31.7.2017
(အခန်း ၁)
တိတ်ဆိတ်မှုခြောက်သွေ့မှုတို့ကြီးစိုးနေပေမဲ့..ယောက်ယက်ခတ်ခြင်းများပါဝင်ရောစပ်နေသည့်နေရာ ။ ကျယ်ပြန့်သော...ဝမ်းနည်းမှုများကိုထွေးပိုက်ထားသော အသိုင်းအဝန်း(သို့)အဆောက်အဦး ။
နွေအကုန်မိုးကူးသောရာသီအချိန်အခါသည် ပူပြင်း၍အုံ့ဆိုင်းနေ၏ ။ လေပူတစ်ဖြူးဖြူးကြောင့် သစ်ရွက်ကလေးများလှုပ်ခါသွားလေသည်။မြို့တွင်းမဟုတ်သည်မို့ ..လေရဲ့ဝှေ့တိုက်မှုနှင့်ထိတွေ့ခွင့်ရ၏။
BMW 335d အနီရောင်စိုစိုကားလေးထဲမှ ဆင်းသက်လာသူရဲ့ ခြေလှမ်းတို့သည်..ထိုအဆောက်အဦးထဲသို့ ဖြောင့်တန်းစွာလှမ်းဝင်နေပြီဖြစ်သည်။
အဆောက်အဦး၏အဝင်နှင့်ကွဲပြားသွားသည်မှာ အသံပင်ဖြစ်သည်။ ကျယ်လောင်သောအသံများပေါ်ထွက်နေသည်မဟုတ်ပေမဲ့... ခပ်တိုးတိုးအသံများစုစည်းမှုမှာ တိုးတိတ်၍တော့မနေ။ ဤနေရာနှင့်ကျွန်တော်သည်..မစိမ်းပါ။ ခြေလှမ်းတို့နှေးနေရခြင်းမှာ လူသားတစ်ယောက်၏စာနာစိတ်ကြောင့်ပင်ဖြစ်လေသည်။ ငါသာဆိုလျှင်..ငါ့မိသားစုသာဆိုလျှင်ဟူသောစာနာစိတ်သည် ထိုသူများအားပို၍ကရုဏာသက်စေ၏။ ဤနေရာသည်...
' စိတ်ကျန်းမာရေးဆေးရုံကြီး '
"ဒေါက်တာက မန္တလေးကနော်.."
တည်ငြိမ်သောနေထိုင်ပုံကြောင့် အေးငြိမ်းနေသည့်ဆေးရုံအုပ်ကြီး၏အမေးစကား..။ အခန်းတစ်ဝိုက်သို့မသိမသာဖြင့်လေ့လာနေသော ကျွန်တော့်အကြည့်တို့ကို ဆရာကြီးထံပုံချရတော့၏။
"ဟုတ်ပါတယ်ခင်ဗျာ.."
"မန္တလေးသားလားကွဲ့ .."
"မဟုတ်ဘူးဆရာ ။ ရန်ကုန်ဇာတိပါ..."
"ဩော်..မင်းပုံစံကအသားညိုညိုဆိုတော့ ဆရာက အညာသားထင်နေတာ..."
ဆရာကြီးသည် သူ့အတွေးကိုရယ်ရယ်မောမောဖြင့် ပြန်ပြောလေသည် ။
"အညာသားဆိုလည်းရပါတယ်ဗျာ။ မြန်မာသီချင်းကြီးတွေထဲမှာ အညာမြေကိုလှလှပပဖော်ပြသလို အညာသူအညာသားတွေကိုလည်း ရိုးရိုးသားသားပုံဖော်ပြထားတော့ ကျွန်တော်အညာသားဖြစ်ရမှာမနစ်နာပါဘူး ဆရာ.."
