Part 28 (U+Z)
7.8K 830 51
အခန်း ၂၈
တစ်အိမ်လုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ ဤသည်မှာ ထူးဆန်းမှု။ အရင်ဆိုလျှင် တဝေါဝေါတဝုန်းဝုန်းနှင့် သောင်းကျန်းသောအိမ်။ ဒီနေ့တွင် ငြိမ်သက်နေ၏။
ခြံတံခါးနှင့်အိမ်တံခါးဖွင့်ထားတာကြောင့် လူရှိနေမှန်း ခင်နုနယ်သိသော်လည်း
သူများအိမ်ထဲ အတင်းမဝင်သွားရဲ။
"မြူးရေ...မြူးသစ်..အဲ.."
နုနယ်အော်ခေါ်နေတုန်း ထွက်လာသူကနေထိပိုင်။ခပ်တည်တည် ခပ်စူးစူးနှင့် တစ်ခါတလေ အာဏာဆန်သောအကြည့်မျိုးဖြင့် နေထိကြည့်တတ်သည်။
အခုလည်း ထိုအကြည့်ဖြင့်စိုက်ကြည့်ပြီး ချက်ချင်းမျက်လုံးလွှဲလို့ ဧည့်ခန်းထဲဝင်ထိုင်သည်။အိမ်ရှင်ကအဖတ်မလုပ်သောကြောင့် ဧည့်သည်ဆက်၍နာမည်အော်ခေါ်နေလိုက်သည်။
နေထိ နားငြီးလာသည်။နည်းနည်းလေးပင် အသံအားလျော့မသွားသောနုနယ်ကို နေထိအားမရှိအင်မရှိလေသံနှင့် လှမ်းပြောလိုက်သည်။
"သိပ်မအော်နဲ့နုနယ် နင်အသံလည်းကောင်းတာမဟုတ်ဘူး။ မြူးက Toiletထဲအလည်သွားတယ်။"
နုနယ် ရယ်သံလေးထွက်လာသည်။
"မသိဘူးလေဟာ.."ဆိုရင်း ဧည့်ခန်းထဲလာဝင်ထိုင်သည်။
"ဒါနဲ့ နေထိ၊ မြူး နေမကောင်းဘူးလား.."
နုနယ်စကားကို နေထိစာကျက်နေရင်းမှခေါင်းရမ်းပြသည်။
"ဒါဆို ညကဘာလို့စာလာမကျက်တာလဲ.."
"မလာချင်လို့နေမှာပေါ့..." ဟူ၍ နေထိစာအုပ်မှ မျက်လုံးမခွာဘဲပြောသည်။
"ဘာလို့...မလာ "
နုနယ် ဆက်မေးရန်ဟန်ပြင်တုန်း အိမ်ရှေ့ဆီမှကားသံကြားရသည်။
"သြော်..သမီးနုနယ် ရောက်နေတာပဲ.."
အပြင်မှပြန်လာသော မေပိုင်ကို နုနယ်ပြုံးပြနှုတ်ဆက်လိုက်သည်။
"ဟုတ်တယ် မေပိုင်ရဲ့..မြူးကိုလာကြည့်တာ။ နေမှကောင်းပါလေစဆိုပြီး.."
"ကောင်းပါ့သမီးရေ..ကောင်းပါ့။ အဲ့ဒီ့မောင်နှမတွေဘာဖြစ်နေလဲမသိပါဘူးအေ။ မေးတော့လည်း ဘာမှမဖြစ်ဘူးပြောကြတယ်။ သူတို့ကြည့်ရတာ တစ်ခုခုတော့ တစ်ခုခုပဲ။နေထိ မြူးကိုသွားကြိုတဲ့ညကပြန်လာတော့ နှစ်ယောက်စလုံးမျက်နှာမကောင်းဘူး။ ခွေးတွေလိုပဲ တစ်ကျက်ကျက်ကိုက်နေကြတာ။"
မေပိုင်ရဲ့ခွေးဆိုတဲ့အသုံးအနှုန်းကြောင့် စာကျက်နေသောနေထိက ခေါင်းထောင်ကြည့်လာသည်။ သို့သော် ဘာမှမပြော။
"တွေ့ပြီးပြီလား မြူးသစ်မကို.."
"မတွေ့ရသေးဘူး မေပိုင်..ခဏနေ လာခဲ့မယ်တဲ့။"
"အေးအေး.."
မေပိုင်အိမ်ခန်းထဲဝင်သွားတော့မှ နုနယ် နေထိဘက်လှည့်ပြီးစကားပြောရသည်။
"မြူးနဲ့ ဘယ်နားမှာတွေ့လဲ.."
