အခန်း ၄၄
"အား...သွားပြီ သွားပြီ။''
အခန်းတံခါးပိတ် ခုတင်ပတ်လည်ကိုခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း သူလေးပြောနေမိသည်။
"ငါ့ခံစားချက်လေးကိုပဲ သိစေချင်ခဲ့တာ။ ပြောပြချင်ခဲ့တာကိုကွာ..''
သူလေး ခြေလှမ်းတို့ကိုခဏရပ်ပြီး တိုးညှင်းစွာရေရွတ်သည်။ရင်ဘတ်ထဲမှ စူးနင့်နာကျင်တာကလည်း ခဏခဏမို့လို့လားမသိ...ကိုယ်နှင့်စည်းဝါးကိုက်နေသလိုပင်။
"နောက် လေးလ..''
ခုတင်ပေါ် ပက်လက်ပစ်လှဲကာ သူ၏ညာဘက်လက်ကို အပေါ်ထောင်လိုက်သည်။လက်ငါးချောင်းက သူ့အာရုံထဲတွင် မြင်မြင်သာသာရှိ၏။ လက်မလေးတစ်ချောင်းကိုနှိမ်ချလိုက်တော့...လက်ကလေး လေးချောင်း။
လေးနှစ်တောင်။ သူ့ကြောက်လန့်ခြင်းကြောင့် တွေဝေနေခဲ့တာ။
အခု လေးလတဲ့။ ထိုအချိန်လေးဟာ ရှေ့လှည့်နောက်လှည့်နဲ့ကုန်သွားမှာ...မကြာဘူး။ သူလေး ခြေလှမ်းလိုက်တိုင်းနောက်ကျတာဟာ...ဟိုအရင်တစ်ချိန်က စိတ်မရှည်ပေမဲ့ စောင့်ခေါ်ပေးတဲ့လူရှေ့မှာပဲကောင်းတယ် ။ ဒီအချိန်မှာ သူလေး ဘာမှမစဉ်းစားချင်...ဒါကြောင့် မစဉ်းစားတော့ဘူး။
အစ်ကို့ဘဝ အစ်ကိုရွေးပါ။ နှောက်ယှက်မှာလည်း မဟုတ်။ လက်ခုပ်သြဘာထောပနာလည်း မပြုနိုင်။
ဒါပေမဲ့ တစ်ချိန်ကျလို့ အတိတ်ကိုပြန်ကြည့်တဲ့အခါ....ငါ့ကိုအရမ်းချစ်ခဲ့တဲ့ယောက်ျားတစ်ယောက် ဒီကမ္ဘာကြီးပေါ်မှာရှင်သန်ဖူးတယ်ဆိုပြီး အစ်ကိုအတွေးထဲမှာ သူလေး ရှင်သန်ချင်မိသည်။
သူလေးဟာ အစောကတည်းက အစ်ကို့ဘက်အလေးသာသူမို့...အဖေနှင့်ကိုကြီး အသည်းအသန်ကန့်ကွက်တာကို လျစ်လျူရှုရလိမ့်မည်။
သူလေးလှဲအိပ်နေရာမှ အတင်းကုန်းရုန်းထပြီး အဝတ်အစားတွေလဲတော့သည်။
အဝတ်အစားလဲပြီး အခန်းထဲမှထွက်လာတော့...အချိန်က အတော်မှောင်နေပြီ။
ညဉ့်နက်နေပြီပဲ။
ဒါပေမဲ့လည်း အိမ်ထဲမှာသည်းမခံနိုင်တာမို့ အပြင်ထွက်လာခဲ့တော့သည်။
အိမ်ကျယ်ခြင်းရဲ့ အကျိုးကျေးဇူး ။ သူလေးအပြင်ထွက်သွားတာကို မည်သူမျှမသိလိုက်ကြ။ ဒီလမ်းတစ်လျှောက်ဟာ လျှောက်ခဲ့ဖူးတော့...မဝေးဘူးဟုသာသတ်မှတ်သည်။
သူလေးအဝတ်အစားလဲတယ်ဆိုပေမဲ့ တကယ်တော့ အကြောင်းမထူး။ သူ့မှာရှိသမျှ အင်္ကျီတွေဟာ...သူ့လို ထိုင်းထိုင်းမှိုင်းမှိုင်းတွေချည်းသာ ။
ကိုယ့်ဇောနှင့်ကိုယ်မို့ မကြာခင်မှာ ကိုယ်သွားချင်သည့်အိမ်ရှေ့သို့ရောက်သွားလေသည်။ အိမ်ရှေ့သာရောက်လာတယ်...အိမ်ထဲကိုမဝင်ရဲ။ ကာဆီးထားသည့် ခြံစည်းရိုးကြီးကြောင့်တော့ မဟုတ်။ တားမြစ်ထားရသည့် ချစ်ခြင်းတရားကြောင့်ဖြစ်နေ၏။
မရောက်တာကြာပြီမို့ထင်သည်။ မီးရောင်ထိန်ထိန်ကြောင့် လင်းနေတဲ့ခြံလေးမှာ ပြောင်းလဲမှုတွေရှိနေသလိုပါပဲ။ ခြံတံခါးရှေ့မှာ ဆောင့်ကြောင့်ထိုင်လိုက် မတ်တပ်ရပ်လိုက် လမ်းလျှောက်လိုက်ဖြင့် ဂနာမငြိမ်နိုင်ပေ။
