အခန်း ၁၉
တောက်ပသောနေလုံးကြီးသည် အနောက်အရပ်သို့ဦးတည်ရွေ့လျားနေ၏။
ကောင်းကင်ယံတွင် ငှက်ကလေးများမှာ အိပ်တန်းတက်ရန် ခိုနားရာသို့အရောက်ပျံသန်းနေကြတော့သည်။
အချိန်ရွေ့လာသည်နှင့်အမျှ လက်ထဲမှ နာရီကိုသာကိုင်ပေါက်ချင်လာသည်။
နာရီလက်တံလေးများမှညွှန်ကြားနေသည်က ညနေ၆:၃၀..
မျက်ခုံးတို့လည်း မတွန့်ချိုးနိုင်တော့ ။ အံလည်းမကြိတ်နိုင်တော့ ။ တစ်နေကုန် လျှောက်သွားနေရသဖြင့် အတော်ပင်နုံးချိလာသည်။
အိမ်ထဲဝင်ဝင်ချင်း အလိုမကျဟန်ဖြစ်နေသောနေထိပိုင်ကိုကြည့်၍ ဒေါ်အေးငြိမ်းပိုင်သည် မြူးသစ်ကိုလှမ်းကာမျက်စပစ်၍မေးသည်။
မြူးသစ်လည်း နေထိအပေါ်တက်သွားတာကိုမြင်မှ အမေ့နားကိုပြေးကပ်သည်။
"မသိပါဘူး..မေမေရယ်။ စိတ်ဆိုးပြီးဝမ်းနည်းနေတာ..အဲ့ဒီလိုဖြစ်နေတာ ထင်တယ်။"
"ဘာလို့အဲ့ဒီလိုဖြစ်ရတာလဲ..သားနေက.."
"မသိဘူးလေ.."
"ဟင်း...ဘယ်သိမလဲ ညည်းတို့ စားမယ်သောက်မယ် ဝယ်မယ် ကြောင်မယ် အဲ့ဒါပဲသိ.."
"ဟွန့်..မေမေကလည်း သမီးကြောင်တာကို ပေါ်တင်ကြီးပြောစရာလား..တကယ်ပဲ .."
နှုတ်ခမ်းစူနှင့်အိမ်ပေါ်တက်သွားသော မြူးသစ်ကိုကြည့်ပြီး..အေးငြိမ်းပိုင် ခေါင်းခါမိသည်။သမီးလေးတစ်ယောက်တည်းပါဆိုမှ... ယောက်ျားလေးတွေနဲ့ပေါင်းပြီး ဟိုမရောက်ဒီမရောက်ဖြစ်နေ၏။
နေထိပိုင် ငြီးစီစီဖြစ်နေတာမို့ ရေကိုသာအေးဆေးချိုးနေလိုက်သည်။ ရေချိုးပြီးတော့ သဘက်တစ်ထည်ကိုလှမ်းဆွဲကာ ဆံပင်များခြောက်အောင်ဖိသုတ်ပစ်တော့
ရှည်နေသည့်ဆံပင်များကမျက်စိရှေ့မှာထောက်နေသည်။
အရပ်ရှည်ရှည်..ခန္ဓာကိုယ်တောင့်တောင့်နဲ့ စူးစူးရဲရဲစိုက်ကြည့်တတ်သောနေထိပိုင်မှာ အပြောဆိုးသော်လည်း ဆန်းထသည်။အရင်က ဆံပင်အတိုဘေးခွဲနှင့် ခပ်ရှင်းရှင်းပုံစံနေသော်လည်း...ဆံပင်ရှုပ်ရှုပ်ပွေပွေထားသည်ကို အဖေမကြိုက်တာသိသည့်အချိန်မှစကာ ဆံပင်ပုံစံက ရှုပ်ရှုပ်ပွပွဖြစ်လာတော့သည်။
စိတ်ပျက်လက်ပျက်ပုံနှင့် ကုတင်ပေါ်လှဲအိပ်လာသောနေထိကို ဘေးကုတင်မှနေသစ်က အင်္ကျီတစ်ထည် ပစ်ပေါက်ပေးသည်။အဖြူရောင်တီရှပ် အပါးသားအင်္ကျီကို ခေါင်းမှကောက်စွတ်သော်လည်း လူကအိပ်ရာထဲ လှဲလျောင်းလျက်။
"ဘယ်လိုဖြစ်လို့ အားမရှိအင်မရှိဖြစ်နေတာလဲ..ကိုနေ။ ဘာလဲ မမမြူးတို့နဲ့လိုက်သွားပြီး မိုင်းနပ်ပြသွားတာလား..ဟုတ်မယ် ဟုတ်မယ်...အဲ့ဒီဒဏ်ကို ကျွန်တော်လည်းသိတယ် ။ အသေစိတ်ညစ်တာ..။"
တဟားဟားရယ်ရင်းပြောနေသော နေသစ်ကိုကြည့်ပြီး နေထိမှာ ပိုလို့စိတ်ညစ်ရသည်။
"စိတ်ညစ်ရုံတင်မကဘူး..လူပါသတ်ချင်လာတာ ဟေ့ကောင်ရေ.."
