Unicode
"ဟန်နာ....မင်းအတွက် စာတစ်စောင်ရောက်နေတယ်"
"ဟုတ်ကဲ့...ယူလာပေးလို့ ကျေးဇူးနော်"
ဟန်နာက လူနာတွေရဲ့အိပ်ရာခင်းခေါက်နေရာမှ ခဏရပ်ကာ စာအိတ်ကိုဖောက်ကြည့်မိလိုက်သည်။
"ဘယ်သူများလဲ....ငါ့ဆီ စာပို့မဲ့လူလည်းမရှိပါဘူး"
ဇဝေဇဝါဖြင့် စာရွက်ကိုဖြန့်ကြည့်လိုက်တော့ ခပ်သွယ့်သွယ့်လက်ရေးများဖြင့် ရေးသားထားသော စာကြောင်းတစ်ကြောင်း.....
'သိပ်မကြာခင် မင်းဆီကို လာခဲ့မယ် ယွန်းဟန်နာ......'
တစ်ကောင်ကြွက်ဖြစ်တဲ့ဟန်နာ့မှာ အသိမိတ်ဆွေဆိုလို့ ဆေးရုံကဝန်ထမ်းများသာရှိပေသည်။အခုလို ခပ်ကြောင်ကြောင်နိုင်တဲ့စာကို ဘယ်သူကများ ပို့လိုက်တာလဲ။လူမှားပို့တယ်ပြောရအောင်လည်း စာရဲ့အဆုံးမှာ ကိုယ့်နာမည်အပြည့်အစုံက ပါနေသေးသည်။
"ဘယ်သူများပါလိမ့်...."
စဥ်းစားရကျပ်နေစဉ်မှာပဲ ကိုယ်ရှိရာကို တဖြည်းဖြည်းလျှောက်လာသော ရိပေါ်ကိုတွေ့လိုက်ရ၍ ဟန်နာက စာရွက်ကို စာအိတ်ထဲသို့သာ ပြန်ခေါက်ထည့်ကာ အနီးနားက စားပွဲပေါ်တွင် တင်ထားလိုက်သည်။
"ရိပေါ်...."
ဟန်နာကသာ လှမ်းခေါ်လိုက်ပေမဲ့ ရိပေါ်ကမကြားဘဲ ဟန်နာရှိနေသောအဆောင်ကို ဖြတ်ကျော်သွားလေသည်။ထို့အပြင် ထိုက်ရန်ဆိုသည့်သူနှင့်လည်း ဘေးချင်းယှဉ်လမ်းလျှောက်ကာ စကားပြောရင်း ပြုံးနေကြသေးသည်။
ဘယ်ချိန်ကတည်းက ရိပေါ်ဟာ ထိုက်ရန်ဆိုသည့်သူနဲ့ ရင်းနှီးသွားရတာလဲ။ထိုက်ရန်ဆိုတဲ့သူဟာ သူ့ကိုယ်သူစာရေးဆရာဟုသာဆိုေနပေမဲ့ ဟန်နာကတော့ မယုံပါ။
သူ့ရဲ့ အပြုအမူများနှင့် အပြောအဆိုများမှာ နူးညံ့သော်လည်း စာရေးဆရာတစ်ယောက်၏အသွင်နှင့် လုံးဝမျှမတူ.....သေချာ လုပ်ယူထားသလားဟုပင် ထင်ရလေသည်။အမှန်ဆို ထိုလူနဲ့ ရိပေါ် ရင်းနှီးနေသည်ကို ဟန်နာ လုံးဝသဘောမကျပေ။ထိုလူဟာ ဘယ်သူပဲဖြစ်နေပါစေ ရိပေါ်အပေါ် ထိခိုက်လာမည်ကိုတော့ တကယ်ပင်စိုးရိမ်မိသည်။