မရတော့ဘူး။ အိမ်ထဲကို ဝင်မှကိုဖြစ်မည်။ အစ်ကို့ကို တွေ့ချင်သည် ။
ဆုံးဖြတ်ချက်ချပြီး ခြံတံခါးခေါင်းလောင်းဆီ လက်လှမ်းလိုက်တော့...မျက်လုံးကိုထိုးစူးလာတဲ့ အလင်းရောင် ။ လှည့်ကြည့်မိခြင်းက ပို၍ပင် မျက်လုံးကိုကျိန်းစက်စေသည်။
"ဟင် ၊ သူလေး....သားက သူလေးမလား..''
ကားမီးပိတ်ပြီး ရပ်တန့်လိုက်သောကားပေါ်မှ ဆင်းသက်လာသော အမျိုးသမီးကြီးတစ်ယောက်၏ အသံ။
မေပိုင်..။
ကျွန်တော့်စိတ်ထဲမှရေရွတ်ရင်း အနားတိုးကပ်သွားတော့ မေပိုင်သည် နွေးနွေးထွေးထွေးပြုံးပြီး ကြိုဆိုလေသည်။ တစ်ယောက်သောသူလည်း ဤကဲ့သို့ သူ့ကိုကြိုဆိုပေးပါလျှင်...ဘဝကြီးဟာ အရမ်းကိုနေပျော်စရာကောင်းလှပေမည်။
"သားက ဘယ်ကနေ ဘယ်လို''
"ဟို..ဒီနား ဟို..''
ဘာဖြေရမှန်းမသိ၍ ဟိုဟိုဒီဒီ ဝေ့လည်ကြောင်ပတ်လုပ်နေသောကျွန့်တော့်ကို မေပိုင်က အိမ်ထဲသို့ဝင့်ခွင့်ပေးလေသည်။ ကျွန်တော့်ကို ဧည့်ခန်းထဲမှာထိုင်ရန် မေပိုင်ကနေရာချပေးသည်။
"သား..အေးဆေးထိုင်နော်။ မေပိုင်က မေပိုင်အစ်မအိမ်ကပြန်လာတာလေ..''
မေပိုင်က ပြောပြောဆိုဆိုနှင့် ပူအိုက်၍လားမသိ။ Air con ထဖွင့်သည်။
"ဆောင်းဝင်နေပြီကို..အိုက်စပ်စပ်နဲ့ကွာ။'' ဟုလည်း ရေရွတ်လေသည်။
တဖြည်းဖြည်းအေးလာသော အခန်း၏ထောင့်၌ အရောင်အသွေးစုံဖြင့် စိုပြေလှပနေသောရွက်လှပင်လေးရှိလေသည်။
"အဲ့ဒါ သားနေကို သားပေးထားတဲ့ ရွက်လှပင်လေးလေ။ ကြည့်ပါဦး အပင်ကအတော်ထွားနေပြီ။တံခါးပေါက်က နေ့ခင်းဘက်ဆို နေရောင်ဝင်တယ်။သားနေကလည်း ရေလောင်းပေးဖို့မမေ့တော့ အပင်ကဖြစ်ထွန်းတယ်။ ကိုင်းတွေတောင်ဖြတ်ပြီး ပျိုးထားသေးတယ်။''
ကျွန်တော် ငြိမ်သက်စွာနားထောင်ရင်း နှလုံးသားထဲ နွေးကာလှိုက်လှိုက်လှဲလှဲ ပျော်ရွှင်နေမိလေသည်။
**"အစ်ကို...အကယ်၍များ အစ်ကို ချစ်သူနဲ့တွေပြီးမင်္ဂလာဆောင်ဖြစ်တဲ့အခါ...အဲ့ဒီရွက်လှလေးကို ထည့်သုံးပေးပါနော်...ကျွန်တော် အစ်ကို့နှလုံးသားနဲ့ အနီးဆုံးမှာရှိချင်တယ်.."**
ကိုယ်ပြောခဲ့ဖူးတဲ့စကားက ကိုယ့်နားထဲပြန်ဝင်လာတော့ ရယ်ချင်မိသည်။ မင်းကဘာကိုကြည်နူးမိတာလဲ သူငြိမ်းအောင်ဖန် ။ အပင်က မသေချင်လို့ရှင်နေတာဖြစ်နိုင်တယ်လေ။ ပြီးတော့ တခြားတစ်ယောက်အသုံးဝင်ဖို့အတွက် ရှင်သန်နေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။
"ဟယ်..သူလေးတစ်ယောက်တည်းလား...ဒီအချိန်ကြီးကို''
အသံလာရာကိုလှည့်ကြည့်လိုက်တော့ မမမြူးဖြစ်နေသည်။ သွက်လက်သော မမမြူးသည် အရင်လိုပါပဲ။
ကျွန်တော့်အနားတွင်လာထိုင်ရင်း ဆုံးဆုံးစစကြည့်လေသည်။
"ပိန်သွားသလား ကလေးရယ်..''
