အခန်း ၂၁
"အား.."
ကျယ်လောင်သောအော်သံနောက်တွင် တအီးအီးငိုသံပါ ရောထွေးလိုက်လာလေသည်။
"မနာပါဘူး သူလေးရာ...ဆရာက သားကို နာအောင်ဆေးထိုးပါ့မလား။ မင်းကွာ အော်လိုက်တာ။"
ဆေးအိတ်ထဲမှာ သိမ်းစရာရှိတာပြန်ထည့်သိမ်းရင်း ရယ်ရယ်မောမောပြောနေသော Family Doctorကို သူငြိမ်းအောင်ဖန်စိတ်ထဲ၌ စုံစိနေအောင်ပြန်ပြောပြီးဖြစ်သော်လည်း လက်တွေ့မှာတော့ စူးခနဲနာကျင်နေသည့်တင်ပါးလေးကိုသာ ဖိပွတ်နေရလေသည်။
"မနေ့ညနေထဲကမသက်သာလို့ ဆရာနဲ့ပြမလို့ကို ပေကပ်နေလို့...ဒီနေ့မှကြိမ်းမောင်းပြီး ဆရာ့ကိုလှမ်းခေါ်လိုက်ရတာ ဆရာရေ။"
တီလေးကတော့ နည်းနည်းပါးပါး အနားလာပြီး ဆေးချေပေးမယ်မရှိဘူး။ ကျွန်တော့်ကိုအပြစ်တင်ဖို့သာ ရသည်။
"စာမေးပွဲလည်းအပြီး လူလည်းဗုန်းဗုန်းကျပေါ့ .."
ဆရာဝန်က သောက်ရမည့်ဆေးများကို တီလေးဆီပေးရင်း ပြောလိုက်ခြင်းဖြစ်သည်။
"မဟုတ်ပါဘူး ဆရာရေ...အလည်လွန်ပြီးဖြစ်တာရှင့်"
တီလေးက သူလေးကိုမျက်စောင်းတစ်ချက်ထိုးကာ ဆရာဝန်နှင့်စကားပြောနေချိန်မှာ သူလေးကတော့ တီလေးလက်ထဲရှိဆေးများကို အကြိမ်ကြိမ်အခါခါ မျက်စောင်းထိုးပြီးလေပြီ။.............................
"ဒီနှစ် ရက်ထပ်နှစ်လား..."
ဘေးနားတွင် ခြင်းခတ်နေသောနေသစ်ပိုင်ကို ထိုင်ခုံ၌ထိုင်နေသော နေထိပိုင်ကမေးလိုက်သည်။ ခြင်းလုံးကို မြေမထိအောင် ခြေထောက်နှင့်ပင့်တင်နေသော နေသစ်မှာ နေထိကို စကားပြန်ပြောဖို့ပင် မအားလပ်နိုင်ပေ။ နေထိ ခဏကြာအောင်စောင့်ပေးပေမဲ့ စိတ်မရှည်။ အပေါ်မှနေအောက်သို့ပြန်စိုက်ကျလာသည့် ခြင်းလုံးကို နေသစ်ခြေထောက်ပေါ် တည့်တည့်မကျခင် အဝေးရောက်အောင် ကြားဖြတ်ကန်ထုတ်ပစ်လိုက်၏။
"ဟာ..ဘာလုပ်တာလဲ ကိုနေ.."
"မြင်တဲ့အတိုင်းပဲ..မင်းကမေးတာကိုမှမဖြေတာ..။"
"အဲ့ဒါများ..ပြက္ခဒိန် ထကြည့်ပါလား.."
"ပြက္ခဒိန်ထကြည့်ချင်မှတော့ မင်းကိုမေးမလား။ သွား..နေသစ်က လိမ္မာတယ်။ ကိုနေ့ကို ပြက္ခဒိန်သွားကြည့်ပေး.."
"နေထိပိုင်..နေထိပိုင်..ညအချိန်မတော် ဟိုဘက်ရပ်ကွက်အထိ ချောင်းပေါက်မတတ်ခြေဆန့်ရင် ပျင်းရကောင်းမှန်း ညောင်းရကောင်းမှန်းမသိဘူး။ ခြံထဲနဲ့အိမ်ထဲကျမှသွားဖို့ အပျင်းထနေတယ်။"
ခနဲ့တဲ့တဲ့ဖဲ့သွားသောနေသစ်ကို ဘာမှပြန်မပြောဘဲ နေထိမကြားသလိုသာနေလိုက်သည်။ကိုယ်ကလည်း သူပြောသလိုဟုတ်နေတာပဲကို ။
"ဒီလ ၂၈ ရက်သတ်.."
