အခန်း ၄၃
စပြီ။
ဇာတ်ကြမ်းက ဤတွင်စသည်။
အဖေနှင့် အစ်ကိုကြီး၏ ဒေါသတကြီးအကြည့်များကြား ကျွန်တော်အသက်ရှူတာပင် အဆင်မပြေ။
"သူလေး...မိန်းမဖြစ်ချင်နေတာလား ''
မေးရက်လိုက်သည့် မေးခွန်း။ ဘယ်လိုပင် ရက်စက်ကြတာလဲ။
"မဆိုင်တာတွေမမေးနဲ့လေ ဖေဖေ။ ''
"ဒါဆို မင်း နေထိပိုင်ကိုချစ်တယ် သဘောကျတယ်ဆိုတာ ဘာလဲ။''
ကိုကြီးကအသံဟိန်းဖြင့် အော်မေးလေသည်။ ဘယ်လိုကြောင့် တရားခံလိုအစစ်ခံနေရတာလဲ...ဘာကြောင့် ဒေါသတွေထွက်နေတာလဲ။
"တိုးတိုးပြောပါ သားကြီး '' ဟူ၍ အဖေက ကိုကြီးကို သတိပေးသည်။
"ချစ်လို့ချစ်တယ်ပြောတာပဲ။ သူ့ကိုချစ်တာနဲ့ ကျွန်တော်ကမိန်းမဖြစ်ချင်စရာလား..အတွေးမလွန်ကြနဲ့လေဗျာ။''
"ဘာကွ..အတွေးလွန်နေတာ မင်းလား ငါတို့လား..သဘာဝကိုဆန့်ကျင့်နေတာ မင်းလား ငါတို့လား။''
"ကျွန်တော် ဘယ်သူ့ကိုမှမဆန့်ကျင့်ဘူးနော် ကိုကြီး။ လူဆိုတာ ခံစားတတ်တဲ့နှလုံးသားနဲ့။ သနားတယ်..စာနာတယ်..တွယ်တာတယ်..မုန်းတယ်..ချစ်တယ်..နာကျင်တယ်။ အဲ့ဒီလို ခံစားတတ်နေတာကိုက လူ့သဘာဝ။ ကျွန်တော်ချစ်ရုံပဲချစ်မိတာနဲ့ ကမ္ဘာပျက်သလိုယောက်ယတ်ခတ်နေတဲ့ ဖေဖေနဲ့ကိုကြီးကို နားမလည်နိုင်တော့ဘူး...''
"ဘာ..မင်း..''
ကိုကြီးက လက်ရွယ်သည်။ ရိုက်လည်း ခံရမှာပဲ..ကိုယ်ကအငယ်ဆိုတော့ ဘာပြန်လုပ်နိုင်မှာလဲ။
ဒါပေမဲ့ ကိုကြီး မရိုက်ခဲ့ပါ။
"မင်း...ငါတို့မိသားစုအရှက်ကိုခွဲမလို့လား။''
ဒီတစ်ခါ အဖေ့အလှည့်ဖြစ်သည်။အဖေနှင့်ကိုကြီးကတစ်ဖက် ကျွန်တော်ကတစ်ဖက်။ တိုက်စစ်ဆင်နေကြတာနှင့်ပင် တူပေသည်။
"ဘာတွေလဲ ဖေဖေရာ။ သား ခဏခဏလည်း ရှင်းပြခဲ့ဖူးတာပဲ ။ အရှက်ခွဲတယ်ဆိုပြီးပြောရအောင်...ကျွန်တော်က ဘာဖြစ်နေလို့လဲ။ ''
"ဟ..ယောက်ျားတစ်ယောက်ကို ယောက်ျားတစ်ယောက်ကချစ်ပါတယ်ဆိုပြီး အသိလက်လွတ်နေတာ ရှက်စရာပဲ။ ငါ အထိန်းကောင်းလို့ မဟုတ်ရင် မင်းအခု မိန်းမပုံစံဖြစ်ချင်ဖြစ်နေမှာ...''
စကားလုံးတိုင်းမှာ ဓားသွားပါလျှင်...ကျွန်တော် စိတ်ရောခန္ဓာကိုယ်ပါ ရှရာအပြည့်။
"ကျွန်တော် ထပ်မရှင်းပြချင်တော့ဘူး ။ အဲ့ဒီတော့ ထင်ချင်သလို ထင်တော့ဗျာ..''
သူလေး တကယ်လည်းရှင်းမပြချင်တော့။ သူ အကြိမ်များစွာ ရှင်းပြခဲ့ဖူးတာပဲလေ။ ကိုကြီးဆီမှ တောက်ခတ်သံ ကျယ်ကျယ်ထွက်လာသည်။
"တွေ့လား။ အဖေ့သားခေါင်းမာနေတာ..''
"အဲ့ဒါ ဖေဖေနဲ့ကိုကြီးကိုတူလို့။ ကျွန်တော် ဒီလောက်ရှင်းပြထားတာတောင် ကိုယ့်ဘာသာထင်ချင်သလို ထင်နေကြတုန်းပဲ။''
"အဖေ့သားကလေ...ကျွန်တော်ရိုက်ရင်သေလိမ့်မယ်။ပြန်ပြောနေလိုက်တာဗျာ၊ အကြောတင်းချက်။ ဘယ်သူ့အားကိုးနဲ့ မိုက်ချင်နေတာလဲ။''
မပြောချင်တော့ ။ ဘာဆိုဘာမှ မပြောချင်တော့။ ရှင်းလေ ရှုပ်လေပါပဲ။အလီဘိုင်ပြမိပါတယ်..မင်းအဲ့ဒါတမင်အတုလုပ်ထားတဲ့အလီဘိုင်ဆိုပြီး လိမ်လည်မှုပါထပ်တိုးသွားသည့် တရားခံနှယ်။ လွတ်ရာလွတ်ကြောင်းက ပိုရှုပ်သောလမ်းဖြစ်နေသည်။
"အဲ့ဒီနေရာတော့ ကျွန်တော်...ဖေဖေနဲ့မတူတာမှ တခြားစီပဲ။ ကျွန်တော်က အားကိုးရှိလို့မိုက်ရတာကို မုန်းတယ်။''
အဖေက စူးခနဲစိုက်ကြည့်သည်။ အနာပေါ် တုတ်ကျလို့လား...အရှိုက်ကို တည့်တည့်ထိမှန်သွားလို့လား။
အဖေ့အကြောင်းကို ကိုရဲရင့်ဆီမှ ကြားဖူးထားတာတွေ ရှိသည်။ ရဲရင့်ဆီ သွားရသည့်အကြောင်းအရင်းကတော့ တကယ်ပင် အဖေက ခိုင်းခဲ့တာလား။အဖေက အစ်ကို့ကိုအသေသတ်ခိုင်းတာလားဆိုတာ သိချင်ရုံ။
YOU ARE READING
Romanceအချစ်နဲ့ မာနကြား စည်းတစ်ခုပဲခြားတယ်ဆိုရင်... အဲ့ဒီစည်းဟာ တွေဝေခြင်းပေါ့။ ဒါဆို တွေဝေခြင်းပေါ် ခြေစုံရပ်နေမိတာ ကျွန်တော်။ အကယ်၍များ ချစ်ခရီးလမ်းပေါ် ကျွန်တော် မာနဆမ်းခဲ့မိပါလျှင်... တလွဲမာနတွေ ရေစုန်မြောဖို့... ချစ်၊မိုးရေ စွေလိုက်ပါတော့လား။.... ...