နေထိပိုင်ပြောကာမှ နေသစ်ပိုင်ရယ်သံကပိုကျယ်လာသည်။ နေသစ်ပိုင်က အကြောင်းသိလို့ အကွက်ရှောင်သော်လည်း နေထိပိုင်မှာ ငြင်းမရရှောင်မရနှင့် မြူးသစ်နှင့်နုနယ်ခေါ်ရာသို့လိုက်ပါသွားရခြင်းသာ..။အကြောင်းသိမို့လို့ မလိုက်ချင်တာထက် ချိန်းထားတာကြောင့်မလိုက်ချင်တာကပိုသည်။ တွေးလေ ဒေါသထွက်လေ..နေထိပိုင်တစ်ယောက် အပြစ်မဲ့ခေါင်းအုံးကိုလက်ဖြင့်ရိုက်ချလိုက်သည်။
"နေသစ်.."
အော်ရယ်နေသောနေသစ်ကို နေထိကိုအော်ခေါ်လိုက်တော့ ရယ်သံက တိခနဲပိတ်သွားသည်။
"ဗျာ.."
သူတို့မောင်နှမတွေ သူငယ်ချင်းလိုသာပေါင်းကြသည်။ အပြောအဆိုလည်း ကြမ်းချင်ကြမ်းကျသည်။ သို့သော် လေးစားမှု၊ ချစ်ခင်မှု ၊ဖေးမမှုတို့က အပြည့်ရှိသည်။
"နေ့လည် ၂နာရီလောက်ကတည်းကတွေ့ဖို့စောင့်နေတဲ့လူက ညအထိတော့စောင့်မနေနိုင်ပါဘူးနော်။"
ပက်လက်လန်လို့ ဒူးတစ်ဖက်ထောင်ကာ ခေါင်းကို ဘေးသို့စောင်းငဲ့ထားသည်။
ပြတင်းပေါက်မှတစ်ဆင့်မြင်ရသော ကောင်းကင်ပေါ်တွင် ကြယ်ရောင်တလက်လက်ကိုကြည့်ရင်း နေထိအတွေးဝဲဂယက်ထဲမှ မရုန်းနိုင်ဖြစ်နေသည်။
"ကျွန်တော်ဆိုမစောင့်ဘူး ။စောင့်ရတာငါးမိနစ်ထက်ပိုရင် ဒေါသငယ်ထိပ်စောင့်ရောပဲ။"
"သူက မင်းနဲ့တူမလား..."
နေထိ ခပ်ဆောင့်ဆောင့်အော်ချလိုက်သည်။ သူ့လို ပေါ့ပေါ့ဆဆကောင်နဲ့ သူပဲနှိုင်းရက်သည်..။
"ဘာလဲ..ကိုနေ စောင့်ခိုင်းထားတဲ့လူရှိလို့လား။"
မျက်လုံးက စုံထောက်မျက်လုံးဖြစ်သည်။ မသင်္ကာသည်ကို ပြူးပြဲရှာတတ်သော နေသစ်ရဲ့အကြည့်ကိုရှောင်ရင်း ခေါင်းခါပြလိုက်သည်။
"ကျွီ .."
အခန်းတံခါးပွင့်သံနှင့်အတူ မြူးကိုပါတစ်ဆက်တည်းမြင်ရသည်။
"ဘာလဲ..မမမြူး.."
"နင်မဟုတ်ဘူး...နေထိ။..ဟဲ့ ဖုန်းလာနေတယ်.."
သည်အချိန်မှာ ကျွန်တော့်တို့လိုကျောင်းသားတွေမှာ ဖုန်းကိုင်နိုင်ဖို့ဆိုတာ ဝေးသပါ့ဝေး။ အိမ်မှာ ကြိုးဖုန်းလေးတစ်လုံးသာရှိပြီး.. အားလုံးဟာ အဓိကကျသူတွေကိုသာ ဖုန်းနံပါတ်ပေးထားဖြစ်သည်။ ဖုန်းဘေလ်ချိန်လျှင်လည်း သုံးထားတဲ့
အပေါ်မူတည်ပြီး ဘယ်သူဘယ်လောက်သုံးတယ် ဘယ်လောက်ကျတယ် စသဖြင့်မေပိုင်ကငွေကောက်ခံသည်။
မထချင်ထချင်ဖြင့် ကုတင်ပေါ်မှဆင်းပြီး အခန်းပြင်သို့ထွက်လာခဲ့သည်။ အိမ်အောက်ကိုရောက်တော့ ခုံပေါ်တွင်တင်ထားသောဖုန်းခွက်မှဖုန်းသည် ကြိုးတန်းလန်းနှင့် ဘေးတွင်ချထားသည်ကိုတွေ့ရသည်။
"ဟယ်လို...နေထိပိုင်ပြောနေပါတယ်.."
