အခန်း ၃၃
ကျွန်တော်လမ်းလျှောက်နေသည်။ထူးခြားပိုင်ရှိသည့် အမေ့အိမ်ဆီသို့သွားသောလမ်းပေါ်မှာဖြစ်သည်။ မိုးရွာထဲမယ် ကျွန်တော်ပြုံးပျော်နေသည်။ကျွန်တော်ဘေးတွင်တစ်ယောက်ယောက်ရှိတာကြောင့် လှည့်ကြည့်လိုက်တော့...ဖန်။ ၁၀နှစ်အရွယ်ကလေးလေးသည် ကျွန်တော့်အား မပီမသခပ်ဝဲဝဲစကားများပြောရင်း ခုန်ပေါက်ပြေးလွှားနေသည်။ကျွန်တော် ဖန့်ကိုငေးကြည့်နေဆဲမှာပင်...၁၀နှစ်အရွယ်ကောင်လေးသည် ၁၁နှစ်အရွယ်ဖြစ်သွားပြီးတော့ ၁၄..၁၅..၁၆နှစ်အရွယ်အထိ တစ်စတစ်စပုံရိပ်တွေပြောင်းလဲသွားသည်။
ဟုတ်သည်။ ဖန်ဆိုသော သူငြိမ်းအောင်ဖန်ဟာ ကျွန်တော့်မျက်စိရှေ့တွင်ပဲအရွယ်ရောက်သည်။ကလေးအရွယ်မှာ ကျွန်တော့်ကြောင့် သူငြိမ်းချမ်းသည်။ အရွယ်ကလေးရလာသည့်နှင့်အမျှ ကျွန်တော်ကြောင့် ငြိမ်းချမ်းမှု..အေးမြမှု..လွတ်လပ်မှု..ရဲဝံ့မှုတွေကို သူမရရှိတော့။ဖန်..ကျွန်တော်ကြောင့် လူကဲ့ရဲ့ခံရသည်။ဖန်..ကျွန်တော်ကြောင့် ငိုဖူးလိမ့်မည်။ဖန်..ကျွန်တော်ကြောင့် ကြီးစွာသောဒုက္ခအဖြစ် သူစိမ်းတစ်ယောက်ကို စူးနင့်အောင်ချစ်နေပြီ။
တောင်းပန်ပါတယ်..ကလေးရယ်။
ဖန်က မျက်ရည်တွေစီးကျနေတယ်။မငိုပါနဲ့ ..ကလေးရယ်။
ကျွန်တော်ချော့တော့မှ သူကပိုငိုနေတယ်။ငိုနေတဲ့ဖန်နှင့် ချော့နေတဲ့ကျွန်တော်တို့အနားကို ထူးခြားရောက်လာ၏။
ထူးခြားကလွင့်မျောနေသလိုမျိုးပဲ။ကိုယ်ထည်ပါးပါးလှပ်လှပ်နှင့်ထူးခြားက ပြုံးနေသည်။ရိုးရှင်းသောအဖြူရောင်အင်္ကျီကို ထူးခြားဝတ်ထားပေမဲ့ နေထိမျက်လုံးတွေကျိန်းစက်သည်အထိ တောက်ပလို့နေသည်။
ကျိန်းစက်သောကြောင့်မျက်လုံးစုံမှိတ်ချိန်တွင် ဘေးနားမှဖန်ကငိုပြီးထွက်ပြေးတော့သည်။ကျွန်တော်က ဖန့်လက်ကိုသေချာဆုပ်ကိုင်ပြီးတားဆီးသည်။
ကြည်လင်သောမျက်ဝန်းထဲမှ ကြင်နာမှုတွေ။အံ့သြနေသည့်မျက်ဝန်းများကဝိုင်းစက်ပြီး နှုတ်ခမ်းလေးကခပ်ဟဟဖွင့်ထား၏။
အနီးကပ်မြင်ချင်လွန်းလို့ဆွဲချလိုက်တော့ ရင်ဘတ်ပေါ်ပြုတ်ကျလာတဲ့ကိုယ်လုံးနွေးနွေးနှင့်အတူ ကျွန်တော့်နှလုံးသားကဲ့သို့တုန်ခါနေသော သူ၏ဝဲဘက်ရင်အုံ။
သူ့နှုတ်ဖျားမှ''လက်ကိုလွှတ်တော့''ဟု တိုးတိုးဆိုသည်။ ကျွန်တော်ကတော့ အလှတရားကိုပဲခံစားမိသည်။ မည်သူမဆို အပြစ်ကင်းလျှင် သိပ်လှတာပဲလေ။
"ဘာလို့လှတာလဲ ဖန်.."