နေသစ်ပိုင် ချက်ချင်းပြန်ထွက်လာပြီးပြောသောစကားကြောင့် နေထိ အနည်းငယ်
ငိုင်သွားသည်။
"ဒီနှစ်လည်း ကိုထူးနဲ့ကိုနေရဲ့ မွေးနေ့မရှိပြန်ဘူးပဲ.."ဟု နေသစ်ကဆက်ပြောသည်။
နေထိပိုင် အပြုံးမပါသော ရယ်သံနှင်အတူပြန်ဖြေသည်။
"ငါ့မွေးနေ့လား..စဉ်းတောင်မစဉ်းစားဘူး။ ဘာမှလည်းအရေးမပါဘဲ.."
နေထိစကားက နေသစ်တို့အတွက်တော့ မဆန်းပေ။ လေးနှစ်မှ တစ်ခါသာကျရောက်တတ်သော သူ့မွေးနေ့အတွက် မေပိုင်၊ ဒယ်ဒီနှင့် မောင်နှမတွေက မှတ်မှတ်ရရပွဲလေးတွေလုပ်ပေးတတ်သော်လည်း နေထိကတော့ မွေးနေ့ကို အမြဲမေ့နေတတ်သည်။ သို့သော်..သူလေးနှင့်ဆုံပြီးနောက်ပိုင်းမှာတော့ နေထိနှင့်မွေးရက်တူသည့်သူလေးကြောင့်သာ မမေ့မလျော့ဖြင့် ဖေဖော်ဝါရီလရက်ထပ်လား မထပ်လား မေးခြင်းဖြစ်သည် ။
"ငါ မနက်ဖြန် စက်ဘီးသွားဝယ်မလို့ မင်းလိုက်ခဲ့ပါလား.."
"ဟမ်..ဘာလုပ် အဲ...ဟိုကောင်လေးအတွက်လား"
"အင်း..."
"သူကစက်ဘီးရောစီးတတ်လို့လား..."
"ဟင့်အင်း...ငါသင်ပေးရင်ဖြစ်တာပဲ.."
"ဟား...ဟုတ်မှလည်းပြောပါဗျာ ။ သူ့ကို ဘောလုံးကန်သင်ပေးတာတောင် တက်လို့လား..။ ဘောလုံးကန်တယ်ဆိုတာ တိုးတိုးတိုက်တိုက်ကစားရတာကို သူလေးကတော့ သူ့ရှေ့တည့်တည့်မှာ ဘောလုံးနဲ့ပြေးလာသူကိုမြင်ရင် ဝင်လုမယ်မကြံဘူး။ကိုယ်လေးကြုံ့ပြီးတောင့်တောင့်လေး မျက်စိစုံမှိတ်ရပ်နေတာ ရယ်ရတယ်။''
နေသစ်သည် ပြောရင်းဆိုရင်း သဘောတကျရယ်ကာ နေထိပိုင်ရှေ့ရှိထိုင်ခုံတွင်
ဝင်ထိုင်လိုက်သည်။
"ခွေးကောင်..မင်း သူလေးကို ဘာမှမဝေဖန်နဲ့။ မနက်ဖြန် လိုက်မလား မလိုက်ဘူးလား ဒါပဲပြော.."
နေသစ်သည် ပခုံးလေး တသိမ့်သိမ့်တုန်ကာရယ်နေရင်းမှ အရှိန်သတ်လိုက်ရသည်။
"လိုက်ပါ့မယ်ဗျာ..လိုက်မယ်..''
နေထိပိုင်မှာဖြင့် မနက်ဖြန်စက်ဘီးဘာအရောင်ဝယ်ရမလဲနှင့် ဘယ်လို ဘယ်အချိန် စက်ဘီးစီးသင်ရမလဲကိုသာ အာရုံရောက်နေမိသည်။
BẠN ĐANG ĐỌC
Lãng mạnအချစ်နဲ့ မာနကြား စည်းတစ်ခုပဲခြားတယ်ဆိုရင်... အဲ့ဒီစည်းဟာ တွေဝေခြင်းပေါ့။ ဒါဆို တွေဝေခြင်းပေါ် ခြေစုံရပ်နေမိတာ ကျွန်တော်။ အကယ်၍များ ချစ်ခရီးလမ်းပေါ် ကျွန်တော် မာနဆမ်းခဲ့မိပါလျှင်... တလွဲမာနတွေ ရေစုန်မြောဖို့... ချစ်၊မိုးရေ စွေလိုက်ပါတော့လား။.... ...