Extra-7

9.6K 1.2K 26
                                    

ကျောင်းက သုံးလအနားရတော့ အစပိုင်းမှာ ကျောင်းမှာပဲ နေဖို့ တွေးမိပေမဲ့ ပြန်ဖို့ကို မရမက နားပူနားဆာ လုပ်နေတဲ့ ဂျီဂျီကြောင့်မို့ မဖြစ်မနေ ပြန်ခဲ့ခြင်းကို ရောက်တယ်။ ဂျီဂျီက အလုပ်တွေနဲ့ ပိနေလို့ ကျွန်တော်နဲ့ လာမတွေ့နိုင်တာကို သူ့ဖာသာ မကျေမနပ် ဖြစ်နေပုံလည်း ရသေးတယ်။

လူကသာ ကြီးပြင်းလာသလို ရင့်ကျက်လာသလို ပုံစံတွေ ပြောင်းလဲသွားပေမဲ့ သူ ဖြစ်ချင်လာရင် ဒီဟာလေး ဇွတ်ဆိုမှ ဇွတ်..။ ဘယ်လိုမှ လက်ခံအောင် ရှင်းမပြနိုင်တော့တဲ့အဆုံး ကျွန်တော်က ထုတ်ပိုးသိမ်းဆည်းပြီးတော့ လေယာဉ်လက်မှတ် မှာလိုက်ရတယ်။ မမှာလို့လည်း မရဘူး။

ဒီနေ့ ဒီရက်အထိ ဆိုပြီး ရက်ကို အကန့်အသတ်နဲ့ ဆိုလာတော့ မဖြစ်မနေ ပြန်လာရတယ်။ ကျွန်တော်ကလည်း သူ နှစ်ခါကနေ သုံးခါချွဲရင် ဒဏ်ခံနိုင်တာ ဆိုတော့ ရုပ်တည်နဲ့ နေပေမဲ့ လိုက်လျောပေးဖို့ အဆင့်သင့် ဖြစ်မိနေတာ။ ဒါကို သူ နားလည်လား နားမလည်လား ကျွန်တော် မသိဘူး။ တစ်ခါတစ်လေ ကျွန်တော်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ဝေးကွာခြင်း နီးကပ်ခြင်းနဲ့ မဆိုင်ဘူးလို့ ဆိုရမယ်။

လေယာဉ်ဆိုက်တော့ ကွင်းထဲမှာ လာကြိုမဲ့သူ မရှိ ယောင်ချာချာနဲ့..။ အခါတိုင်း တစ်သက်လုံး ဒီသုံးဆယ်ကျော်အထိ နေလာတဲ့ နိုင်ငံက ကြိုမဲ့သူ မရှိတာနဲ့ဘဲ ခြောက်ကပ်ပြီးတော့ စိမ်းသက်နေသလို ခံစားရတယ်။ တော်သေးတာက လက်ထဲမှာ လက်တော့အိတ်တစ်လုံးနဲ့ လက်ဂေ့အိတ် တစ်လုံးတည်း ပါလို့..။

ကားငှားပြီး ပြန်မလို့ တွေးမိပြီး လမ်းပေါ် ထွက်ဖို့ ပြင်လိုက်မှ ကမန်းကတမ်း ပြေးလာတဲ့ သူ့ကို လှမ်းတွေ့လိုက်တယ်။ သူက အရေးကြီးသုတ်ပျာဟန်နဲ့ အပေါ်ထပ်တောင်မှ လက်မှာ တန်းလန်းဆွဲလာတယ်။ ဒီလိုကျတော့လည်း သူက အလုပ်တွေ ပိနေပြီး အလိုက်မသိဘဲနဲ့ ဖြစ်သွားမလား ဆိုတာကို တွေးမိတယ်။

အနားထိ ရောက်လာပြီးမှ သူက အတန်ငယ် မောနေသေးဟန်နဲ့ သူ့ဒူးတွေကို ကွေးလိုက်ပြီး ဒူးပေါ် လက်ဖဝါးကို တင်လိုက်ပြီးမှ အမောဖြေတယ်။

"ဘာလို့ ဒီအထိ ပြေးလာတာလဲ.. အိမ်ကျမှ တွေ့လည်း ရနေတာပဲ"

ဂျီဂျီက မော့ကြည့်လာပြီး ပြောတယ်။

NephewWhere stories live. Discover now