မြတ်နိုးရပါသော " ငယ် "
ကိုဇွဲ နှင့် ငယ်လေး မခေါ်မပြောဖြစ်နေသည်မှာ ၃ရက်ပင်ရှိခဲ့ပြီ…။
အရင်ကဆို ငယ်လေးနဲ့မခေါ်ရင် တစ်ရက်တောင်မနေနိုင်တဲ့သူဟာ အခုတော့ ပြောင်းလဲပြီတဲ့လား??
ကိုဇွဲ မခေါ်ရင် မနေနိုင်သည်ကတစ်ကြောင်း…
ကိုယ့်ဘက်က အမှားလုပ်မိတာကတစ်ကြောင်းမို့ ကိုဇွဲကို ငယ်လေးဘက်ကသာ စခေါ်ဖို့ဆုံးဖြတ်ချက်တွင်တွင် ချလိုက်မိသည်။"အန်တီမေ ကိုဇွဲရော ?"
"ဟင် ငယ်လေး သားဇွဲက ကျောင်းသွားပြီလေ… အန်တီက တူတူသွားတယ်ပဲထင်နေတာ "
"သြော် ဟုတ်လား? ဒါဆိုလည်း ငယ်လေးသွားတော့မယ် "
အရင်နေ့တွေက စိတ်ဆိုးနေလို့ ကိုဇွဲ ထက်ဦးအောင် အိမ်ကနေစောစောထွက်ခဲ့မိသော်လည်း ဒီနေ့ တော့ ကိုဇွဲကို တောင်းပန်မည်ဟူသောအတွေးတို့နှင့် ကိုဇွဲကို ဝင်ခေါ်သော်ငြား ကြားလိုက်ရသော စကားတို့ကြောင့် ရင်ထဲတင်းကြပ်လာမိသည်။
.
.
.
ငယ်လေး နေ့လယ်ဘက် Break Time ကိုသာ အမြန်ရောက်ချင်မိသည်။ကိုဇွဲ အတန်းကိုသွားပြီး တောင်းပန်စကားဆိုရမည်။
ကိုဇွဲနဲ့ အဆင်မပြေနဲ့အချိန်တွေဆို စိတ်ထဲလေးလံကာ ဘာလုပ်လုပ် တစ်ခုမှ အဆင်မပြေချေ…။
အရှေ့မှာ စာသင်နေတာကိုလည်း လုံးဝအာရုံမရ။
ကျောင်းခေါင်းလောင်းတီးမည့်အချိန်ကိုသာ မျှော်လင့်နေမိလျက်……။🔔🔔🔔🔔
ခေါင်းလောင်းတီးသွားပြီ…
ဆရာမကို နှုတ်ဆက်ပြီးသည်နှင့် မုန့်ဈေးတန်းတောင်မသွားနိုင် ကိုဇွဲရှိရာ ဆယ်တန်းအဆောင်ဘက်သို့ ပြေးလာမိသည်။ကိုဇွဲ အတန်းရှေ့အရောက် အပြင်ကနေ လှမ်းကြည့်မိတော့ အတန်းထဲမှာ လူအနည်းငယ်ရှင်းနေသည်။ကိုဇွဲကတော့ Ball Pen နဲ့စာအုပ်ကိုအသုံးပြုကာ တခုခုရေးနေဟန်ရှိသည်။
"ကိုဇွဲ "
ကိုဇွဲရှေ့မှာရပ်လိုက်ကာ သူ့နာမည်ကိုခေါ်လိုက်မိတော့ မော့မကြည့်လာပဲ စာရေးနေတဲ့လက်က တချက်တုံ့ဆိုင်းသွားသည်။
နောက်တော့ သူစာသာဆက်ရေးနေသည်။