"ဟေ..မင်း အဲ့ဒီမှာပဲ လူလည်ကျတဲ့ရန်ကုန်သားစရိုက်ပေါ်လာပြီကွ။ဟားဟား.. "
ပွင့်လင်းပျူငှာပြီး ဂုဏ်မဝင့်တတ်သောဆရာကြီးမှာ..ကျွန်တော်ကြားထားဖူးသလို သဘောကောင်းမနောကောင်းပင်ဖြစ်လေသည်။
"အားနာပေမဲ့ကွာ အားနာနာနဲ့ပဲ..ဘယ်နေ့ အလုပ်စဝင်မလဲလို့မေးပါရစေ ။ခရီးပန်းနေမှာကိုသိပေမဲ့...အခု ဆေးရုံမှာဆရာဝန်အရေအတွက်ကလုံလောက်မှုမရှိဘူး ။ လူနာတွေက နေရာစုံကနေတိုးလာတော့..လူနာနဲ့ဆရာဝန် အင်အားမမျှသလိုဖြစ်နေတယ် ။"
"ဟုတ်ကဲ့ လေယာဉ်ခရီးဆိုတော့မပင်ပန်းရပါဘူး ဆရာ။ ကျွန်တော်...အဆင်သင့်ဖြစ်တာနဲ့ဂျူတီစဝင်မှာပါ။"
"အေး ကောင်းတယ်ကွာ...ကျေးဇူးတင်.."
"ဒေါက် ဒေါက် ..''
ဆရာကြီးရဲ့စကားစကိုဖြတ်တောက်လိုက်သည့်တံခါးခေါက်သံကြောင့် ဆရာကြီးရဲ့အာရုံသည် တံခါးဆီသို့ရောက်သွား၏ ။
"အေး၊ ဝင်ခဲ့လေ..."
ဆရာကြီးကအသံပြုသောအခါ...တံခါးကိုတွန်းဖွင့်ဝင်လာသည့် သူနာပြုဆရာမလေးတစ်ယောက်။
"ဘာဖြစ်လို့လဲ သက်မာ.."
ဆရာကြီးက စိုးထိတ်စွာမေးလိုက်သည်။
"သူလေးပေါ့ ဆရာ။ အစာမစား ဆေးမသောက်နဲ့၊ သမီးလည်းစိတ်ညစ်လာပြီ။"
လူနာတစ်ယောက်ရဲ့အကြောင်းပင်ဖြစ်ရမည်။သူနာပြုက ညည်းညူ၍ပြောသည်။
"ခဏကြည့်ထိန်းထား..သက်မာ။ သမီး အဲ့ဒီကောင်လေးကို မနေ့တနေ့ကမှစောင့်ကြည့်ရတာမဟုတ်ဘူးလေ။ဒီဆေးရုံမှာ သူ့အကြောင်းကိုသမီးပဲအသိဆုံး။"
"သူလေးခေါင်းမာတာကို ဆရာလည်းအသိပဲကို.."
သူနာပြုမှာ ဆရာကြီးကိုယ်တိုင်ထိုင်ခုံမှထပြီး လူနာကိုလိုက်ကြည့်စေချင်တာထင်သည်။ ဆရာကြီးကို ပူဆာနေသည့်ပုံစံမှာ နွေးထွေးခြင်းရှိသည်။
"ကဲ..အဲ့ဒါဆို သမီးသွားနှင့် ၊ ဆရာလာခဲ့မယ်။ ခဏတော့ ကြည့်ပြီးဖျောင်းဖျထား။ အဲ့ဒီကောင်လေးက ငါ့စကားလည်းနားထောင်တာမဟုတ်ဘူး ။ ပြောမရဆိုမရပါကွယ် ။''
"ဟုတ်ကဲ့..ဆရာလာမှာဆို သမီးသွားနှင့်မယ်။ ဒါနဲ့ ဒီနေ့ရောက်တဲ့ မန္တလေးကဒေါက်တာထင်တယ်။"
