အခန်း ၃၄
လရောင်ဝါဝါထိန်ထိန်မှာ ပြတင်းပေါက်မှတဆင့်ဖြာကျနေသည်။ လေပြည်အေးကပြေးလွှားနေပြီး တိတ်ဆိတ်သောညချမ်းမှာ အနည်းငယ်တော့ခြောက်သွေ့၏။
"သူလေးအိပ်မပျော်တဲ့ညဆိုရင် ဘာလုပ်တတ်လဲ။"
ထိုမေးခွန်းကို ထူးခြားမေးတာဖြစ်သည်။ ပြတင်းပေါက်အနားမှာထိုင်နေသော သူငြိမ်းအောင်ဖန်မှာတော့ အနွေးထည်ဝတ်ထားတာကိုပင် စောင်နှင့်ထပ်၍အထုပ်ခံရလေသည်။
"အင်း..ကြယ်တွေနဲ့လကိုကြည့်နေရတာကြိုက်တယ်။"
သူလေးအသံကို အိမ်အောက်မှာရောက်နေသည့်နေထိပိုင် ခပ်တိုးတိုးကြားရလေသည်။
"သားငယ်လေးကမောင်းမကန်သွားမယ်ဆိုတော့ ကြီးကျင်ဖြင့်အံသြနေတာ သားရေ..။"
ကြီးကျင်ကမ်းပေးသည့်ရေနွေးခွက်ကိုလှမ်းယူရင်း နေထိကတော့ငြိမ်၍သာနားထောင်သည်။ ရေနွေးပူပူကိုလေမှုတ်ပြီးအအေးခံသလိုမျိုး..ရင်ဘတ်ထဲမှမွန်းကြပ်မှုကိုလည်း ဤကဲ့သို့မှုတ်ထုတ်လို့ရမည်ဆိုလျှင်ကောင်းမည်ဟု တွေးမိ၏။
"သားငယ်လေး သူ့အဖေကိုစိတ်ဆိုးလာတာများလား..."
"မသိဘူးလေ ကြီးကျင်.."
ကြီးကျင် ခဏငြိမ်သက်သွားသည်။လူကြီးဆိုတော့လည်း အပွေးမြင်အပင်သိ..
အရိပ်ပြလျှင်အကောင်မြင်ပြီလေ။နေထိပိုင်နှင့်ထူးခြားပိုင်တို့လည်းရိပ်မိလောက်အောင် သူလေးပုံစံက ငေါင်းစင်းစင်းဖြစ်နေတတ်ပေသည်။
"အေးကွယ်..သားငယ်လေးကို ဂရုစိုက်ပေးပါဦးသားရယ်။ တစ်ခုခုဆိုရင် ကြီးကျင်တို့ကိုနှိုးနော်..အားမနာနဲ့။ ညနေတုန်းက အဖိုးကြီးပြောနေသေးတယ်။ဧည့်သည်ကိုဧည့်ဝတ်မကျေနိုင်လို့ အားနာတယ်တဲ့။ သားငယ်လေးနဲ့အလည်လိုက်လာတာ သက်သက်ပင်ပန်းကုန်ကြပြီ..."
"မဟုတ်တာပဲ ကြီးကျင်။အားနာရမယ့်သူတွေမဟုတ်ပါဘူး ။ကြီးကျင်လည်း အိပ်တော့..ကျွန်တော်လည်း အပေါ်တက်တော့မယ်။ ဟို...ဘအေးကိုလည်း ဧည့်သည်လိုသဘောထားပြီး အားနာမနေပါနဲ့လို့ ။"
ကြီးကျင်ကနေထိကိုပြုံးပြလေသည်။
"အဲ့ဒါဆို ကြီးကျင်သွားပြီနော်.."
"ဟုတ်ကဲ့ခင်ဗျ.."
