Nephew-Extra-14

1.9K 200 37
                                    

Nephew-Extra-14

(မိုးမခကြည်စင်-၂)

"ကျွန်တော် မစ္စတာမိုးသားတို့ အိမ်ကို သွားတဲ့ လမ်းမှာ ရောက်နေပြီ ဘာပဲဖြစ်ဖြစ် မသွားခင်မှာ ကိုမိုးသားတို့ မိသားစုနဲ့ တစ်ခါလောက်တော့ ဆုံသွားချင်တာ"

ဖုန်းချသွားသည်နှင့် သူ ထရပ်လိုက်ပြီး နောက်မှီထိုင်ခုံပေါ်က အပေါ်ဝတ်ကို ဆွဲယူပြီး Note Book ယူကာ အိမ်ကို တန်းပြန်ဖို့ ပြင်လိုက်သည်။

အတွင်းရေးမှုး ဖြစ်သူ အောင်ကောင်းက အတွင်းရေးမှူးအဖွဲ့ကို ညွှန်ကြားနေရာမှ သူ ထွက်သွားတော့ အနောက်ကနေ ခြေလှမ်းကျဲများနှင့် လိုက်ပါလာ၏။

"ဘော့စ် ဘယ်သွားမလို့လဲ နောက်ဆယ်မိနစ်ကျရင် ဘဏ်ရှယ်ယာရှင်တွေနဲ့ အစည်းအဝေး ရှိနေတာ"

"ခဏဆိုင်းထားဖို့ ပြောလိုက်... ငါ့ကို မစောင့်ခိုင်းနဲ့... မင်း ငါ့နောက်က လိုက်လာခဲ့... ပြီးတော့ သိန်းဇော်တို့ကိုပါ နောက်ကားတစ်စီးနဲ့ လိုက်လာဖို့ ပြောလိုက်..."

သိန်းဇော်တို့ကိုပါ လိုက်လာဖို့ ပြောလိုက်သည်နှင့် သူ့အတွင်းရေးမှူး အောင်ကောင်း အခြေအနေက အတော်လေး ရှုပ်ထွေးသည်ဟု တွက်ဆမိသွားပြီး ဖုန်းဆက်ကာ အလုပ်ရှုပ်သွားတော့သည်။

ဖုန်းသုံးကော ဆက်ပြီးသည်နှင့် အောင်ကောင်းက ဓာတ်လှေကားတံခါးကို ဖွင့်ပေးရင်း ပြောလာသည်။

"ကျွန်တော် ကားနဲ့ မင်းဆက်ကို စောင့်နေဖို့ ပြောထားတယ်"

"ကောင်းပြီ"

မင်းဆက်က သူတို့အဆင်သင့် ဖွဲ့စည်းထားသော သက်တော်စောင့်များထဲက အတော်ဆုံးဟု ဆိုနိုင်သည့် တစ်ယောက် ဖြစ်သည်။ သူ မငြင်းလိုက်တော့ပေ။

ကားထဲမှာ ဝင်ထိုင်ပြီးသည်နှင့် နာရီကို တစ်ချက် ကြည့်လိုက်ပြီး လေးငယ်ဆီ ဖုန်းတန်းခေါ်လိုက်၏။ သည်အချိန် လေးငယ်က အိမ်မှာ ထမင်းပြန်စားတာ ဖြစ်ဖြစ် အနားယူတာ ဖြစ်ဖြစ် လုပ်လိမ့်မည်။

ဖုန်းဝင်သွားတော့ လေးငယ်က တန်းထူးသည်။

"လေးငယ် မစ္စတာမားဗစ်နဲ့ တစ်ခုခု ရှိတာလား။ သူက ကျွန်တော်တို့အိမ်ကို လာမယ်လို့ ပြောနေတယ်။ ပြီးတော့ သူ့သားကိုပါ ခေါ်လာမယ်တဲ့။ သူက မူကြိုကျောင်းက ကိစ္စကို မကျေမလည် ဖြစ်နေတာလားဆိုတာ ကျွန်တော် မသိဘူး။ အခု ကျွန်တော် လမ်းမှာ... ပြီးတော့... သားကို လေးငယ်အနားမှာ ခေါ်ထားလိုက်တော့ သူတို့ ကျွန်တော့်ထက် စောပြီး ကြိုရောက်လာရင် ဧည့်ခန်းမှာ စောင့်ခိုင်းထားလိုက် လေးငယ်နဲ့သားက ဆင်းမလာနဲ့ ကျွန်တော် ရောက်လာမှ ဆင်းလာခဲ့... ဟုတ်ပြီလား"

NephewWhere stories live. Discover now