အခန်း ၂၉
"လွမ်းနေတာ အကိုရ.."
နေထိပိုင် သစ်သီးများဝယ်ပြီး သူလေးတို့အဆောင်ကိုသွား၍တွေ့တော့ တွေ့တွေ့ချင်းမှာ သူလေးပြောလိုက်သည့်စကား။
"အင်း..."
နေထိ ထိုမျှသာပြောလိုက်သည်။ ရှေ့ဆက်မရတဲ့ သူတို့အခြေအနေကို အငယ်ဖြစ်တဲ့သူလေးမသိလျှင် နေထိသိထားဖို့တော့လိုသည်။
"ပြောရဦးမယ်။ ကျွန်တော် စက်ဘီးနင်းတက်နေပြီ အစ်ကို ။"
"အင်း.."
နေထိကို သူလေးမော့ကြည့်လာလေသည်။ဒါပေမဲ့ ဘာမျှမပြော။ လက်ထဲက သစ်သီးတွေကိုသာလှမ်းယူလိုက်၏။
"စာမေးပွဲအစမ်းဖြေကြည့်တာကလည်း အကုန်အဖြေမှန်နေတယ်။"
"တော်တာပေါ့..."
သူလေး စိတ်ထဲနည်းနည်းတင်းလာသည်။ မလှုပ်မယှက်မတ်တပ်ရပ်နေပြီး ပြောသမျှ အင်းလိုက်နေတာ ကျောက်ရုပ်ကြီးအတိုင်း။
"အစ်ကို နေကောင်းလားဟင်.."
"အင်း..ဖန်ရော။"
"ကျွန်တော်လည်း ကောင်းပါတယ် အစ်ကို..."
နေထိ ပြုံးသည်။နှုတ်ခမ်းလေးအပေါ်သို့ မသိမသာလေးကော့သွားရုံသာ။
"ဖန်..နေကောင်းအောင်နေနော်။ စာလည်းကြိုးစား..အစားကိုအချိန်မှန်စား၊ ကြားလား.."
နေထိလက်ချောင်းလေးများသည် သူလေး၏ဆံပင်ပေါ်တွင်ရှိသည်။ ဆံပင်ပေါ် ရောက်ရှိနေတဲ့လက်ချောင်းလေးများကို သူလေးယူ၍သာ ကိုက်လိုက်ချင်သည်။ နောက်မတွေ့ရတော့မည့်လူကို မှာနေသလိုပြော၍ ပိုသံယောဇဉ်တွယ်မိအောင် ဂရုစိုက်ပေးနေပြန်သည်။
"ဖန်ကစာတော်ပြီးသားပါနော် အစ်ကို.."
"အေးပါကွာ.." ဟုဆိုရင်း နေထိရယ်နေသည်။
"ဒါဆို အထဲပြန်ဝင်တော့ အစ်ကိုပြန်တော့မယ်။"
"ဟာ...အစ်ကိုကလည်း ချက်ချင်းကြီးလား..."
သူလေး မျက်နှာကိုစူပုတ်ကာပြောမိသည်။ တစ်ခါတလေတွေ့ရတာကို စကားလေးနှစ်ခွန်းသုံးခွန်းပြောပြီး ပြီးရမှာလား။ အခွင့်အရေးက ရတောင့်ရခဲရယ်။
"အောင်မာ..မင်းအဖေ ဒါမှမဟုတ် မင်းအစ်ကိုကြီးလာရင်ရော။ နေပါဦး မင်းက အိမ်ပိုင်လို့လား.."
နေထိပြောလိုက်တော့လည်း သူလေး ရယ်ကျဲကျဲလုပ်နေသည်။ တကယ်လည်း သူက အိမ်ကိုကြောက်နေရတယ်မလား။အိမ်ကလည်း စိတ်ဆင်းရဲအောင်မလုပ်ဖို့ ဆရာဝန်ကမှာထားလို့ သူ့ကိုအောင့်အည်းသည်းခံနေမှန်း သူလေးသိသည်။
"မင်းတို့အိမ်ကလူတွေ မရောင်ရာဆီလူးနေတာလေ။ အလကား ဘဝင်ခေါင်ခိုက်နေကြတာ။"
ဘုစပ်စပ်ထပ်ပြောလာသော နေထိ။ဒါ ပထမဆုံးအကြိမ် သူလေးတို့မိသားစုကို နေထိပိုင် ဝေဖန်လိုက်ခြင်းဖြစ်သည်။
"မင်းအစ်ကိုကြီး ဒီတစ်ခေါက်ပြန်လာရင်မေးလိုက်စမ်းပါ။ ဘာလို့ ငါနဲ့မင်းကတွေ့လို့မရတာလဲလို့...ငါက ဘာဖြစ်နေလို့လဲ။မင်းကရော ဘာမို့လို့လဲ..."
တစ်ခွန်းချင်းနေထိပြောနေတော့လည်း သူလေးမှာ အကြောင်သားရပ်ကြည့်နေမိဆဲ ။ ဘာပြန်ပြောရမှန်းလည်းမသိ။
အစ်ကိုကစိတ်ဆိုးနေလို့လား။ ဒေါသထွက်နေတုန်းလား ။ အိမ်ကလူကြီးတွေများ အစ်ကို့ကိုတစ်ခုခုပြောလိုက်လို့လား..စသဖြင့် သို့လော သို့လော ။
သူလေး ရပ်ကြည့်မိနေဆဲ။
ကျောခိုင်းထွက်ခွာသွားသောနေထိကို ကြည့်နေမိဆဲ။ အစ်ကိုက ကျွန်တော့်ကို စိတ်ပျက်နေပြီလား။ဒါမှမဟုတ် ကျွန်တော့်ခံစားချက်ကိုရိပ်မိသွားလို့လား။
ဘာမှဆက်မတွေးရဲ။ တစ်ဆုံးတွေးပြီး ဒုန်းဒုန်းကျတဲ့ကိုယ့်စိတ်ကို ကိုယ်အသိဆုံးဖြစ်သည်။
"မေးကြည့်စရာမလိုပါဘူး အစ်ကိုရယ်။ အဖြေက ကျွန်တော့်ဆီမှာလေဗျာ။"
သူလေးတစ်ယောက်တည်း ခပ်ကျယ်ကျယ်ရေရွတ်ပြီး အဆောင်ထဲကိုပြန်ဝင်သွားလေသည်။
ကျောပြင်လေးတစ်သိမ့်သိမ့်တုန်နေသည်မှာ..ငိုနေတာမဟုတ်ဖို့ မျှော်လင့်မိပါရဲ့ သူလေးရယ်။
YOU ARE READING
Romanceအချစ်နဲ့ မာနကြား စည်းတစ်ခုပဲခြားတယ်ဆိုရင်... အဲ့ဒီစည်းဟာ တွေဝေခြင်းပေါ့။ ဒါဆို တွေဝေခြင်းပေါ် ခြေစုံရပ်နေမိတာ ကျွန်တော်။ အကယ်၍များ ချစ်ခရီးလမ်းပေါ် ကျွန်တော် မာနဆမ်းခဲ့မိပါလျှင်... တလွဲမာနတွေ ရေစုန်မြောဖို့... ချစ်၊မိုးရေ စွေလိုက်ပါတော့လား။.... ...