ကြီးကျင်သူ့အခန်းဆီထွက်သွားမှ နေထိလည်း ခုံပေါ်ရှိရေကျက်အေးခွက်ကိုသေချာကိုင်ပြီး အိမ်ပေါ်သို့တက်လာတော့သည်။မပိတ်ရသေးသောတံခါးကို နေထိပဲပိတ်လိုက်သည်။စကားပြောနေသောနှစ်ယောက်ကတော့ လှည့်၍ပင် မကြည့်။ထူးခြားက သူ့တွင်အိပ်မပျော်သောည အိပ်ရေးပျက်ခဲ့သည့်ညမရှိဟုပြောသောအခါ သူလေးမျက်ဝန်းကပိုပြီးဝိုင်းစက်သွားရလေသည်။
"အံ့သြတာပဲ.." တဲ့။အသံလုံးလုံးထွေးထွေးနှင့်ပြောလိုက်တာကြောင့် ထူးခြားကရယ်သည်။ထူးခြားနှင့်သူလေးတို့သတိမထားမိပေမဲ့ နေထိလည်းရယ်လေသည်။
"နှပ်ပေ..ရော့ ရေကျက်အေး။ ဆေးသောက်ရအောင်..."
နေထိလှမ်းပေးတော့ သူလေးကလက်လေးနှစ်ဖက်နဲ့ခွက်ကိုသေချာယူသည်။ ဆေးကိုယူပြီးနောက် ဆေးသောက်ဟန်ပြင်နေသည်မှာ မပြီးတော့။ အဲ့ဒီလောက်တောင် ဆေးကြောက်လေသည်။
"ကဲ..မြန်မြန်သောက်ချလိုက်လေကွာ.."
နေထိရဲ့စိတ်မရှည်တဲ့အသံထွက်လာမှ ဆေးကိုပါးစပ်ထဲပတ်သွင်းပြီး ရေကို
အသည်းအသန်မော့သောက်သည်။
သူလေးနဖူးကို နေထိကိုယ်ပူစမ်းကြည့်တော့ အဖျားတော့မရှိ။သို့ပေမဲ့ ဆေးနှင့်ကြိုမကာကွယ်လျှင်..မနက်ဖြန်မှာ ဖျားမည့်ပုံစံမျိုးဖြစ်သည်။
"ညနေက ဆိုင်ကယ်စီးရတာညောင်းလား.."
ဆိုင်ကယ်အကြာကြီးထိုင်စီးရလျှင်လည်းညောင်းညာတတ်၍ နေထိမေးလိုက်သည်။
"မညောင်းပါဘူး အစ်ကိုရ..။ကျွန်တော် ဘာမှကိုမဖြစ်တာ..။"
ထိုင်နေရင်းမှကုန်းရုန်းထပြီး ခြေတွေလက်တွေလှုပ်ရှားပြနေသောသူလေးသည် နေထိမျက်လုံးထဲမှာတော့ အူကြောင်ကြောင်နှင့်ချစ်ဖို့ကောင်းသောအမူအရာဖြစ်နေသည်။
"ပြန်ထိုင်စမ်းပါ သူလေး။အဲ့ဒီပြတင်းပေါက်တံခါးလည်းပိတ်..လေဝင်မယ်။"
ထူးခြားကသူလေးလက်ကိုဆွဲချရင်းထိုင်ခိုင်းပြီး နေထိဘက်ကိုလှည့်ကာတံခါးပိတ်ခိုင်းတာကြောင့် နေထိတံခါးထပိတ်ပေးရသည်။
"ကြယ်တွေကြည့်မယ်လေ အစ်ကိုတို့ရာ။ ဒီညမအိပ်ကြနဲ့နော်.."
ထူးခြားကိုချွဲနေသောသူလေးကို..နေထိ ကြည့်ရုံသာကြည့်နေလိုက်တော့သည်။
"အေးကွာ..မအိပ်ဘဲ ကြယ်ကြည့်မယ်။ တံခါးပေါက်ပြန်ဖွင့်.."ဆိုပြီး ထူးခြားက တံခါးပေါက်ကိုပြန်ဖွင့်လေသည်။
"ညတစ်ညရဲ့ ကောင်းကင်ဟာ လမင်းရောကြယ်ရောရှိနေမှ အဓိပ္ပါယ်ရှိတာ..."