ကျွန်တော် သဘောတကျရယ်လိုက်မိသည်။
"မဝတာ မမမြူး...အရပ်လေးပဲရှည်လာတာ ။''
သူလေးက ညှိးသောမျက်နှာလေးကိုဖုံးကာပြုံးတော့...မြူးသစ် စိတ်ထဲဘယ်လိုမှနေမကောင်းပါ။
"သြော်..သူလေးကို မမ အသီးတစ်ခုခုဖျော်တိုက်ဦးမှပါ။ အိမ်မှာ အသီးဖျော်စက်ထုတ်သုံးတာနဲ့ သူလေးကို နေ..အဲ...''
မြူးသစ်ပိုင်စကားသည် ပြောနေရင်းပင် ရပ်သွားလေသည်။ အသီးဖျော်ရည်ဆိုတာနှင့် နေထိပိုင်တစ်ယောက် ခပ်ပြုံးပြုံးမျက်နှာလေးဖြစ်သွားပြီး သတိတရပြောတတ်သော စကားလေးရှိသည်။
*'' ဟိုကလေးဆို တအားကြိုက်တာ ။'' ဟူ၍ပြောတတ်သည်။ပြောပြီးလျှင်လည်း သူ့ကိုယ်သူ စုတ်တသပ်သပ်နှင့် ဒေါသထွက်နေပြန်သည်။
"သူလေးကို ဘာဖြစ်လဲ..ဆက်ပြောလေ မမ။''
သူလေးသတိပေးတော့မှ ငိုင်နေတဲ့မြူးက ပြုံးတယ်ဆိုရုံလေးပြုံးပြီး စကားလွှဲသည်။
"သူလေးကို မမတို့တစ်အိမ်လုံးသတိရမိတယ်လို့..''
မြူးသစ်စကားကြောင့် သူလေးစိတ်မကောင်းဖြစ်ရသည်။မမတို့တစ်အိမ်လုံးတဲ့လား ။ တကယ်ဖြစ်ပါစေ မမမြူး ။
"ဟိုလေ..''
သူလေး မပီမသပြောနေတုန်း အိမ်ရှေ့မှ ကားသံကြားရပြီးတစ်ပြိုင်နက်..အိမ်ထဲလှမ်းဝင်သည့် ခြေလှမ်းသံကိုပါကြားရ၏။တစ်ဆက်တည်းမှာပင် အံ့သြနေသောမျက်ဝန်းတစ်စုံနှင့်တိုးသည်။
သူလေးပြုံးပြချင်သော်ငြား နှုတ်ခမ်းတို့က လှုပ်ရှားမရ ။သူလေးရှိရာသို့တစ်ချက်သာကြည့်ပြီး...သွားလိုရာဆက်သွားသူကို သူလေး မနှုတ်ဆက်ဝံ့။ဘယ်လိုပင်ဖြစ်ဖြစ်...သူလေးကတော့ နေထိကိုတွေ့ချင်လို့လာခဲ့တာပဲ။
"နေထိနဲ့ရော ကျောင်းမှာတွေ့ကြသေးလား ..''
