Extra-1

29.8K 2K 170
                                    

*****အထူးသတိပြုချက်၊ အာသာသည် တရားလွန်အောင် အဝေဖန်ခံနိုင်သူ မဟုတ်ပါကြောင်း*****

Nephew- Extra

@@@@@@@

ဂျီဂျီနဲ့ ပြေလည်သွားပြီးနောက်မှာ ကျွန်တော် လုပ်စရာရှိတာတွေအတွက် အလုပ်ခန်းထဲမှာပဲ နေဖြစ်တယ်။ တစ်လကျော်ကျော်လောက် ပစ်ထားတဲ့ အလုပ်ကိစ္စဘက်ကို အာရုံစိုက်လိုက်တော့မှ ပစ်ထားမိတာ တော်တော်ဆိုးတယ်လို့ ခံစားမိတယ်။ အလုပ်တွေ ကြားထဲမှာ ခေါင်းစိုက်နေပြီးမှ သုံးရက်လောက်ဟာ ထိုင်နေရာကကို မထနိုင်အားဘူး အခြေအနေမျိုးကို ကြုံတွေ့ရတယ်။

ထိုင်ခုံမှာ ပက်လက်လှန်ပြီးတော့ ခေါင်းကိုက်နေတာကို လက်ညိုးနဲ့ အသာလေး နှိပ်နေတုန်းမှာ အေးစက်စက် လက်ချောင်းတချို့က နဖူးပြင်ပေါ်ကို ကျလာတော့ မျက်လုံးလှန်ကြည့်မိတယ်။ ဂျီဂျီ၊ သူ့လက်ချောင်းတွေနဲ့ ကျွန်တော့်နားထင်ကို အသာလေး ဖိပွတ်နေတဲ့ ဂျီဂျီက မျက်မှောင်ကုတ်ထားလျက်ဖြင့် မကျေမချမ်း ရေရွတ်တယ်။

'သုံးရက်တောင် အိမ်ပြန်မလာဘူး'

မကျေမနပ် ဆိုပေမယ့် ကျွန်တော်ကလည်း မပြန်ဖြစ်တာကြောင့် ခေါင်းညိတ်ပြမိတယ်။ ခပ်တိုးတိုး ဝန်ခံလိုက်တယ်။

'အင်း'

'ဘာကို အင်းတာလဲ၊ ပြန်မယ် ထ'

ဒီဟာလေး ဘယ်တုန်းက ကျွန်တော့်ကို အမိန့်ပေးဖို့ အခွင့်အရေးတွေ ပိုင်ဆိုင်သွားတာပါလိမ့်၊ တစ်သက်လုံး ကျွန်တော် ပြောတာ နာခံခဲ့တဲ့သူက အခုကျ ကျွန်တော့်ကို ပိုင်ပိုင်နိုင်နိုင် စီးစီးပိုးပိုးတွေ လုပ်နေတယ်။ ကျွန်တော်ထက် ပိုပြီးတော့ ရင့်ကျက်တဲ့ ပုံစံနဲ့ ကျွန်တော့်ကို အမိန့်လာပေးနေတဲ့ သူ့ကို ကျွန်တော် အငေးသားကြည့်နေမိတယ်။ ဒီအခြေအနေမျိုးကို တုန့်ပြန်ဖို့ထက် ကြောင်အနေဖို့သာ ကျွန်တော် တတ်နိုင်တယ်။

ကျွန်တော်က မထသေးတော့ သူက ကျွန်တော့်မျက်နှာနားထိ ငုံ့မိုးလာပြီးမှ နားရွက်အနားမှာ မခံချင်စဖွယ် ခပ်တိုးတိုး ပြောတယ်။

'လေးငယ် အိမ်ပြန်လာဖို့ ကြောက်နေတာလား'

သူ မေးလိုက်တာကမှ အိမ်ပြန်ဖို့ ကျွန်တော်ကြောက်နေတာလား ဆိုတာကို အစကနေ ပြန်တွေးမိတယ်။ ကြောက်စရာ၊ အင်း ကြောက်စရာက ရှိသားပဲ။ အဲ့ဒီကြောက်စရာဆိုတဲ့ ပယောဂ တစ်စိတ်တစ်ဒေသ ကြောင့်များ ကျွန်တော် အလုပ်များနေတယ် ဆိုတဲ့ အကြောင်းပြချက်ကို မရအရ ယူပြီး အလုပ်ခန်းထဲမှာ နေနေတာလား။ တွေးလိုက်မိခြင်းမှာ ဖြန်းခနဲ နားထင်တွေ ပါးရိုးတွေ ရှိန်းတက်သွားပြီး ရှက်သွေးတက်သလို ခံစားချက်က ကျွန်တော့်ကို ပက်လက်လှဲနေရာက ကုန်းထစေတယ်။

NephewWhere stories live. Discover now