"ဟေ့ကောင်..မင်းကွာ ကြာလိုက်တာ.." ဟူ၍အစချီသော ထူးခြားပိုင်အသံကိုကြားရ၏။
"ခုနက စစ်သောလာပြောတာကွ ။ သူလေး ပြန်မရောက်သေးလို့တဲ့။ အိမ်မှာတော့
နှုတ်ဆက်ပွဲရှိလို့ နောက်ကျမယ်ပြောခဲ့တယ်တဲ့။ စစ်သောပြောတာတော့ သူလေးတို့ကျောင်းမှာ ကလေးတွေစာမေးပွဲဖြေပြီးလို့လျှောက်လည်ပေမဲ့ သူလေးက မလိုက်ဘူးတဲ့။ ဒါပေမဲ့.. သူလေး ခုချိန်အထိပြန်မရောက်သေးတာ ဘာများဖြစ်နေပြီလဲမသိပါဘူးကွာ..အဲ့ဒါပြောမလို့...မင်းနဲ့မတွေ့.."
"ဂွက်!''
"အမ်..ဟာ...နေထိ...နေထိ ဟယ်လို..ဟာ ဖုန်းချသွားတာပဲ..ဒီကောင် ငါပြောတာတောင်ပြီးအောင်မစောင့်ဘူး။"
နေထိပိုင် အိမ်အပေါ်ထပ်သို့ ပြန်ပြေးတက်သည်။
"ဝုန်း..''
တံခါးဖွင့်သံသည် မိုးခြိမ့်သံအလား ကျယ်ပြင်းသည်။
အခန်းထဲအပြေးအလွှားဝင်လာ၍ လက်ရှည်အင်္ကျီတစ်ထည်ဆွဲယူပြီး ပြေးထွက်သွားသောနေထိပိုင်ကို နေသစ်ပိုင်လိုက်ကြည့်ရင်း ပြူးကြောင်ကြောင် ကျန်ရစ်ခဲ့သည်..။
နေထိပိုင် အိမ်မှတိုင်ကပ်နာရီကိုလှမ်းကြည့်တော့ ည ၉နာရီထိုးရန် အနည်းငယ်သာလိုတော့သည်။ကိုယ့်ဖိနပ်လား..သူ့ဖိနပ်လား ရွေးချိန်မရ ။ တွေ့ရာဖိနပ်ကောက်စွပ်ပြီး အပြေးထွက်ခဲ့ရသည်။
ပြေးရသည်မှာ အသက်ရှူဖို့ပါ မေ့သည်အထိ။ လမ်းမတစ်လျှောက်ပြေးလွှားကာ ချောင်ကြိုချောင်ကြားပါမချန် နေရာအနှံ့လိုက်ရှာရခြင်းဖြစ်သည်။တစ်လမ်းလုံးမတွေ့လျှင် ကျောင်းသို့သွားကာ ရှာရပေဦးမည်။
"အရူးလေး..အဲ့ဒါကြောင့် အရူးလို့အပြောခံရတာ။"
"အာ..သေချင်တာပဲ သူငြိမ်းအောင်ဖန်ရာ။"
"တစ်နေရာရာမှာငိုနေတာများလား..ဟူး.."
"ငါတော့ မင်းကြောင့် အသက်တိုမှာပဲ။"
စသဖြင့် စသဖြင့် စကားများကို မကြာခဏရေရွတ်ရင်း...
VOCÊ ESTÁ LENDO
Romanceအချစ်နဲ့ မာနကြား စည်းတစ်ခုပဲခြားတယ်ဆိုရင်... အဲ့ဒီစည်းဟာ တွေဝေခြင်းပေါ့။ ဒါဆို တွေဝေခြင်းပေါ် ခြေစုံရပ်နေမိတာ ကျွန်တော်။ အကယ်၍များ ချစ်ခရီးလမ်းပေါ် ကျွန်တော် မာနဆမ်းခဲ့မိပါလျှင်... တလွဲမာနတွေ ရေစုန်မြောဖို့... ချစ်၊မိုးရေ စွေလိုက်ပါတော့လား။.... ...