သူလည်းအပြစ်ကင်းလို့ထင်ပါ့..လှသည်။
သူ့နဖူးစပ်မှ ပတ်တီးအုပ်ထားသည့်ဒဏ်ရာကိုမြင်ရတော့ ဝမ်းနည်းမိသည်။ အစ်ကိုသိတာပေါ့ ဖန်ရယ်။ မင်း ဘယ်လောက်ပဲနမော်နမဲ့နိုင်ပါစေ...သည်လို ဒဏ်ရာရမည့်သူမဟုတ်ပေ။ အခုတော့ ကိုယ့်ကြောင့် ဖန်နာကျင်ရပြီ ။ ရင်ထဲ၌ စူးအောင့်ခြင်းသည် နစ်ဝင်သွားသည့်နှယ် နာကျင်ရသည်။
"ဘာလို့ ကိုယ့်ကိုနှိပ်စက်နေတာလဲ ဖန် ရယ်.."
"ဗျာ..."
သူလေးဆီမှ အာမေဋိက်သံ။
ဟင်..ဒါ အိပ်မက်မဟုတ်ဘူးလား။
ကျွန်တော်ဆုပ်ကိုင်ထားမိသည့်လက်ကိုလွှတ်ပေးလိုက်ရသည်။အိပ်မက်နှင့်တကယ့်အဖြစ်က ရောထွေးနေ၏ ။ဖန်ကတော့ ကျွန်တော့်ကိုနားမလည်သလိုကြည့်ရင်း သူ့လက်ကိုခါသည်။ကျွန်တော်ကြောင့် နာကျင်ရပြန်ပြီ။ ကျွန်တော် လှဲအိပ်နေရာမှ ထထိုင်လိုက်တော့ ဖန့်ကိုယ်လုံးလေးက နောက်သို့ရွှေ့သွားသည်။
"ဟင်.."
သူငြိမ်းအောင်ဖန်ရဲ့လက်ကောက်ဝတ်မှဒဏ်ရာကို နေထိတွေ့လိုက်သည်။ ဘယ်လိုဖြစ်ရတာလဲကလေးရယ်ဆိုသောစကားကို နေထိရင်ထဲမှာပဲဖိထားမိသည်။
နေထိက လက်ကိုဆွဲယူတော့ သူ့ဗလလေးနှင့်အတင်းရုန်းသည်။အားပါပါနှင့်ဆွဲယူကြည့်လိုက်တော့...လက်ကောက်ဝတ်မှာ ကန့်လန့်ဖြတ်ခြစ်ဆွဲဒဏ်ရာ။
"မင်း..ဒါ ဘာဖြစ်ထားတာလဲ။ဘယ်သူလုပ်တာလဲ။"
နေထိ အသံမာမာနှင့်မေးပေမဲ့ သူလေးရဲ့ငုံ့ထားတဲ့ခေါင်းက လုံးဝမော်မလာ။ ပြန်ဖြေခြင်းလည်းမရှိ ။
"ကိုယ့်ဘာသာလုပ်ထားတာဆိုရင်တော့ မင်းကိုတစ်သက်လုံးစိတ်ဆိုးမိလိမ့်မယ်"
သည်တစ်ခါတော့ နေထိစကားကြောင့် သူလေးမျက်ရည်တွေဝေ့နေသောမျက်လုံးရွဲနှင့် မော့ကြည့်လာသည်။အောက်နှုတ်ခမ်းကိုဖိကိုက်ထားပြီး နဖူးကြောများ ထောင်နေပုံမှာ မျက်ရည်မကျအောင်တင်းခံနေမှန်းသိသာလှသည်။
"ဖန့်ကို ဖန်တို့အဖေကဆူလို့လား။ အစ်ကိုကြီးကဆူလို့လား စစ်သောနဲ့ရန်ဖြစ်ထားလို့လား.."
