(အခန်း ၄)
ပြတင်းပေါက်မှတစ်ဆင့် မြင်ရသော
ကောင်းကင်ပြာကြီးမှာ အစအဆုံးမဲ့ ခန့်ထည်နေသည်။ ကောင်းကင်ကြီးအောက်မှ ပြေးလွတ်သူမရှိသလို ချစ်ခြင်းမေတ္တာမှလည်း ပြေးလွတ်သူမရှိ။
ကောင်းကင်ကြီးမှာလည်း အရှိန်အဟုန်ကောင်းသည်။
နေပူလျှင် တောက်ပပူပြင်းသည် ။
တစ်ခါတလေကျတော့လည်း နွေးထွေးစေသည်။
မိုးရွာလျှင် အုံ့ဆိုင်းသည်။ အချိန်နှင့်အတူ အရောင်ပြောင်းလဲသည်။
ချစ်ခြင်းမေတ္တာကတော့ ကွဲပြားစွာ၊
အရောင်တောက်ပပေမဲ့ တောက်ပမှုကိုယူချင်သူ ရှိ၊မရှိ မသေချာ။...
အုံ့ဆိုင်းမနေပေမဲ့ အလွမ်းအဆွေးဆိုသော ခံစားမှုဒဏ်ကို ခံစားနိုင်မှရမည်။
အရောင်မပြောင်းလဲပေမဲ့ အချစ်ကိုခံစားတတ်ပြီဆိုတာနှင့် ချစ်တက်သူအားလုံး နာကျင်ရတော့သည်။
..ကျွန်တော် ချစ်တတ်တယ်...အသည်းတွေကြေမတက် နာကျင်ခဲ့ရတယ်။..
လေအေးအေးလေးဝင်လာသောအခါ မျက်လုံးကိုစုံမှိတ်ချလိုက်သည်။
ထိုအချိန်က အလွန်အေးငြိမ်းနေသောကြောင့်ဖြစ်သည်။ မျက်ဝန်းတွေကိုပြန်ဖွင့်လိုက်တော့ အဆောင်နားမှ သပြေကြီးပင်ရှိ သပြေကြီးရွက်များ ကြွေကျနေသည်။ တချို့ရမ်းခါနေသည်။
ရမ်းခါမှုများအဆက်မပြတ်သည်မှာ လေကြမ်းတိုက်ခိုက်လာလို့ဖြစ်မည်။ လေနှင့်အတူ ကောင်းကင်တစ်ခွင်တွင်... အပြောင်းအလဲမြန်မြန် အုံ့ဆိုင်းသွားပေသည်။
အခု.. မိုးရွာတော့မှာလား။ သတိရမိတယ်..။စတွေ့ခဲ့တဲ့နေ့လေးကို ။...
ကြာခဲ့ပါပြီ။ အချိန်တွေပဲအကုန်မြန်လို့လား ။
တချို့အရာတွေ ပြောင်းလဲသွားပြီဗျ။
ဒါပေမဲ့... မပြောင်းလဲသည်မှာ ကျွန်တော့်အချစ် ။
မပြောင်းလဲသူက ကျွန်တော်ချစ်ရသူ။...(အတိတ်ကာလဆီသို့...)
မိုးစက်မိုးပေါက်များသည် ကောင်းကင်ပေါ်မှအပြိုင်အဆိုင်ဆင်းသက်ကာ မြေပြင်ထက်၌ နေရာလုနေကြသည်။ပျော်ပျော်ကြီးခုန်ဆင်းလာသော မိုးစက်များကိုကြည့်ရင်း မပျော်နိုင်သူကတော့ ကောင်းကင်ကြီးကိုမျက်စောင်းခဲကြည့်နေသည်။
"ဂျိန်း"
"အား..အိုး! လန့်ဟားလိုက်ရယ်..."