မမမြူးကို ခေါင်းခါပြလိုက်သည်။ သူ့ကိစ္စ ကိုယ့်ကိစ္စ မအားရတဲ့အပြင် သွားမတွေ့ရဲလို့ ကိုယ်ကချောင်းမြောင်းကြည့်မှသာ တွေ့နိုင်တာမျိုးပေ။
"မြူး.. ''
ကျွန်တော်တို့စကားပြောနေစဥ် မေပိုင်က မမမြူးကိုခေါ်လိုက်တာကြောင့် နှစ်ယောက်စလုံးစကားပြောရပ်လိုက်ရသည်။
"သားနေနဲ့နုနယ်လေး မေတ္တာမျှနေကြတာ မေမေလည်းမသိရပါလား။ အခုနက မမကြီးတို့အိမ်မှာ နုနယ်လေးအမေနဲ့တွေ့မှ ကိုယ်ကဘာမှမသိတဲ့သူကိုဖြစ်ရော''
သူလေး မြူးသစ်ပိုင်ရဲ့ အသံကိုနားစွင့်မိသည်။ သိပြီးသားကိစ္စတစ်ခုကို ထပ်သိချင်နေတာဟာ...ကိုယ်ကြားမိသလိုမဟုတ်ဘူးဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။
"မေမေ...နေထိကိုပဲ မေးကြည့်လိုက်နော်..''
ကျွန်တော်လည်း အစ်ကို့ကိုမေးကြည့်ချင်တယ်။ဒါပေမဲ့..မျက်နှာချင်းဆိုင်ပင်မတွေ့ရလေတော့ ကျွန်တော်မျိုသိပ်ခံစားနေရုံပဲတတ်နိုင်ပါ၏။
မေပိုင်ကိုနှုတ်ဆက်ပြီး ပြန်ခါနီးအချိန်အထိ အစ်ကို့ကို မတွေ့ရ။ ဘာလို့များပါလိမ့် ။မမမြူးဖျော်တိုက်တဲ့ စတော်ဘယ်ရီဖျော်ရည်က အရမ်းပေါ့ရွှတ်လို့နေ၏။
ခံစားရခက်ပါရဲ့နှင့်...ဘာကြောင့် ခဏခဏခံစားနေရပါသလဲ။ အဖြေကတော့ ချစ်တတ်သွားလို့ပါ။
နေ့တိုင်း အချိန်ရလျှင်ရသလို လိုက်ရှာနေမိသည်။ တွေ့တော့လည်း ဘာမှမပြောနိုင်ခဲ့။ အစ်ကိုကလည်း နားမထောင်ပေး။အချိန်တွေသာ တဖြည်းဖြည်းကုန်ဆုံးလာလေသည်။
လေးလ ။
ထိုအချိန်ကိုလည်း နီးကပ်သထက် နီးကပ်လာသည်။
တစ်ခါတလေမှာ အစ်ကိုနှင့်အစ်မနုနယ်တို့က လိုက်ဖက်လွန်းပေသည်။ တစ်ခါတလေကျတော့ သူတို့နှစ်ယောက်စလုံးကို တစ်စစီ ဆုတ်ချေချင်သည်။
စစ်သောခမျာလည်း မကြာခဏဆိုသလို ကျွန်တော့်အား ဓာတ်ပြားဟောင်းကြီးများဖွင့်ပြလေသည်။
ဖေဖေကလည်း ကျွန်တော်ငြိမ်နေ၍လားမသိ..ဖေဖေလည်း ငြိမ်နေသည်။ တပ်ရင်းကိုပြန်သွားသော ကိုကြီးကတော့....တစ်နေ့သုံးခါကို အနည်းနှုန်းဖြင့် ဖုန်းဆက်သည်။
"မင်းကြပ်ကြပ်သတိထား ။ငါတို့မျက်နှာ အိုးမဲမသုတ်နဲ့ ။''ဆိုသောစကားကို နှုတ်ဆက်စကားပြောသလိုကိုပြောတာဖြစ်သည်။
အိပ်ရာထက်လူးလွန့်ရင်း အတွေးထဲနစ်မြှပ်ခဲ့ချိန်တွေ
များပြားလွန်းလို့...သူငြိမ်းအောင်ဖန်ဆိုတာ အတွေးတွေနှင့်သာ အမြဲနပန်းလုံးနေသောသူဖြစ်သည်။
YOU ARE READING
Romanceအချစ်နဲ့ မာနကြား စည်းတစ်ခုပဲခြားတယ်ဆိုရင်... အဲ့ဒီစည်းဟာ တွေဝေခြင်းပေါ့။ ဒါဆို တွေဝေခြင်းပေါ် ခြေစုံရပ်နေမိတာ ကျွန်တော်။ အကယ်၍များ ချစ်ခရီးလမ်းပေါ် ကျွန်တော် မာနဆမ်းခဲ့မိပါလျှင်... တလွဲမာနတွေ ရေစုန်မြောဖို့... ချစ်၊မိုးရေ စွေလိုက်ပါတော့လား။.... ...