Extra-4

18.7K 1.7K 118
                                    

Nephew (Extra-4)

@@@@@@@@@

တဖြည်းဖြည်းနဲ့ ကျောင်းသွားတက်ဖို့ ရက်က နီးလာနေပြီ။ ဂျီဂျီက အစမဖော်ပဲနဲ့ ကျွန်တော်လည်း ကျောင်းတက်ဖို့ကို စ မပြောတတ်ဘူး။ သွားဆိုတာကို ပြောပြီးကတည်းက ဂျီဂျီက သူ့နေ့စဉ်ကိစ္စတွေကိုပဲ လုပ်တယ်။ အဲ့ကိစ္စကို ထပ်မပြောတော့ဘူး။

ကျွန်တော်က တစ်ဘဝလုံး ဂျီဂျီ့ကိစ္စတွေကို ကိုယ်တိုင် လုပ်ပေးခဲ့ပေမယ့် ကိုယ့်ကိစ္စမှာကျတော့ တစ်ခါမှ တိုင်ပင်ဖူးတာ မဟုတ်ဘူး။ အဲ့လိုဆိုတော့ အခုကျမှ ကိစ္စတွေကို တိုင်ပင်ဆွေးနွေးမယ် ဆိုတာက နည်းနည်း နေရခက်နေတယ်။ ကျွန်တော်က သူ့ကိစ္စတွေကို လုပ်ကိုင်ဖူးပေမယ့် သူက အရင်တုန်းက ကျွန်တော်ကိစ္စတွေကို ဝင်ပါခဲ့ဖူးတာ မဟုတ်ဘူး၊ ကျွန်တော်ကလည်း ဝင်ပါစေဖို့ ခွင့်ပြုဖူးတာ မဟုတ်တော့ အစကနေ ပြန်စဖို့က တော်တော်လေး အနေခက်စေတယ်။

ကျောင်းတက်ဖို့ မတက်ဖို့ကိုလည်း ဆွေးနွေးပြီးတာလည်း မဟုတ် မဆွေးနွေးတာလည်း မဟုတ်။ ကျွန်တော်စုံစမ်းထားသလောက်ပဲ ပြင်ဆင်ထားမိတယ်။ ကျောင်းအဆောင်မှာ အလကားနေခွင့်ကိုတော့ စကော်လာရတဲ့ ကျောင်းသားနဲ့ တခြားအဆင်မပြေတဲ့ ကျောင်းသားတွေကိုပဲ ဦးစားပေးလိုက်ဖို့ ဆုံးဖြတ်ထားတာကြောင့် ကျောင်းနဲ့ သိပ်မဝေးတဲ့ အိမ်နေအဆောင်တစ်ခုကို ခြောက်လအရင်ဆုံး ငှားလိုက်ဖို့ကို ဟိုဘက်က အသိနဲ့ ဆက်သွယ်ထားလိုက်တယ်။

ကျောင်းသွားတက်တာ ဘာညာကျတော့ ဟိုဘက်က လိုင်စင်တွေ ဘာတွေ ခက်နေမှာ ဆိုတော့ စက်ဘီးတစ်စီးကို ဟိုကျမှ ဝယ်ဖို့ တွေးထားတယ်။ ကျောင်းတက်ရင်းနဲ့ ဒီကြားထဲ အလုပ်က နားနေမှာ ဆိုပေမယ့် ဟိုကျရင် အလုပ်တစ်ခု လုပ်ဖို့လည်း တွေးထားတယ်။ တွေးထားတယ် ဆိုပေမယ့် ဒါက အချိန်ပိုင်းအလုပ်လို ပုံစံမျိုး ဖြစ်နေမှာကိုတော့ အီလည်လည် ဖြစ်နေမိသေးတာ။ အခုထိ ကိုယ်ပိုင်ဝင်ငွေနဲ့ ရပ်တည်နေခဲ့တာမို့ ကိုယ်ပိုင်ဝင်ငွေ ရပ်သွားရမယ့်ကိစ္စက နည်းနည်းတော့ ကြောင်တောင်တောင် ဖြစ်နေမှာစိုးလို့သာ အလုပ်လုပ်ဖို့ တွေးထားမိတာ။ တကယ်တမ်းကျ မလုပ်လည်း ကျောင်းကိစ္စဘာညာနဲ့ လက်ရှိငွေက လုံလောက်ရုံမက လွန်တောင်လွန်နေပြီးသားပါ။

NephewWhere stories live. Discover now