မြတ်နိုးရပါသော " ငယ် "
ဈာန့်ကိုကျောင်းမထွက်ဖို့နဲ့ စာထဲအာရုံစိုက်ဖို့နားချရင်း သူနဲ့ကျွန်တော် အပေးအယူတစ်ခုလုပ်ဖြစ်ခဲ့လေသည်…။
သူ့ကိုစာသင်ပေးနေတဲ့အချိန် မဒီနဲ့ဖုန်းမပြောရ Message မပို့ရဆိုပြီး အမိန့်တစ်ခုသူကထုတ်ခဲ့ပြန်တယ် …။
အဲ့ဒါဆို သူစာသေချာလုပ်မယ်ဆိုပြီး ပြောလာလေရဲ့…။
အင်း…~ မဒီ့ကိုတော့ အားနာမိပေမယ့် ဈာန့်ပညာရေးကပိုအရေးကြီးတယ် မဟုတ်လားလေ…။
"ကိုဇွဲ ပြီးပြီ တွက်ထားတာ စစ်ပေး"
"အာ ဟုတ်ပြီ "
-
-
"အင်း…~ ဒီတခါ အကုန်မှန်တယ် … ဈာန်က တော်ရဲ့သားနဲ့စာမလုပ်တာကိုး …။"
"အခု ကျွန်တော်စာကြိုးစားနေပါတယ် ကိုဇွဲရာ "
"သိပါတယ် သိပါတယ် … ကဲ Physics စာအုပ်ထုတ် "
"ဟုတ် ဒီမှာကိုဇွဲ … ဟို ကျွန်တော် အောက်မှာရေခဏသွားသောက်လိုက်ဦးမယ် ရတယ်မလား?"
"အင်း အင်း … သွား"
ဈာန်အောက်ခဏသွားနေစဉ် ခုံပေါ်တင်ထားသော Physics ပုံနှိပ်စာအုပ်ကိုလှန်လှောကြည့်မိသည်။
ထိုစဉ် စာရွက်ကြားထဲညှပ်ထားသော စာတစ်စောင်…။
တွေဝေနေခြင်းအလျဉ်းမရှိပဲ ညီညီညာညာခေါက်ထားသောစာရွက်ကိုဖွင့်ဖတ်ကြည့်မိတော့ သေသပ်လှပသောလက်ရေးတစ်စုံဖြင့်
" ဘုန်းထက် "
နင့်ကိုလူကိုယ်တိုင်လာမပြောရဲလို့ အခုလို စာနဲ့ ရေးပြီး အရဲစွန့်ပြီးပြောလိုက်တာပါ။ဒီလုပ်ရပ်က မိန်းကလေးတစ်ယောက်အတွက်သိက္ခာကျတယ်ဆိုပေမယ့် ငါနင့်အပေါ်ထားရှိနေတဲ့ စိတ်ထားတွေကိုနင်မြင်အောင် ငါချပြသင့်တယ်ထင်လို့။
ငါနင့်ကို သိပ်ချစ်တယ် ဘုန်းထက်။
ကျေးဇူးပြုပြီး ငါ့ကို အထင်မသေးပါနဲ့နော်… ။
ငါနင့်အဖြေကို ဘယ်လောက်စောင့်ရစောင့်ရ စောင့်ပါ့မယ် ကျေးဇူးပြုပြီးငါ့ကိုမငြင်းပါနဲ့နော်… ဘုန်းထက်။
စာလည်းဆုံးရော ကျွန်တော် တော်တော်အံ့အားသင့်မိသည်။
Oh god !! မိန်းကလေးဘက်ကစဖွင့်ပြောရတဲ့ခေတ်ရောက်နေပြီလား လို့တောင် သြချမိသည်။
ကျွန်တော်တော့ ထိုမိန်းကလေးကိုနားမလည်နိုင်။
ကျွန်တော့်ကို ခေတ်ရေစီးကြောင်းနောက်မှာ ကျန်ခဲ့တယ်ပြောပြော ယောက်ျားလေးဘက်ကသာစဖွင့်ပြောသင့်တာမဟုတ်လား? သြော် ~ ၂၁ရာစုခေတ်ကိုက ပြောင်းပြန်ဇောက်ထိုးတွေဖြစ်နေပါပေါ့လား။