အင်္ကျီအဖြူရောင်မှာ မိုးရေကြောင့် ဟိုတစ်စသည်တစ်စစိုစွတ်နေသည်။ ကို့ရိုးကားယားလုံချည်အစိမ်းမှာလည်း မိုးရေရွှဲလျက် ။ကျောပိုးအိတ်က အခုတော့ရင်ဘတ်ကပ်အိပ်ဖြစ်နေပြီ။အရှေ့မှာပိုက်ထားမှ မိုးရေစိုသက်သာမည်လေ။
ကျောင်းမှအပြန် ကားပေါ်ရောက်တော့ မိုးရွာချသည်။ ဆင်းရမယ့်မှတ်တိုင်လည်းရောက်ရော မိုးကပိုသည်းလာသည်။...ကားဂိတ်မှ မိုးလုံသောခေါင်မိုးလေးအောက် ကျွန်တော်တစ်ယောက်တည်းသာ။ချမ်းရသည့်ကြားထဲ မိုးကခြိမ်းပြီး၊ ကျွန်တော်တစ်ယောက်တည်းဆိုတဲ့အတွေးက လူကိုခြောက်လန့်နေသည်။...
ထီး၊မိုးကာ တစ်ခုခုကိုယူမလာသော ကိုယ့်ကိုကိုယ်အပြစ်မတင်နိုင်။ မည်းမှောင်အုံ့ဆိုင်းနေသောကောင်းကင်နှင့် မိုးစက်ကလေးများကိုသာ မျက်စောင်းထိုးပြီး အပြစ်တင်နေမိသည်။
"ဂျိန်း"
"အီးဟီး.."
တော်ပါတော့ ဆက်မခြိမ်းပါနဲ့.. မှောင်မနေပါနဲ့..တော်ပါတော့.. ရပ်လိုက်ပါတော့၊ တစ်ယောက်တည်းလည်းမနေပါရစေနဲ့၊ ကြောက်လို့ပါ။..
စိတ်ထဲ၌စကားလုံးများစွာကိုပြောပြီးသော်လည်း၊ ပါးစပ်ကတော့ ငိုသံသဲ့သဲ့သာထွက်သည်။
"ဂျိန်း...ဂျိန်း.."
မိုးခြိမ်းသံအကျယ်ကြီးမြည်ဟီးလာပြန်သည်။ကျွန်တော်ငုတ်တုတ်လေးထိုင်ကာ ဒူးကို လက်နှစ်ဖက်နှင့်ပိုက်ပြီး တစ်ကိုယ်လုံးတုန်ယင်လို့နေသည်။မိုးရာသီသည် ကျွန်တော့်အတွက်...အဆိုးရွားဆုံး အချိန်ကာလ၊ အရက်စက်ဆုံး အိပ်မက်တစ်ခု။
ပါးပြင်တစ်လျှောက် မျက်ရည်စီးကြောင်းများကြောင့် စိုစွတ်နေပြီး၊ တစ်ကိုယ်လုံးမှာဖြင့် မိုးစက်မိုးပေါက်များကြောင့် စိုစွတ်လို့ချမ်းစိမ့်နေတော့သည်။
"ဘာဖြစ်လို့လဲ..ကလေး.."
