နှစ်ပေါင်းများစွာ ခွဲခွာခဲ့ရတဲ့ဇာတိမြေလေးမို့ ခြေချလိုက်ကတည်းက နွေးတသိမ့်သိမ့်ခံစားချက်ကိုခံစားလိုက်ရတယ်။အတ္တကြီးတယ်ပြောပြော၊ဇီဇာကြောင်လိုက်တာလို့ဘဲဆိုဆို ကိုယ့်မြေ ကိုယ့်ရေကမှ ပိုပြီးလတ်ဆတ်သလို၊ရှူရတဲ့လေကအစ စိတ်ကိုကြည်လင်သွားစေတယ်လို့ခံစားရတယ်။ရုတ်တရက်ကြီး မြန်မာပြည်ကိုပြန်လာခဲ့ရပေမယ့် နေလင်း ဒီတစ်ခါပြန်လာတာဟာ အပြီးပြန်လာတာဖြစ်ဖို့လည်းများတယ်။ကားနောက်ခန်းမှာ စာအုပ်တစ်အုပ်ကို အေးအေးလူလူဖတ်နေရင်း သဘာဝလေကိုခံစားဖို့ ကားမှန်ကိုလည်းချထားမိတယ်။သူစီးလာတဲ့ကားလေးဟာ ငြိမ့်ကနဲရပ်သွားတော့ စာအုပ်ကိုပိတ်ပြီး ခေါင်းမော့ကြည့်လိုက်တယ်။သူ့အမြင်အာရုံကို ဖမ်းစားသွားတာက ကျွန်းနဲ့အဓိကဆောက်ထားပြီး ခမ်းနားထည်ဝါတဲ့ရှေးဟောင်းအိမ်ကြီးတစ်လုံး။တစ်နည်းအားဖြင့် သူရဲ့ငယ်ဘဝအမှတ်တရတွေများစွာရှိခဲ့တဲ့သူ့ရဲ့အိမ်။သူက သီးသန့်နေထိုင်ရတာကိုနှစ်သက်သူမို့ အိမ်ခွဲနေတယ်ဆိုပေမယ့် ရေမြေခြားကပြန်ရောက်ရောက်ချင်းမှာတော့ မိသားစုဆိုတဲ့အသိုက်အမြုံဆီပြန်ခိုရတာဘဲ။တမေ့တမောငေးနေတုန်းမှာ ကားဒါရိုက်ဘာဦးလေးရဲ့ဟွန်းသံဟာ နှစ်ချက်ဆက်တိုက်ထွက်လာတော့ ပျံ့လွင့်နေတဲ့သူ့အာရုံတွေကိုစုစည်းလိုက်တယ်။အချိန်သိပ်မကြာလိုက်ဘဲ ခြံထဲကနေ လူငယ်လေးတစ်ယောက်ထွက်လာပြီး တံခါးလာဖွင့်ပေးတယ်။ကားကို ခြံထဲမောင်းဝင်သွားလိုက်ပြီး အိမ်ထဲခြေချလိုက်ချိန်မှာဘဲ ပြောင်လက်နေတဲ့ပရိဘောဂတွေဟာ မျက်စိပဒေသာဖြစ်စေတယ်။ကျယ်ဝန်းလှတဲ့အိမ်ကြီးထဲမှာ လူလေးဆယ်ယောက်တောင်မပြည့်တော့ အရာရာဟာငြိမ်သက်အေးဆေးနေတယ်။
"မောင်ငယ် နောက်ဆုံးတော့ပြန်လာပြီပေါ့ကွယ်။မမကြီးတို့မှာ မျှော်လိုက်ရတာ။မတွေ့တာကြာတော့ အသားတွေကလည်း ဖွေးစွတ်လို့။သိပ်ခန့်လာလိုက်တာကွယ်။အသက်လေးဆယ့်တစ်နှစ်ရယ်လို့ ဘယ်သူကယုံမလဲ"
ခရီးဝေးက ပြန်ရောက်ရောက်ချင်း ခရီးဦးကြိုတာက နေလင်းထွဋ်ရဲ့မရီးဖြစ်သူ ဒေါ်ဖူးသက်ဝေ။သားနဲ့ခင်ပွန်းကိုသိပ်ချစ်ပြီး အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်တဲ့မမကြီးဟာ မေမေအားကိုးရတဲ့ချွေးမကောင်းတစ်ယောက်ပေါ့။ရိုးရှင်းပြီး မြန်မာဆန်တဲ့မမကြီးဟာ အဝါနုရောင်မြန်မာဝမ်းဆက်နဲ့ကျော့ရှင်းနေတယ်။မိန်းမသားတို့ရှိသင့်ရှိထိုက်တဲ့ကောက်ကြောင်းအလှတွေနဲ့ချပ်ရပ်နေတဲ့ ကိုယ်ဟန်အနေအထားကြောင့် ကျက်သရေအဖြာဖြာနဲ့လည်းပြည့်စုံနေပြန်တယ်။ပါးကွက်ကြားကိုခြယ်မှုန်းထားတဲ့သနပ်ခါးနံ့လေးက ခပ်သင်းသင်းလေးတိုးဝင်လာတော့ ဘာရယ်မဟုတ်ရှူရှိုက်လိုက်မိတာက စိတ်ကိုကြည်သွားစေတယ်။ဒီအိမ်မှာရှိသမျှအမျိုးသမီးတိုင်းက ရှင်မတောင်သနပ်ခါးစစ်စစ်ကိုသာ အရင်ကတည်းက လိမ်းလေ့ရှိကြတော့ အထူးအဆန်းတော့မဟုတ်။
![](https://img.wattpad.com/cover/374147212-288-k240135.jpg)
YOU ARE READING
My Mother's Ex Became My Beloved Hubby
Romansaဦးနေလင်းထွဋ်×စိုင်းစက်ဉာဏ်ခ အသက်နှစ်ဆယ်ကျော်ကွာပြီး ဦးနဲ့ချာတိတ် ဇာတ်လမ်းလေးပါ။ ချစ်ခြင်းမေတ္တာကိုဘဲ ဦးစားပေးမှာမို့ ခပ်ငြိမ့်ငြိမ့်လေးပါဘဲ။