သူငြိမ်းအောင်ဖန်ပြောသောစကားဖြစ်သည်။
မှန်သည်။ ညတစ်ညရဲ့ကောင်းကင်မှာ လပြည့်ဝန်းကြီးနှင့်တမှိတ်မှိတ်ကြယ်လေးတွေရှိမှသာလျှင် အလွန်လှပပေသည်။
ထိုနည်းတူ..အချစ်တွင်လည်း အချစ်နှင့်ယုံကြည်ခြင်း ၊ နားလည်မှုတို့ပေါင်းစပ်မှသာလျှင် လှပနေနိုင်ပါလိမ့်မည်။
သည်လိုနှင့်...တဖြည်းဖြည်း ညဉ့်နက်လာသည်။ မောင်းတင်ကာကြိမ်းခဲ့ပြီး အရင်အိပ်သွားသောသူလေးကို နေထိနှင့်ထူးခြားနှစ်ယောက်ပေါင်းနှိုးပြီး အိပ်ရာပေါ်ရွှေ့ခိုင်း၍ စောင်ခြုံခြင်ထောင်ချပေးဖြင့် ပြုစုရသေးသည်။
နောက်တော့...မအိပ်ကြသေးဘဲပြန်ထိုင်နေမိသူမှာ ထူးခြားနှင့်နေထိဖြစ်သည်။
"သူလေးက ချစ်ဖို့ကောင်းတယ်.."
နေထိ ပြုံးလိုက်သည်။ သူလေးချစ်ဖို့ကောင်းတာကို နေထိသိတာပဲလေ။ သို့သော် ထူးခြားနှင့်နေထိတို့ သူလေးကိုချစ်ကြတာချင်းတော့မတူ။
"ငါ အိမ်ထောင်ပြုပြီးရင် သူ့လိုသားမျိုးလေးအရင်မွေးဖို့တောင်းဆိုမယ်.."
ထူးခြား ထိုစကားကိုပြောတော့ နေထိပိုင်မရယ်ဘဲမနေနိုင်။ အိမ်မှာသာဆိုလျှင်အကြိုက်အော်ရယ်ပစ်လိမ့်မည်။ သူများအိမ်မှာဧည့်သည်ဆိုတော့လည်း ရယ်တာတောင် သက်သောင့်သက်သာမဖြစ်။
"လျှောက်ပြောနေလိုက်။ မင်းမကြားဖူးဘူးလား ။ မနက်ဖြန်ထက် သေနေ့ပိုနီးတယ်ဆိုတာလေ..."
"ခွေးကောင်..မင်းကိုခံစားချက်တွေပြောပြရတာ သဲထဲရေသွန်ချရသလိုပဲ.."
နေထိ ခေါင်းခါသည်။ ရယ်မောခြင်းတော့မပြတ် ။ ထူးခြားက သူနှင့်ရုပ်မှလွဲ၍ စိတ်နေစိတ်ထားလုံးဝမတူတာသေချာသည်။သည်လိုအနေအထားမျိုးကို သူသာဆိုလျှင် သဲထဲရေသွန်ချသလိုလို့ပြောမည်မဟုတ်။ နွားကို ဖာလူဒါတိုက်ရသလိုပဲလို့ ပြောလိုက်မှာ။
"နေထိ.."
"ဘာလဲ...ပြော"
"ငါမရှိလည်း မင်းကောင်းကောင်းမွန်မွန်နေနော်..."
"အဲ့ဒါဆို..မင်းရောက်မလာခင်က ငါဘယ်လိုနေလဲ.."
"ဂျလေပီလိုနေတယ်လေ..."
ထူးခြားက နေထိကိုပြန်ခွပ်နိုင်သည့်သူ့စကားကို အားရသွားဟန်ဖြင့်ပြုံးလိုက်ပြီး
ပြတင်းပေါက်တံခါးဘောင်ကို လက်ချောင်းများနှင့်တတောက်တောက်ခေါက်နေလေသည်။
"မင်းမသိပါဘူးကွာ.."
ထူခြား၏ တတောက်တောက်သံစဉ်မှာ ရပ်တန့်သွားသည်။
"သိတာပေါ့..ညီလေးရယ်။ငါလည်းစိတ်လွတ်ကိုယ်လွတ်နဲ့ ကိုယ့်ဘဝကို ကိုယ်ကျေနပ်နေရတာမဟုတ်ဘူး။ "
နေထိ ပြုံးလိုက်ပြီးခေါင်းကိုမော့လျက် ကြယ်တွေကိုရေတွက်ဖြစ်သည်။ အတက်နိုင်ဆုံး ဘာမျှမတွေးချင်တော့။
"ဒါပေမဲ့ အခုတလော မင်းငြိမ်နေတယ်နော်.."
ကြယ်တွေကရေတွက်ရင်းနှင့်ပင် ပတ်ချာလည်ပြီး ဆယ်လုံးမှမတက်တော့။ ထိုအချိန်တွင်... ထူးခြားအသံကြောင့် အာရုံကပို၍ပျက်ရသည်။
"မင်း..အဖေ နောက်အိမ်ထောင်ပြုတာကိုကျေနပ်ရဲ့လား.."
