ဒီဇင်ဘာရဲ့မနက်ခင်းက အိပ်လို့အကောင်းဆုံးအချိန်ဖြစ်သည် ။ ဟယ်လို ဒီဇင်ဘာဆိုပြီး..မကြိုဆိုနိုင်သေးဘူး ။ ဒီမှာ အိပ်ရေးပင်မဝ ။
ဘဝရဲ့ငြီးငွေ့စရာအကောင်းဆုံးအလုပ်ကို ပြပါဆိုလျှင်...မနက်စောစောအိပ်ရာထခြင်းဖြစ်ပြီး ၊ ဘဝရဲ့အနှစ်သက်ဆုံးအလုပ်ဆိုလျှင် အိပ်စက်ခြင်းပဲဖြစ်သည် ။သူလေးကတိုးဝင်လာတဲ့နေရောင်ကို စောင်ခေါင်းမြှီးခြုံပြီး လျစ်လျူရှုလိုက်သည် ။ ဟုမ်းကွာရတင်းဆိုပြီး အခန်းပိတ်ထားခံရတော့...သူလေးမှာ အထွေအထူးလုပ်စရာမရှိ ။ တံခါးရှေ့မှာ အဆင်သင့်ပြင်ဆင်ပေးထားတဲ့စားသောက်စရာကို ယူပြီးစားရုံဖြစ်သည် ။တီဗီကလည်း မကြည့်ချင်တော့ ။ ဂိမ်းကလည်း.. မင်းဂိမ်းတွေအကြာကြီးဆော့ပြန်ပြီလို့ ဆူမည့်ဟောက်မည့်သူမရှိလျှင် မဆော့ချင် ။ ပန်းချီဆွဲတော့လည်း မှိုင်းညို့ညို့အရောင်ကနေ မတက်..။ ကိုယ်တိုင် စေတနာ့ဝန်ထမ်းလုပ်ခဲ့ပေမယ့်.. တစ်ပတ်မပြည့်ခင်ကတည်းက ငြီးငွေ့လာသည် ။ လူဆိုတာမျိုးက ရှာကြံပြီးအားငယ်လာတော့လည်း သည်လူ ၊ တက်ကြွပြီးစိတ်အားထက်သန်လာတော့လည်း သည်လူပဲဖြစ်သည် ။
အခုတော့...သူလေးမှာ အိပ်ရာထဲ၌လူးလိမ့်နေပေမယ့် အနှစ်သက်ဆုံးအိပ်စက်ခြင်းကိုလည်း မနှစ်သက်တော့ ။ အိပ်တာကအိပ်ချင်သည် ။ အိပ်ရလွန်းလို့ အိပ်လို့လည်းမရတော့ ။ သူလေးတစ်ယောက်... ဘာရယ်မဟုတ်ဘဲ စိတ်တိုလာသည်။
ဒီနေ့ကျမှ အကို့အသံကိုမကြားရ ။ သစ်ပင်ရေလောင်းရင်း သီချင်းဆိုတဲ့အသံ ။ ဟေ့ကောင်လေး.. မင်းအပင်လေးတွေ ဘယ်လောက်စင်တီမီတာရှည်လာပြီဆိုတဲ့ ရွှတ်နောက်နောက်အသံ ။ မီးဖိုခန်းလေးထဲမှ ချက်ပြုတ်တဲ့အသံနှင့် ဟင်းရနံ့ ။ဖန် ဘာစားချင်လဲလို့..ဘယ်သူမျှလည်း လာမမေးကြ ။ အာရုံပြောင်းမလားဆိုပြီး ရေထချိုးသည် ။ ခိုက်ခိုက်တုန်ချမ်းတာသာ အဖတ်တင်သည်။ ဖက်ထားပေးမည့်လူက မရှိ။ အဲ့ဒါကြောင့်.. ဂျူတီချိန်က ဘာလို့ညဘက်ဖြစ်ရတာလဲလို့ ။ ညဂျူတီချိန်ရှိတယ်လို့ပြောလိုက်ကတည်းက စိတ်ဆင်းရဲသွားရတာပဲ ကိုနေထိပိုင်ရဲ့...။ အခု မိုးလင်းနေပြီကို မလာနိုင်သေးဘူး.. ။ ပြန်လာကြည့်..။ မခေါ်ဘူးကွာ..လုံးဝ မခေါ်ဘူး ။ အိပ်မယ်...အကြိုက်အိပ်မယ် ။
VOCÊ ESTÁ LENDO
Romanceအချစ်နဲ့ မာနကြား စည်းတစ်ခုပဲခြားတယ်ဆိုရင်... အဲ့ဒီစည်းဟာ တွေဝေခြင်းပေါ့။ ဒါဆို တွေဝေခြင်းပေါ် ခြေစုံရပ်နေမိတာ ကျွန်တော်။ အကယ်၍များ ချစ်ခရီးလမ်းပေါ် ကျွန်တော် မာနဆမ်းခဲ့မိပါလျှင်... တလွဲမာနတွေ ရေစုန်မြောဖို့... ချစ်၊မိုးရေ စွေလိုက်ပါတော့လား။.... ...