တည်ငြိမ်နွေးထွေးသောအသံသည် နားထဲသို့ပျော်ဝင်သွား၏။ထိုအသံပိုင်ရှင်..ထိုသူ့အား ကျွန်တော်ပြုံးပြလိုက်တော့သည်။ ကြောက်စိတ်နည်းနည်းမျှ လျော့ပါးလေသည်။သို့သော်...ဘာကြောင့်ငိုတယ်ဆိုတာကိုတော့ မရှင်းပြနိုင်ပါ။
ယောက်ျားလေးတစ်ယောက်။ အသေချာဆုံးပြောရလျှင် ကျွန်တော့်ထက် အသက်အနည်းငယ်ကြီးမည့် အစ်ကိုအရွယ်လောက်..။သူ့လက်မှအထိအတွေ့၊ သူ့နှုတ်ခမ်းမှ ထွက်ကျလာသော ဂရုတစိုက်စကားလုံးများကြောင့် ၊ ကျွန်တော် မှင်သေသေဖြင့် မော့ကာငေးကြည့်နေခဲ့မိသည်။
ထူးဆန်းတဲ့ခံစားမှုတစ်ခု ညာဘက်ပုခုံးမှတစ်ဆင့် ကျောရိုး ၊ ရင်ဘတ် စသည့်နေရာအစုံကို ဖြန့်ကျက်ပြေးလွှားနေကြောင်း ကျွန်တော်ထိတ်လန့်စွာ ခံစားသိရှိလိုက်ရသည်။ အားကိုးရာရင်ခွင်တစ်စုံရလိုက်သလို လုံခြုံသွား၏။
ထိုစဉ်အခါတုန်းက ...ကျွန်တော့်နှလုံးသားသည် အဖြူရောင်..။
နှလုံးသားကို အရောင်ဆိုးရကောင်းမှန်းမသိသလို၊ အရောင်ဆိုးလို့မဖြစ်မှန်းလည်း မသိခဲ့သည်အချိန်..။
"မင်းငိုပြီးပြုံးတာကလည်း မြန်လိုက်တာ၊ ဘာလဲ..မိုးရွာတော့ ထီးမပါလို့ငိုတာလား။..."
ဟင်... ကျွန်တော်က ပြုံးပြလိုက်သည်တဲ့။ အစ်ကိုကပြောနေသည်..။
"ရော့.. ဒီရှပ်အင်္ကျီလေးခေါင်းပေါ်အုပ်ပြီးမြန်မြန်ပြေး..ကြားလား၊ မိုးတိတ်တဲ့အထိအကြာကြီးထိုင်စောင့်နေရင် မင်းပိုပြီးအအေးမိလိမ့်မယ်.."
အင်္ကျီကိုလက်ကမ်းပေးသော အစ်ကိုသည် ရေစိုနေသောဆံပင်များကို သပ်တင်လိုက်သောအခါ၊..မျက်ခုံးမထူမထဲနှင့်ကကြီးပုံနဖူးက လိုက်ဖက်လွန်းသည်။
နဖူးလေးပေါ်ကာ ဆံပင်တွေရှုပ်ပွေမနေလျှင် လူရည်သန့်မှန်း ပိုသိသာစေသည်။
ပြုံးခဲမည့်နှုတ်ခမ်းက ညက်ညောစွာတည်ငြိမ်သည်။
ဟာ...ကျွန်တော် သူ့မျက်လုံးတွေကိုမမြင်လိုက်ရခင် ဆံပင်များကမျက်ဝန်းကို ကွယ်ချလိုက်သည်။ မျက်လုံးလေး မြင်လိုက်ရလျှင်၊ တစ်ခါလောက်ပြုံးလိုက်လျှင်၊..ဟွန့်...ကြည့်ချင်လိုက်တာနော်။
"ဟေ့ ကောင်လေး၊ ဖျားနေဦးမယ် ပြန်တော့လေ။"
အဲ့ဒီအချိန်ကတည်းက အစ်ကိုကစနှင်လိုက်တာ...ယခုအချိန်အထိပါပဲ..။
BẠN ĐANG ĐỌC
Lãng mạnအချစ်နဲ့ မာနကြား စည်းတစ်ခုပဲခြားတယ်ဆိုရင်... အဲ့ဒီစည်းဟာ တွေဝေခြင်းပေါ့။ ဒါဆို တွေဝေခြင်းပေါ် ခြေစုံရပ်နေမိတာ ကျွန်တော်။ အကယ်၍များ ချစ်ခရီးလမ်းပေါ် ကျွန်တော် မာနဆမ်းခဲ့မိပါလျှင်... တလွဲမာနတွေ ရေစုန်မြောဖို့... ချစ်၊မိုးရေ စွေလိုက်ပါတော့လား။.... ...