မြတ်နိုးရပါသော "ငယ်"
"သား ဇွဲ … ငယ်လေးဆီသွားမှာမလား ဒီနေ့ "
ဇွဲ ငယ်လေးကို မျက်နှာချင်းမဆိုင်ချင်ပါ။
အလိုလိုက်ထားမိ၍ ဆိုးနေသော ထိုကလေးအား မှတ်လောက်သားလောက်ဖြစ်အောင်တော့ သင်ခန်းစာပေးရမည်။"မသွားဘူး အမေ… သူနဲ့လည်းဆော့ပေးဖို့အချိန်မရှိဘူး… စာကျက်ရမယ်လေ စာမေးပွဲနီးနေပြီ … စနေ တနင်္ဂနွေ နှစ်ရက်မှမကျက်ရင်လည်း ဇွဲ မှာစာကျက်ချိန်မရှိတော့ဘူး "
"ဒါဆို အမေပဲ ဆန်ပြုတ်သွားပို့လိုက်တော့မယ် … အမေက ဇွဲငယ်လေးဆီ သွားမယ်ထင်လို့ "
"ဘာဖြစ်လို့လဲ …ဆန်ပြုတ်ပို့တာက "
"ငယ်လေး နေမကောင်းဘူးလေ သား…
ငယ်လေး နေမကောင်းဖြစ်ရင် အမေပြုတ်ပေးနေကျဆန်ပြုတ်ပဲစားတတ်တာသားသိသားနဲ့ "ဇွဲ စိတ်ထဲထင့်သွားသည်။
ငယ်လေးက ပုံမှန်ဆို သိပ်ချူချာတတ်သည်မဟုတ်။"အမေ ဒါဆို ဇွဲ သွားကြည့်လိုက်ဦးမယ် "
ဇွဲလည်း ဆန်ပြုတ်ထည့်ထားသော စတီးချိုင့်လေးယူကာ ငယ်လေးဆီသို့ဦးတည်လိုက်သညိ။
"အန်တီ ငယ်လေးရှိတယ်မလား?"
"သြော် သားဇွဲ ငယ်လေးရှိတယ် သူ့အခန်းထဲမှာ … အိပ်နေတယ်ထင်တယ် "
"ဟုတ် သွားလိုက်ဦးမယ် ဒါနဲ့ အမေကလည်းဆန်ပြုတ်ပေးခိုင်းလိုက်တယ် … "
"ကျေးဇူးပဲ ဇွဲ "
ဇွဲ အခန်းတံခါးကိုအသာလေးဖွင့်ကာ ဝင်လာမိတော့ အိပ်ရာထက် လဲလျောင်းနေသော ကလေးငယ်…။
မသိမသာ သူ့နားချဉ်းကပ်သွားလိုက်ပြီး သူ့နဖူးထက် လက်တင်ကာ အဖျားစမ်းမိတော့ ငယ်လေးလှုပ်လှုပ်ရှားရှားဖြစ်လာသည်။"ကို … ဇွဲ "
"ငယ်လေး နိုးပြီလား ?"
"ကိုဇွဲ … ငယ်လေးကို စိတ်မဆိုးပါနဲ့ နော် … ငယ်လေး ကိုဇွဲ ဖန်လုံးလေးကို တမင်ဖျက်စီးတာမဟုတ်ပါဘူး "
မျက်ရည်လေးဝဲကာပြောလာသော ငယ်လေးကြောင့် သနားလာရပြန်သည်။