နုနယ်မေးသည်မှာ မနေ့ညကအကြောင်း။ နေထိ မဖြေချင်။ တွေးလည်းမတွေးချင်။ပြန်တွေးမိတိုင်း ရင်ဘတ်ထဲမှ စူးနင့်နေသည်မှာ မှိန်းနဲ့အထိုးခံရသလိုပင်။ ကြီးခဲ့သမျှဒေါသများတွင် ဒီတစ်ခါအပြင်းဆုံး။ သူတစ်ပြန်ငါတစ်ပြန် ထိုးထိုးကြိတ်ကြိတ်ရန်ဖြစ်ခဲ့ဖူးပေမဲ့ ကိုယ်ကချည်း ဖိစီးထိုးကြိတ်ခဲ့တာမျိုးမရှိ။
ဒါပေမယ့် အဲ့ဒီညက..ဖျတ်ခနဲဒေါသနောက် ဆတ်ခနဲလိုက်သွားမိတာ
ကိုယ်ညံ့လို့မှန်းသိပါသည်။
တစ်ချိန်မှာလူကောင်းတစ်ယောက်ဖြစ်စေဖို့ ယခုအချိန်မှကိုယ့်ကိုယ်ကိုယ်ပင် စိတ်ပျက်လာမိသည်။
သူများကိုနာကျင်စေရန် ဘယ်တုန်းကမှမရည်ရွယ်ဖူးဘူး။ ကိုယ့်ကိုထိမှသာ ပြန်တုံ့ပြန်ခဲ့တာမျိုး ။သို့သော်ငြား သူများကိုနာကျင်အောင်ပြုမိသည်။ ဒေါသထဲကရုန်းလို့ အသိတရားထဲဝင်နေတုန်း...ကြားလိုက်ရတဲ့စကား။ သတ်မှတ်ချက်ပြင်းလွန်းသည်။ဘာ..ရွံစရာကောင်တဲ့လား။
ငါသာ နောင်တစ်ချိန်မှာဘယ်လိုလူဖြစ်ရမယ်ဟုမရည်မှန်းခဲ့လျှင်..။
သေချာသည်..မင်းကို တားမရဆီးမရထိုးကြိတ်နေလိမ့်မည်။
အသည်းထဲထိစိုက်တဲ့စကား။ လက်သီးနှင့်တုံ့ပြန်ခဲ့ရတာပင် အားမရဘူးဆို..
ထပ်လို့သတ်မှတ်လိုက်ကြဦးမည်...နေထိက လူရိုင်း။
"နေထိ..နေထိ.."
"ဟမ်..အမ် .."
"နင်ဘာတွေတွေးနေတာလဲ...ငါမေးနေတာမကြားဘူးလား။"
"အွန်း..ငါ စာထဲအာရုံရောက်နေလို့..."
စာထဲအာရုံရောက်တယ်သာဆိုတယ် နေထိအကြည့်သည် စာအုပ်ထဲတွင်မရှိ။မျက်လုံးအကြည့်တို့သည် မှိုင်မှိုင်တွေတွေ ငေးငေးမောမော။ အခန်းထောင့်စွန်းရှိ ရွက်လှပန်းပင်ကို မျက်တောင်မခတ်တမ်းကြည့်နေလေသည်။
"နုနယ်..နင်ရောက်နေတာလား.."
နေထိကိုကြည့်ကာသုံးသပ်နေတုန်း ဘေးနားကိုမြူးသစ်ရောက်လာသည်။တစ်သက်နှင့်တစ်ကိုယ် မချွဲစဖူးချွဲ၏ ။ ဒီနေ့မှ နုနယ်ပခုံးပေါ်သို့ မြူး ဦးခေါင်းတင်ကာမှေးလာသည်။ မြူးသစ် ကိုယ်လည်းမပူ။
"နင်တို့တွေ ကုပ်ချောင်းချောင်းနဲ့ ဘာဖြစ်နေကြတာလဲ.."
"ဘာမှဖြစ်စရာကိုမရှိတာဟာ..."
မြူးသစ်ပြန်ပြောပုံကြောင့် နုနယ်ခေါင်းခါရင်းသက်ပြင်းချသည်။
"ဒါဆို ငါကြားရတဲ့သတင်း အမှန်လား.."
နေထိ ခေါင်းမော့ကြည့်လာသည်။နုနယ်ပခုံးထက်တွင် မြုးသစ်ဦးခေါင်းရှိမနေတော့။ဘာသတင်းလဲ နှစ်ယောက်စလုံးမေးမလာကြ ။ သို့သော် မျက်ဝန်းတွေက သိချင်နေကြောင်းဖော်ပြသည်။
"ဟိုနေ့ညက ရဲရင့်ကို နေထိထိုးကြိတ်သွား.."
စကားပင်မစရသေး နေထိပိုင်လက်ဖဝါးသည် နုနယ်ပါးစပ်ကိုလှမ်းပိတ်လိုက်သည်။ကြောင်အနေသောနုနယ်ကို နေထိမျက်လုံးစုံမှိတ်ပြကာ ခေါင်းတစ်ချက်ညိတ်ပြသည်။ ပြီးမှ...ဖြေရှင်းချက်တိုးတိုးလေးပေးသည်။
"အိမ်ကလူတွေမသိဘူး။အပြင်သွားတော့မှ ပြော.."
နုနယ်လည်း ခေါင်းညိတ်ပြလိုက်သည်။ကြားရတဲ့သတင်းစကားမှာ ငါလည်းရင်နာတယ်ဆိုတာ...ဒီတစ်သက် နင်တို့သိမှာမဟုတ်ပါဘူး။
ကိုယ့်ခံစားချက်ကိုမပြောလိုက်ရခြင်းသည် မပြောသင့်မှန်းသိချိန်မှ
အလွန်တန်ဖိုးကြီးနေတော့လေသည်။