သူနာပြုမလေးသက်မာသည် တတ်ကြွစွာမတ်တပ်ထရပ်ပြီးမှ..သူမဘေးနားရှိ ဒေါက်တာကိုရည်ညွှန်း၍ မေးလိုက်သည် ။
"ဟုတ်တယ် ။ ဒေါက်တာ့နာမည်က ထူးခြားပိုင်တဲ့ ။ဒေါက်တာလိုအပ်တာတွေ ကူညီပေးလိုက်ကြဦး ။ "
ဆရာကြီးက တစ်ခါတည်းမိတ်ဆက်ပေးပြီး အမှာစကားပါခြွေလိုက်သည် ။ သက်မာသည် ဟုတ်ကဲ့ပါဆရာဟူ၍ဆရာကြီးစကားကိုနားထောင်ပြီး အပြုံးဖြင့်ထွက်သွားလေသည်။
"မောင်ထူးခြား.. "
ဆရာကြီးက ကိုယ့်နာမည်ခေါ်လိုက်စဉ်...လူကသတိအနေအထားဖြစ်သွားသည်။
"ဟုတ်ကဲ့ ဆရာ။"
"ဆရာ မင်းကိုအကူအညီတောင်းချင်တာပါ။"
"ဗျာ..ဟုတ်ကဲ့ ။ ဘာကူညီပေးရမလဲ ဆရာ။"
"ဆရာ မင်းကိုလူနာတစ်ယောက်ရဲ့ တာဝန်ခံဆရာဝန်အဖြစ်ထားချင်တယ်။ပြီးတော့ တခြားလူနာတွေလည်းကြည့်ပေးရမယ်ဆိုတော့ မင်းအဆင်ပြေပါ့မလား။ အားတော့မနာနဲ့နော်... မလုပ်နိုင်ရင်လည်းပြော.."
လူနာတွေအများကြီးထဲမှ တစ်ယောက်ကိုပိုပြီးဂရုစိုက်လိုက်ရလို့ ပိုပင်ပန်းရမည်မဟုတ်ပါ။ ဆရာကြီး၏တောင်းဆိုမှုဖြစ်သည့်အပြင် ၊ အထူးလုပ်ပေးရမည့်ကိစ္စမဟုတ်သဖြင့် ကျွန်တော်လက်ခံလိုက်သည်။
"အားမနာပါနဲ့ ဆရာ။ ကျွန်တော်အကောင်းဆုံးကြိုးစားပါ့မယ်။"
"ကဲ..ဒါဆို ၊ ဆရာ လူနာကောင်လေးကိုလိုက်ပြမယ်။"
ထိုင်ခုံမှဦးဆောင်ထပြီးထွက်သွားသောဆရာ့နောက်သို့ ကျွန်တော်လည်းလိုက်ခဲ့ရသည်။ လမ်းတစ်လျှောက် ဆရာကြီးကိုနှုတ်ဆက်သူများအား ဆရာကြီးကပြန်လည်နှုတ်ဆက်နေရင်းမှ...
"အခုသွားကြည့်မယ့်လူနာက သူ့ကိုယ်သူသတ်နေတာပဲ။ ခန္ဓာကိုယ်ကိုမှမသတ်ရရင် စိတ်ကိုသတ်နေတာ။ အသက်ကငယ်သေးတော့ တက်လမ်းရှိတယ်။ ဆရာကတော့ ဒီအတိုင်းပစ်မထားရက်ဘူး။ အခုကတည်းကကြိုတောင်းပန်တယ်ကွာ အဲ့ဒီကောင်လေးကိုသည်းခံပြီး သေချာဂရုစိုက်ပေးပါ။"
လျှောက်လမ်းတစ်လျှောက်လှမ်းလာရင်းပြောနေသောဆရာ့စကားများကိုနားထောင်ပြီး ထိုကောင်လေးဆိုသည့်လူနာကိုအတော်ပင်တွေ့ချင်လာမိသည်။ ဘယ်လိုအရွယ်၊ ဘယ်လိုစိတ်ဒဏ်ရာလဲ ။
