Special Extra

482 27 2
                                    

၁၉၉၅ ခုနှစ်
မြန်မာသက္ကရာဇ် ၁၃၅၇ ခုနှစ် ၊
ဝါခေါင်လဆန်း

~အို‌..တောင်ပြုန်းခေါ် ပွဲတော်ကြီး နီးလာပြီ
လာ… ကိုမြို့မ.. ကျွန်မနဲ့တွဲ သွားပါရစေ

ဪ.. အနောက်ကနေ ယောက်ဖရေ ခေါ်နေသည်..

ဪ… အနောက်ကနေ ယောက်ဖရေ ခေါ်နေသည်….~

ဝါဆိုလကုန်ခါနီးတည်းက ဒီသီချင်းသံကို နေရာအနှံ့မှ ကြားနေရပြီး အထူးသဖြင့် နတ်ကတော်များမှ ပိုလို့ ဖွင့်လေ့ရှိသည်။

အခုလို ဝါခေါင်လဆန်း ၅ရက်၊ ၆ရက် ဆိုရင်ဖြင့် အိမ်ရှိ လူအကုန် ဖင်တကြွကြွဖြင့် ပြင်ဆင်နေကြလေပြီ။ မန္တလေးမြို့ရှိ လူအများမှာ တောင်ပြုန်းပွဲသို့ နှစ်တိုင်း မပျက်မကွက်သွားရလေ့ရှိသည်။ အဘယ်ကြောင့်ဆို တောင်ပြုန်းမင်းနှစ်ပါး ကိုယ်တော်ကြီး၊ကိုယ်တော်လေးတို့မှာ မိရိုးဖလာနတ်များ ဖြစ်ကြသောကြောင့် ဖြစ်သည်။

အိမ်က နှမခင်ပျို ‘နွယ်’ ကလည်း ပုပ္ပါးသူ တစ်ပိုင်းဖြစ်နေလေရာ ‌အခုလို တောင်ပြုန်းနတ်ရာသီများ ရောက်ရင် မသွားရမနေနိုင်ဖြစ်လာ၏။ ပုပ္ပါးမယ်တော် ပွဲမှစပြီး တောင်ပြုန်းပွဲထိ တစ်ပွဲမှ သူ မလွတ်ပါလေ။

“မောင်… မောင်ရော အတူလိုက်မယ်မလား”

“လိုက်မှာပေါ့ နွယ်ရယ် … မောင် ကားစီစဉ်ပြီးပါရော”

“ကောင်းပါပြီရှင် … ဟိုရောက်ရင် စကားနားထောင်ဖို့တော့ မျှော်လင့်ပါတယ်ရှင့်”

မျက်နှာရှေ့ကျဆင်းနေသော ဆံနွယ်လေးကို နားရွက်ကြား ညှပ်ပေးရင်း ဦးလေးမောင်ကြီး ပြန်ပြောလိုက်သည်။

“မောင့်မိန်းမ မကြိုက်တာ…မောင် မလုပ်ဝံ့ပါဘူးဗျာ”

“ဟွန့်”

နှာခေါင်းလေး ရှုံ့ပြကာ နွယ် က အနောက် မီးဖိုချောင်ထဲ ဝင်သွားမှ ဦးလေးမောင်ကြီး လည်း စာရင်းဆက်တွက်ရသည်။

စိန်မိသားစု ပွဲရုံက အနောက်ပြင်တစ်ခွင်တွင် အတော်ကြီးစိုးထားပြီး အနောက်ဘက်ကမ်း ညောင်ပင်သာရွာ၊ဟင်းရွက်စုရွာမှစပြီး ရွာတော်တော်များများရဲ့ ထွက်သမျှ ပဲ၊နှမ်း တို့ကို စိန်မိသားစု ပွဲရုံတွင်သာ လာသွင်းကြ၏။

// Sinn in Rhythm //Where stories live. Discover now