အခန်း ၃၁
နေထိပိုင် စာကျက်နေတုန်းမှာ တစ်ဘုန်းဘုန်းခြေသံကို အဆက်မပြတ်ကြားရသည်။ တစ်ဆက်တည်းမှာပင် အခန်းထဲဝင်လာသော နေသစ်ကိုတွေ့ရလေသည်။
ဘောလုံးကန်ပြီး ချွေးတရွှဲရွှဲဖြစ်နေသောညီကို တစ်ချက်လှည့်ကြည့်ပြီး စာကိုအာရုံပြန်စိုက်လိုက်သည်။
"ကိုနေ...သူလေးနဲ့တွေ့တယ်..."
သူလေးဆိုသောစကားကြောင့် နေထိ ခေါင်းမော့လာသည်။ နားထောင်နေဟန်ရှိပြီး..ပြန်မေးတာနှင့် လှည့်ကြည့်တာကိုတော့မလုပ်။
"ဘောလုံးကွင်းထဲထိလိုက်လာတာ။ ကိုနေ့ကိုလာစောင့်တာတဲ့။ ကျွန်တော်နဲ့ပါလာမလားလို့.."
"သြော်..."
နေထိဆီမှထွက်လာသောအသံကြောင့် နေသစ်လှည့်ကြည့်သည်။ ဝမ်းသာအားရလည်းမဟုတ် ဝတ်ကျေတန်းကျေထူးလိုက်ရသလိုပုံစံဖြစ်သည်။။ ဒါမှမဟုတ် သည်းခံနေတာပဲလား။
"ကိုနေ သူ့ဆီလာပါဦးတဲ့.."
နေထိပိုင် ခေါင်းရမ်းသည်။
"နေပါစေကွာ...ပြဿနာမတက်ချင်ဘူး။"
"သူလေး ဘာဖြစ်ထားလဲတော့မသိဘူး။ခေါင်းမှာ ပတ်တီးအဖွေးသားနဲ့။"
နေထိ နေသစ်ကိုချက်ချင်းလှည့်ကြည့်လာသည်။
"ဘာလဲ..နေမကောင်းဘူးလား.."
"မသိဘူးလို့ပြောနေတယ်လေ။ ကိုနေ သိချင်ရင် သွားမေးကြည့်။ ကောင်လေးက အတော်ညှိးနေတာဗျ ။ကျွန်တော်တောင်သနားမိလို့ ကိုနေ့ကိုသွားကြည့်စေချင်တာ။ ပြဿနာက ကိုနေမရှာရင်ရပြီပဲ။"
နေသစ်စကားများသည် နေထိရင်ကိုအပူနဲ့ထိုးသကဲ့သို့ တဆစ်ဆစ်ပူလောင်စေသည်။ တကယ်ဆို သွားတွေ့ချင်သည်မှာကြာပြီဖြစ်သည်။ ချောင်းကြည့်လျှင်လည်း ဖန့်ကိုမြင်သည်နှင့်ပြေးဖက်မိလိမ့်မည်။
"ရပ်ကွက်ထဲမှာသတင်းရပ်သွားပေမဲ့...သူလေးနဲ့တွေ့ရမှာ ကိုနေမျက်နှာပူတယ် နေသစ်။ ပြီးတော့ အဖေကမနက်ကတင်ပြောသွားသေးတယ်။ မင်းအတွက် မိန်းမမရှားဘူးမလားတဲ့..."
နေသစ် ရယ်သည်။
"ဘာလဲ ရှားတယ်ဆိုရင်..ဘဘကသူ့ရဲ့ ကောင်မလေးတွေ ဖဲ့ပေးမလို့လား.." ဟုဆက်ပြောပြီး အော်ရယ်နေလေသည်။
နေထိ စာထဲလည်းအာရုံကမရတော့။ ဟိုဘက်ရပ်ကွက်ဆီသို့ ချက်ချင်းပြေးသွားလိုက်ချင်သည်။
"အခုသွားလိုက်ပါလား ကိုနေ။ မမှောင်ခင်လေး။"
နေသစ်ရဲ့နှိုးဆော်စကားပင်မဆုံးသေး နေထိသည် အခန်းထဲ၌မရှိတော့ပေ။
အချစ်ရဲ့စွမ်းအားက လေလိုလည်းအလျင်မြန်သည်။
YOU ARE READING
Romanceအချစ်နဲ့ မာနကြား စည်းတစ်ခုပဲခြားတယ်ဆိုရင်... အဲ့ဒီစည်းဟာ တွေဝေခြင်းပေါ့။ ဒါဆို တွေဝေခြင်းပေါ် ခြေစုံရပ်နေမိတာ ကျွန်တော်။ အကယ်၍များ ချစ်ခရီးလမ်းပေါ် ကျွန်တော် မာနဆမ်းခဲ့မိပါလျှင်... တလွဲမာနတွေ ရေစုန်မြောဖို့... ချစ်၊မိုးရေ စွေလိုက်ပါတော့လား။.... ...