပြောလိုက်မိတယ်စိမ်း"

"ဪ"

စိမ်းနဲ့အတူ လက်ပံပွင့်တွေအတူကောက်ခဲ့တဲ့နေ့က စိမ်းကိုသူပြောပြဖူးတဲ့ ယူဆချက်နဲ့ဆင်တူစကားတွေဖြစ်လိမ့်မည်။

"ကျွန်မအနေနဲ့ လူတစ်ယောက်အပေါ် သူ့စိတ်သဘောထားကို ထင်မြင်ချက်မပေးသင့်မှန်းသိပါတယ်။ ဒါပေမဲ့လည်း သူ့ကိုယ်သူတောင် စိမ်းအပေါ်မှာဘယ်လိုချစ်သလဲဆိုတာ ကွဲပြားမသိဘူး စိမ်း။ဒါကြောင့်မို့ပြောလိုက်တာပါ"

"အင်း.. မာန့်ကိုအတ္တကြီးတယ်လို့မြင်မိတယ်မလား"

"နည်းနည်းပါ။သူ့ကို အများကြီးပြောရမယ်ထင်ထားခဲ့ပေမဲ့ သူက သူ့ကိုယ်သူမြင်လွယ်တယ် စိမ်း။ကျွန်မပြောတာကို သူဆင်ခြင်မိပုံပါပဲ။ချက်ချင်းတော့ သူလက်မခံနိုင်သေးဘူးပေါ့။ကျွန်မ ယူဆချက်တွေကို သူလက်ခံဖို့ခက်ခဲနေမှာ"

စိမ်း သိချင်မိသည်။စိမ်းနဲ့သူသည်ချစ်ပုံခြင်းမတူကြပေ။သူက စိမ်းအပေါ်မှာ ချစ်ရင်တောင်ထိန်းချုပ်မျိုသိပ်နိုင်စွမ်းရှိဟန်တူ၏။အခြေအနေတစ်ခုကြောင့် စိမ်းကိုလက်လွှတ်ရမည်ဆိုရင်တောင် ဘာမှမငဲ့ဘဲ လက်လွှတ်လိမ့်မည်။
စိမ်းကတော့ သူ့အပေါ်မှာ ပိုင်ဆိုင်လိုစိတ်ရှိနေသည်။သူပြောသလို ပိုင်ဆိုင်ချင်စိတ်ဟာအတ္တဆိုရင် စိမ်းမှာလည်းသူ့ကိုပိုင်ဆိုင်ချင်တဲ့အတ္တစိတ်ကလေးရှိနေမိသည်။
သူ့လိုမျိုးအကြောင်းတစ်ခုခုကြောင့်လက်လွှတ်ရမှာမျိုးဆိုရင်တောင် လက်မလွှတ်နိုင်ပါ။

တွယ်နှောင်ရစ်ငင်(Completed)Where stories live. Discover now