ကျွန်တော် သက်ပြင်းကိုခပ်ရှည်ရှည်ချမိသည်။ ကျေနပ်ရဲ့လား တဲ့။ မကျေနပ်ဘူးဆိုရင်ရော အရာရာပြောင်းလဲ၍ရမည်လား။ ပြောင်းလဲနိုင်လျှင် ကျွန်တော့်ဆီမှာမကျေနပ်သောကိစ္စတို့ အလွန်များနေသည်။
ကျွန်တော့် ဘဝ။ ကျွန်တော့် စိတ်ဓာတ်။ ကျွန်တော့် အိပ်မက်။ ကျွန်တော့် နှလုံးသား...ထိုအရာတွေကို ပြောင်းလဲပစ်ချင်သည်။
"ငါ ..ကလေးတစ်ယောက်ဆီကသင်လိုက်တာ.."
ကျွန်တော့်စကားက တစ်မျိုးဖြစ်နေမလား။ အမှန်ပင် ကလေးတစ်ယောက်သင်ပြလိုက်သော ခံနိုင်ရည်စွမ်းအားအသေးစားဖြစ်သည်။
"သူငြိမ်းအောင်ဖန်ဆီကလေ..."
"ဘယ်လို.."
"ဟုတ်တယ်..ဖန့်ဆီကသင်လိုက်တာ။ မင်းပဲစဉ်းစားကြည့် ။ဖန်က သူ့အမေကို သိပ်ချစ်တာ။ အဲ့ဒီလိုပဲ သူ့မိသားစုကိုလည်း သိပ်ချစ်မှာသေချာတယ်။သူ့အသက်ငယ်ငယ်လေးမှာ သူ့အမေက လောကကြီးထဲကနေအပြီးထွက်သွားခဲ့တယ်။အဲ့ဒီအချိန်မှာပဲ သူ့အမေနေရာကို သူစိမ်းမိန်းမတစ်ယောက်ဝင်ပြီးနေရာယူတယ်။ဖန် ဘာမှမခံစားရဘူးလို့ မင်းထင်လား။ ဖန်ခံစားရမယ်ဆိုတာကို မင်းရောငါရောခံစားဖူးလို့ ငါတို့သိနေတယ်။ဒါပေမဲ့ အဲ့ဒီကောင်လေးကမခံစားပြဘူး။ မကျေနပ်ကြောင်းမပြောသလို ကျေနပ်တယ်ဆိုပြီး ဖက်လဲတကင်းလည်းမရှိဘူး။ အဲ့ဒါကလေ...ဖန်ဘယ်လိုမှမသတ်မှတ်တော့လို့။ သူ့အဖေ ဘာလုပ်လုပ် ဘာပဲဖြစ်ဖြစ် သူ့အဖေပျော်ဖို့ဖြစ်ပြီး သူနဲ့မသက်ဆိုင်ဘူး။သူဘာလုပ်လုပ် ဘာတွေပဲဖြစ်ဖြစ် သူပျော်ဖို့ဖြစ်ပြီး သူ့အဖေနဲ့မသက်ဆိုင်ဘူးဆိုတဲ့သတ်မှတ်ချက်ကို သူသတ်မှတ်လိုက်တာပဲ။"
ကျွန်တော့်စကားဆုံးတော့ ထူးခြားကခပ်တိုးတိုးရယ်ပြီး သတိပေးစကားဆို၏။
"မင်းက သူလေးနဲ့ပတ်သတ်ရင် သိနေတဲ့အကြောင်းအရာတွေများတာပဲ။"
ထူးခြားကထိုမျှသာပြောသော်လည်း ထိုစကားသည်မပြီဆုံးနိုင်သေးကြောင်း ကျွန်တော်သိသဖြင့် ခွန်းတုံ့မပြန်ဘဲငြိမ်နေလိုက်သည်။
"သိတယ် ခင်တယ် သနားတယ် စာနာတယ် အဲ့ဒါမျိုးတွေကတော့ကိစ္စမရှိဘူး။ ဒါပေမဲ့ နေထိ...အဲ့ဒီအရာတွေအားလုံးကိုစုသယ်ပြီးတစ်ဆင့်တက်ဖို့တော့ မင်းယောင်လို့တောင်မတွေးစေချင်ဘူး။"