လူနာဆောင်တွေမှာ လှုပ်ရှားမှုများဖြင့်အသက်ဝင်နေသောကြောင့် အနည်းငယ်ဆူညံနေ၏။ တစ်ခန်းပြီးတစ်ခန်း ကျော်ဖြတ်လာခဲ့ကြသည်။ အဆောင် (၁)နှင့် အဆောင်(၂)ကိုဆက်ထားသောလမ်းသွယ်ကလေးကို လှမ်းမြင်နေရသည်။ ဟိုဘက်အဆောင်(၂)ကိုသွားရမှာလားဟု...ကျွန်တော်တွေးနေစဉ်မှာ ဆရာကြီးသည်ထောင့်ဘက်အကျဆုံးအခန်းရှေ့တွင်ရပ်တန့်လိုက်လေသည်။
ထိုအခန်းနေရာသည် 'သပြေကြီး'ပင်ကြီးရဲ့အရိပ်ကြောင့်..လေအေးအေးနှင့် တစိမ့်စိမ့်။ ကော်ရစ်ဒါမှာချထားသောရွက်လှပင်သည် ပန်းအိုးထဲတွင်အရောင်စုံကြွကာစိုပြည်နေခဲ့သည်။
"ဒီအခန်းပဲ။ ဒေါက်တာ...လာလေ။"
ဆရာကြီးက ထူးခြားကိုဖိတ်ခေါ်ရင်း အခန်းထဲဝင်သွားတော့သည်။ဒေါက်တာထူးခြားပိုင်ကတော့ အခန်းတံခါးဝမှာတင် ရပ်တန့်မိနေဆဲ။ စက္ကန့်အနည်းငယ်မျှကြာပြီးလေမှ..ဖြည်းသောခြေလှမ်းတို့နှင့် အခန်းထဲလှမ်းဝင်လာသည်။
နေရောင်ကျရောက်နေသောပြတင်းပေါက်တည့်တည့်တွင်ရပ်နေသည့် လူငယ်အရွယ်ဟုထင်ရသောလူတစ်ယောက် ။ နေရောင်ဟပ်၍ သိသာစွာမမြင်ရသော သူ့ပုံရိပ်။ လေအဝှေ့မှာ ထလူးလွင့်လိုက်တဲ့သူ့ဆံပင်များကြောင့် ကျွန်တော့်အကြည်များမှာ သူ့ထံမှမခွာ..။ကျွန်တော်သိချင်စိတ်ဖြစ်လာသည် ။တဖြည်းဖြည်း နီးကပ်လာသည်နှင့်မွန်းကြပ်မှုကိုခံစားရ၏..။
ချည်သားအကွက်စိပ်အင်္ကျီနှင့်ဘောင်းဘီရှည်ဝမ်းဆက်လေးကြောင့် ကလေးလေးအလားပင်။ သေးနုပ်သောခန္ဓာကိုယ်အရွယ်အစားက ပိန်သည်ကိုဖော်ပြသည်။သူရဲ့ နောက်ကျောကိုမြင်နေရရုံဖြင့်..ကျွန်တော်အသက်ရှူမမှန်ချင်တော့။ တစ်စုံတစ်ခုနှင့် ဖိစီးခြင်းခံလိုက်ရသလို ၊ ကျွန်တော့်စိတ်ရောကိုယ်ပါ ထုံထိုင်းသွားရလေသည် ။
"ကျွန်တော့်ကို တစ်ယောက်တည်းနေခွင့်ပေးလို့မရဘူးလား.."
တိုးတိုးမျှထွက်လာသောစကားသံသည် ခပ်ဝဲဝဲဖြစ်ပြီး.. အားငယ်နွမ်းလျလို့နေသည်။
"လာလိုက်ကြ ထွက်လိုက်ကြနဲ့ ။ ဒီကြားထဲတစ်နေကုန် တစ်နေခမ်းလည်းစောင့်ကြည့်သေးတယ်.."