နေထိမေးမိခါမှ ခေါင်းကိုပြန်ငုံ့၍ မျက်နှာကိုလက်ဖဝါးအုပ်ပြီး တအင့်အင့်ငိုပါလေသည်။နေထိသက်ပြင်းချလျက်မတ်တပ်ထရပ်ပြီး အိပ်ခန်းထဲမှသူလေးအင်္ကျီကိုရှာယူ၍ ပြန်ထွက်လာသည်။သစ်ရိပ်ကြောင့်အေးမြနေသောနေရာ၌ သူလေး သတ္တိကောင်း၍အင်္ကျီမဝတ်သော်လည်း နေထိကတော့ပေးမနေရဲ။
သူလေးအနားမှာ နေထိပြန်ထိုင်လာတော့မှ သူလေးအငိုရပ်သည်။သူလေးလက်ကိုဆွဲပြီးအင်္ကျီဝတ်ပေးတော့ ပါးစပ်ကဘာမှမပြောပေမဲ့ လက်ကအင်္ကျီကိုသူ့ဘာသာ ယူဝတ်သည်။နေထိ ကြယ်သီးတပ်ပေးတော့ ရှက်သလိုလိုတွန့်သလိုလိုဖြစ်သွားတဲ့ သူလေးမျက်နှာကို နေထိအသေအချာမြင်လိုက်ရတာကြောင့် ရင်ထဲမှာရှိန်းတိန်းတိန်းရယ်..။ သူလေးလုံချည်ကလည်း အေးစက်စက် ။
သည်ကောင်စုတ်လေးက ရေလဲဝတ်လုံချည်နှင့်ထိုင်နေတာဖြစ်သည်။ နေထိမှာ နောက်တစ်ခေါက် အခန်းထဲဝင်ရပြန်သည်။လုံချည်ကိုရှာပြီး သူလေးဘေးနားသို့ ပစ်ချပေးလိုက်သည်။
"အအေးပတ်မယ်..မြန်မြန်လဲဝတ်။ ပြီးရင် လက်ကိုဆေးထည့်မယ်..နဖူးကိုရောပဲ.."
သူလေးက ရှူတူတူနှင့်ပုဆိုးထလဲသည်။ခရီးဆောင်အိတ်ထဲတွင် လိုရမယ်ရထည့်လာတဲ့ဆေးတွေကိုယူကာ နေထိကဆေးထည့်ပေးဖို့ပြင်သည်။
"ကဲ..ပြ လက်ကဒဏ်ရာကို..."
အသားကိုတိခနဲခြစ်ထားတာမဟုတ်ဘဲ ထစ်ထစ်အအဆွဲခြစ်ထားတာကြောင့် အနာပြတ်ရာကမညီမညာ ။ကိုယ်ချစ်ရသူရဲ့နာကျင်ခြင်းကိုကြည့်ရင်း ဝမ်းမနည်းတဲ့သူ...မနာကျင်မိတဲ့သူ အဘယ်မှာရှိမည်နည်း။ရှိလျှင်လည်း အသားမာသည်ဆိုသော နေထိပိုင်မပါဝင်နိုင်ချေ။ ဆေးထည့်တိုင်း လက်သီးလေးတင်းတင်းသွားတာကြောင့် နေထိပိုပြီးခံစားရသည်။နဖူးကဒဏ်ရာကိုဆေးထည့်တော့လည်း ရှုံ့ရှုံ့သွားသောသူလေးမျက်နှာက နေထိနှင့်နီးကပ်စွာရှိ၏။
ဆူလို့လည်း ပြန်ကောင်းမှာမဟုတ်။ ဆူလည်းမဆူရက်။ နှစ်သိမ့်ပေးချင်သောစိတ်သာကြီးစိုးနေသည့်နေထိရင်ထဲမှာလည်း မျက်ရည်မိုးတွေနဲ့ပေါ့။
"နောက်ဆို အခုလိုတွေမလုပ်ရဘူး.. ကြားလား.."
သူလေးခေါင်းညိတ်ပြပြီးနောက် နေထိကိုမော့ကြည့်သည်။နေထိက သူလေးနှင့်အကြည့်လွှဲပြီးမတ်တပ်ထရပ်သည်။
"ရေချိုးရမှာ အောက်မှာမလား.."
"ဟုတ်တယ် အစ်ကို..."
