Unicode
နွေရာသီစခန်းချခရီး မတိုင်မီ မနက်ခင်း။လုဟယ့်ရန် လင်ယွီမျန့်ရဲ့စံအိမ်သို့ တစ်ယောက်တည်း ကားမောင်းလာခဲ့သည်။
လက်ထောက်က လင်ယွီမျန့် လက်မှတ်ထိုးပေးထားသော စာချုပ်များကို စုစည်းသိမ်းဆည်းလိုက်ပြီး လုဟယ့်ရန်အား ခေါင်းညိတ် အရိုအသေပြုလျက် စာရွက်စာတန်းတစ်စုနှင့်အတူ ထွက်သွားခဲ့သည်။လင်ယွီမျန့် ဘောပင်ကို လက်က ချလိုက်သည် --- စုတ်တံကို ပြောင်းကိုင်ကာ ပတ္တူစထက်တွင် ဂျပန်နှင်းဆီပွင့်များကို ဆေးခြယ်နေသည်။
" ဒီတစ်ခေါက် နွေရာသီစခန်းချခရီးက ၁ လဝန်းကျင် ကြာမှာမလား "
" အင်း။ လေ့ကျင့်ရေးကျောင်းက လာမယ့်စာသင်နှစ်ကို ၂၅ ရက်လောက် စောစော စထားမယ်တဲ့ "
" စခန်းချခရီးက S မြို့တော်ကိုလား "
" ဟုတ်တယ် "
လင်ယွီမျန့်က ပြုံးသည်။
" ပြည်ထောင်စုအစိုးရဋ္ဌာနနဲ့ တစ်မြို့တည်းဆိုတော့ ပါးတို့တွေ မင်းမွေးနေ့ပွဲကို အဆင်ပြေပြေ လုပ်လို့ရပြီ "
လုဟယ့်ရန် ငါးကို တိတ်ဆိတ်စွာ ခေါင်းငုံ့ အစာကျွေးနေသည်။
" အနာဂတ်အတွက် သား ဘာစီစဉ်ထားလဲ "
လင်ယွီမျန့်က မေး၏။
" ကျွန်တော် တတိယနှစ် ၊ ပထမစာသင်နှစ်ဝက်ကျိုးရင် ပြည်ထောင်စုတက္ကသိုလ်ကို လျှောက်မယ်။ ဝင်ခွင့်ရတာနဲ့ အဲဒီကို စာကြိုလေ့လာဖို့ သွားလိုက်မယ် "
ဟိုးအတိတ်ကတည်းက စီစဉ်ထားနှင့်ခဲ့သော လမ်းကြောင်းကို လုဟယ့်ရန် အသံနိမ့်နိမ့်ဖြင့် တုံးတိတိ ရွတ်ပြသည်။
" အဲဒီနောက်ပိုင်း တက္ကသိုလ်တက်နေတုန်း သား စေ့စပ်ရမယ် ၊ ပြည်ထောင်စုအစိုးရဋ္ဌာနမှာ အလုပ်သင်ဆင်းမယ် ၊ ဘွဲ့ရပြီးတဲ့အချိန်ကျ နိုင်ငံရေးလောကထဲကို ဖြောင့်ဖြောင့်တန်းတန်း ဝင်လာမယ် ၊ လက်ထပ်မယ် ၊ ကလေးမွေးမယ်။ ဒါဆို အသက် ၃၀ မပြည့်ခင်မှာတင် ပြည်ထောင်စုရဲ့အတွင်းပိုင်းအုပ်ချုပ်ရေးထဲကို သား ခြေချနိုင်လိမ့်မယ် "