နေထိ ထူးခြားကိုသေချာနက်နက်နဲနဲကြည့်လိုက်မိသည်။ မှန်တစ်ချပ်ကိုကြည့်နေရသလိုမျိုး ရုပ်လက္ခဏာတူလွန်းလှသည်။ သို့သော် ခံစားချက်ကတော့ လုံးဝကွဲလွဲနေပြီး စိတ်ချင်းတော့ခန့်မှန်းမိနိုင်သည်။
"ငါပြောတာကို မင်းနားမထောင်မှန်းသိတယ်.."ဟူ၍ ထူးခြားထပ်ပြောလိုက်ခြင်းမှာ နေထိက သူ့ကိုခပ်မဲ့မဲ့ရယ်ပြလိုက်သောကြောင့်ဖြစ်လိမ့်မည်။
အကာအရံခြားထားသောအခန်းလေးထဲသို့ နေထိစောင်းငဲ့ကြည့်သည်။ ချစ်ရသူကိုမမြင်နိုင် ။ သို့သော်ငြား အချစ်ဆိုသည့်ခံစားချက်ကလည်းထူးဆန်းသည်။
သူရှိတဲ့အရပ်သည် ကိုယ့်အနားမှာပါလားဆိုသောခံစားချက်နှင့် ကျွန်တော့်ရင်ဘတ်ထဲ၌ နင့်နေအောင်စူးအောင့်ရင်း နွေးထွေးရပြန်လေသည်။
"မချစ်ရက်အောင်ကိုချစ်နေမိပြီ ။ မရတော့ဘူး..ရပ်တန့်လို့။ ဒါပေမဲ့ အဆုံးစွန်အထိမျိုသိပ်ပြီး ငါပဲကြိတ်မှတ်ခံစားနေလိုက်မှာ။"
ထူးခြားပိုင်မျက်နှာသည် ရွဲ့သွားသလား မဲ့သွားသလား ကျွန်တော်မကြည့်ဖြစ်။
မျက်လုံးစုံမှိတ်ချပြီး လေပြည်လေအေးတိုးဝှေ့ခြင်းကိုခံစားနေစဉ်..ရင်ခုန်သံသည် နူးညံ့စွာခုန်မြူးလို့ကြည်နူးနေတော့၏။
"မပူလောင်စေချင်ဘူးကွာ။ငြိမ်းချမ်းစေချင်တာ.."လို့ နေထိကထပ်ပြောသည်။
နုနယ်သောနှလုံးသားထံ အပ်နှင်းပေးမည့်အချစ်၏ပုံသဏ္ဌာန်သည် ပူလောင်သောအရောင်မဖြစ်ရ ။ အစဉ်ထာဝရအေးမြသကဲ့သို့ ငြိမ်းချမ်းသောအရောင်သာဖြစ်စေချင်မိသည်။
သို့ပေမဲ့လည်း...ဘဝဟူသည် ကိုယ်လိုအပ်သလိုမရ ။ ကိုယ်မလိုအပ်သလို ရတတ်သည်ကို ကံကြမ္မာမှမကြာခင်ရုပ်လုံးချပြတော့လေသည်။
ကံတရားကိုကျွန်တော်တို့ဖန်တီးမရပါကြောင်း မေ့မနေခဲ့လျှင်...။
အချစ်ဆိုတာ ငြိမ်းချမ်းခြင်းရဲ့ အဓိပ္ပါယ်တစ်မျိုးတဲ့ ။
မင်းနှင့်ကိုယ်ချစ်ပါလျက် ဘာကြောင့်မငြိမ်းချမ်းရပါသလဲ...။
BINABASA MO ANG
Romanceအချစ်နဲ့ မာနကြား စည်းတစ်ခုပဲခြားတယ်ဆိုရင်... အဲ့ဒီစည်းဟာ တွေဝေခြင်းပေါ့။ ဒါဆို တွေဝေခြင်းပေါ် ခြေစုံရပ်နေမိတာ ကျွန်တော်။ အကယ်၍များ ချစ်ခရီးလမ်းပေါ် ကျွန်တော် မာနဆမ်းခဲ့မိပါလျှင်... တလွဲမာနတွေ ရေစုန်မြောဖို့... ချစ်၊မိုးရေ စွေလိုက်ပါတော့လား။.... ...