သူလေးဖြေလိုက်ပေမဲ့..သူလေးပြန်ဖြေတာကို နေထိစောင့်နားမထောင်ပါ။ အိမ်အောက်သို့ ပြေးဆင်းသွားပြီဖြစ်သည်။ သူလေးနှလုံးသားတွင်ဆုပ်ညှစ်ထားသလို မွန်းကြပ်နာကျင်လာ၏။ သူ့ကြောင့် နေထိမခံစားရပါစေနဲ့လို့ တိုးဖွဖွဆုတောင်းမိသည်။ သို့သော်...သူလေးဆုတောင်းမပြည့်နိုင်။
နေထိပိုင် လှေကားခြေရင်းတွင်ထိုင်ချလိုက်ရသည်။ ပြိုကျလာမည့်မျက်ရည်စများကို လက်သီးဆုပ်ပြီးအံကြိတ်လျက် စီးဆင်းခွင့်မပြု ။
အခြားသောအကြောင်းအရင်းများကြောင့် မင်းငိုနေတာကိုပဲ ချော့ချင်တာ။ ကိုယ့်ကြောင့်ငိုနေရတဲ့မင်းကိုတော့ အစ်ကိုမချော့တတ်ဘူး ဖန်ရယ်။
"နေထိ.."
လှေကားခြေရင်းမှာခေါင်းငုံ့နေတဲ့နေထိကို ထူးခြားခပ်လှမ်းလှမ်းမှမြင်နေရတာကြောင့် နေထိဆီသို့ သူလျှောက်လာခဲ့သည်။သူလည်း ရင်ဘတ်ထဲမှာဟာနေ၏။အမြွှာတွေက စိတ်ချင်းဆက်တယ်ဆိုတာကြောင့်များလား။သစ်ပင်တွေပန်းတွေနဲ့ခြံဝန်းလေးကို သဘောကျပြီးကြည်နူးနေသောထူးခြားမှာ မကြာခင်ကမှသည်လိုခံစားရတယ်ဆိုတာ တစ်ခုခုမှန်းထူးခြားရိပ်မိသည်။ ထူးခြားခေါ်လိုက်တော့ ခေါင်းငုံ့နေတဲ့နေထိဟာ သူခိုးလူမိသလိုမအီမလည်ဖြစ်သွားရသည်။
ထူးခြားလည်း နေထိဘေးတွင်ထိုင်ချပြီး စကားပြောရန်ဟန်ပြင်တုန်းမှာ"အစ်ကို..အစ်ကို.."ဆိုပြီးအပြေးဆင်းလာသော သူလေး။
လက်ထဲမှပုဆိုးတစ်ထည်ကို နေထိကိုလှမ်းပေးသည်။
"အစ်ကို..မြန်မြန်ရေချိုး။ ထမင်းစားပြီးရင် မောင်းမကန်ဘက်ကိုသွားရအောင်.."
"ဟမ်..ဒီနေ့ပဲသွားတော့မှာလား.."
ထူးခြားမေးတော့ သူလေးကပြုံးသည်။
"အလုပ်မှမရှိတာ..သွားလိုက်မယ်လေ။ မြန်မြန်နော် အစ်ကို..။"
အိမ်ရှင်ကသွားမယ်ဆိုတော့ ဧည့်သည်တွေကငြိမ်နေလိုက်ရသည်။
နေထိရေချိုးနေတော့ ထူးခြားနှင့်သူလေးက ကြီးကျင်ကိုကူပြီးထမင်းပွဲပြင်သည်။
ထူးခြားကရေချိုးခန်းမဟုတ်ဘဲ အပြင်မှာရေချိုးရတဲ့ခံစားချက်ကိုပြောပြတဲ့အခါ
သူလေးသည် တဟားဟားရယ်ပြီးပွဲကျနေ၏။ထူးခြားနှင့်သူလေးတို့ရဲ့ခင်မင်မှုမှာ ပေါ့ပါးပြီးရိုးရှင်းပေမဲ့ နေထိနှင့်သူလေးတို့မှာတော့ အမြဲခံစားနေရသည်။
အချစ်မှာ အတားအဆီးပါနေလို့လား..။
ကိုယ်လည်းမတား..သူလည်းမခြားဘဲ ဘာလို့ကိုယ်တို့ကြားမှာဝေးနေရတာလဲ။
![](https://img.wattpad.com/cover/117998709-288-k179608.jpg)
ESTÁS LEYENDO
Romanceအချစ်နဲ့ မာနကြား စည်းတစ်ခုပဲခြားတယ်ဆိုရင်... အဲ့ဒီစည်းဟာ တွေဝေခြင်းပေါ့။ ဒါဆို တွေဝေခြင်းပေါ် ခြေစုံရပ်နေမိတာ ကျွန်တော်။ အကယ်၍များ ချစ်ခရီးလမ်းပေါ် ကျွန်တော် မာနဆမ်းခဲ့မိပါလျှင်... တလွဲမာနတွေ ရေစုန်မြောဖို့... ချစ်၊မိုးရေ စွေလိုက်ပါတော့လား။.... ...