ဂျစ်ကန်ကန်ပြောလိုက်သောသူ့ပုံစံသည် စိတ်တင်းကြပ်နေမှုတို့ပါဝင်သည်။ဆရာကြီးသည်ကောင်လေးအနားသို့တိုးကပ်သွားပြီး ကောင်လေး၏ပခုံးတစ်ဖက်ကိုလက်ဖြင့်ဖွဖွပုတ်၍ နှစ်သိမ့်သည်။
"သားနေကောင်းရင် ဆရာတို့က သားကိုဒီနေရာကနေ ဆင်းခွင့်ပေးမှာပါ ။ သား ကိုယ့်ကိုယ်ကိုအန္တရာယ်မပေးတဲ့နေ့က သားနေကောင်းတဲ့နေ့ပဲ။"
ဆရာကြီးရဲ့စကားများကိုနားထောင်ရင်း ကောင်လေးကအသံတိတ်နေသည်။ သူသည်တုပ်တုပ်မလှုပ် ငြိမ်သက်နေဆဲ။
"ဒေါက်တာထူးခြားရေ...သူ့နာမည်ကငြိမ်းအောင်ဖန်..အဲ..သူငြိမ်းအောင်ဖန်တဲ့.."
ဘေးကပ်လျက်မှဆရာကြီးရဲ့စကားသံကို ကျွန်တော်ကြားလိုက်ရသည်။ ကောင်လေးနှင့်ကျွန်တော့်ကို ဆရာကြီးကမိတ်ဆက်ပေးနေတာကိုကျွန်တော်သိနေသော်လည်း နှလုံးသားမှခပ်တင်းတင်းမွန်းကြပ်ခြင်းကို ခံစားလိုက်ရသည်။
ထိုအချိန်မှာ...လှည့်ကြည့်လာသော မျက်ဝန်းတစ်စုံ။
မျက်မှောင်လေးကြုတ်လို့ နာကျင်မှုများယှက်နွှယ်ပြီးနွေးထွေးသည့်သူ့မျက်ဝန်း။
"ဟေ့ကောင် ဟိုကောင်လေးနာမည်က ငြိမ်းအောင်ဖန် ..အာ ..သူငြိမ်းအောင်ဖန်တဲ့..''
နားထဲ၌ ထပ်တလဲလဲကြားလာရသောစကားသံများ။ တစ်ခါတုန်းက..တစ်ယောက်ယောက်ကကျွန်တော့်အားပြောပြနေသလို ပဲ့တင်ထပ်လျက်။ အားငယ်ခြင်းနှင့်နွေးထွေးသည့်ထိုမျက်ဝန်းတွေကို မက်မောစွာကျွန်တော်ငေးခဲ့ဖူးသည်လား ။ကျွန်တော်ကိုယ်တိုင် စိတ်ရောဂါဖြစ်နေပြီလား။
ထူးခြားပိုင် အတွေးများထဲခဏတာနစ်မြုပ်နေချိန်။
"ချလွမ်!"
နံရံထောင့်ရှိစားပွဲပုပေါ်မှ ဖန်ပန်းအိုးရိုက်ခွဲသံ။
ကျွန်တော့်အတွေးများမှပြန်လည်နိုးထလာတော့ ကောင်လေးရဲ့လည်ပင်းကိုဦးတည်နေတဲ့...သူ့လက်ထဲမှ ဖန်ကွဲစ ။
တစ်ခါတလေတွင် အဖြစ်အပျက်တို့သည် လိုက်မမီအောင်မြန်ဆန်တတ်လေသလား...။
YOU ARE READING
Romanceအချစ်နဲ့ မာနကြား စည်းတစ်ခုပဲခြားတယ်ဆိုရင်... အဲ့ဒီစည်းဟာ တွေဝေခြင်းပေါ့။ ဒါဆို တွေဝေခြင်းပေါ် ခြေစုံရပ်နေမိတာ ကျွန်တော်။ အကယ်၍များ ချစ်ခရီးလမ်းပေါ် ကျွန်တော် မာနဆမ်းခဲ့မိပါလျှင်... တလွဲမာနတွေ ရေစုန်မြောဖို့... ချစ်၊မိုးရေ စွေလိုက်ပါတော့လား။.... ...