အခန်း ၃၀
"နင်အခုတလော နေကောင်းရဲ့လား.."
နားထဲတိုးဝင်လာသော နုနယ်ရဲ့စကားသံ။ ထိုတော့မှ နေထိပိုင်က အိပ်မက်လန့်နိုးသူလိုကတုန်ကယင်နှင့် ဟိုတစ်စဒီတစ်စအတွေးများကို ဥပက္ခာပြုရသည်။
"ဟမ်..အမ်.."
ဘေးနား၌ နုနယ်သည် ဖြေးညှင်းစွာ နူးနူးညံ့ညံ့လေးလမ်းလျှောက်နေသည်။ ရှည်လျားလာပြီဖြစ်သောဆံနွယ်ကို ကျစ်ဆံမြီးကျစ်ကာ ကျောဘက်တွင်ချထားသည်မှာ တစ်မျိုးလေးယဉ်နေ၏။ ဇောင်းပါတိတ်ခရမ်းဖျော့ရောင်ဝိုင်းစက်နှင့် ခင်နုနယ်သည် ရင့်ကျက်တည်ငြိမ်နေပြန်သည်။
"နင် နေမကောင်းဘူးလားလို့.."
နုနယ်မေးခွန်းကိုဖြေဖို့ထက် ကျွန်တော်ကသာ နုနယ်ကိုမေးခွန်းမေးချင်လာသည်။
"နုနယ်..နင်အရင်လိုမဟုတ်ဘူးနော်.."
ကျွန်တော့်စကားကြောင့် နုနယ်သည် လမ်းလျှောက်နေရင်းမှခဏရပ်လို့ လှည့်ကြည့်သည်။
"နင်ဟာလေ ငါမေးတာကိုမဖြေဘူး။ အစမရှိအဆုံးမရှိနဲ့ ငါကဘာကို အရင်လိုမဟုတ်ရမှာလဲ.."
"ငါပြောမယ် နင်စဉ်းစားကြည့်။ အရင်က နင်နဲ့မြူးသစ်တစ်ပုံစံတည်းပဲ။ ဒါပေမဲ့ အခုတော့ မြူးသစ်သာဒီအချိုးကဒီအချိုး နင်ကမိန်းကလေးဆန်ဆန်နဲ့ ယဉ်ယဉ်လေးလှလာတယ်.."
နေထိပိုင်စကားကြောင့် နုနယ်ရှက်စနိုးခေါင်းငုံ့ရင်း ရယ်လိုက်သည်။
"ငါလှလာတော့ နင်ငါ့ကိုကြွေတယ်မလား.."
ပြုံးစိစိမျက်နှာနှင့် တမင်ပဲတွေပေးပြီး ညှောင်နာနာလေသံနဲ့မေးလာတော့ နေထိပိုင် ပေးထားတဲ့အမှတ်ကိုပင်ဖျက်ချင်လာသည်။
"ဖြစ်ရလေ ငါကနင့်လို အိုကြီးအိုမပုံကိုကြိုက်မလား စဉ်းစားလေ.."
နုနယ်က နှုတ်ခမ်းကိုမဲ့ရွဲ့လိုက်သည်။
"အမလေး နင်ကပဲပြောရတယ်ရှိသေးတယ် ။အခု နင့်ပုံစံလည်းကြည့်ဦး အဖိုးကြီးရုပ်နဲ့..ဟွန့်.."
နေထိတဟားဟားရယ်ကာ ကော်လံစကိုပြင်သလိုလုပ်ပြရင်း နုနယ်ကိုချေပသည်။
"ငါ့လိုလူချောကို နင် သူငယ်ချင်းတော်ရတာ အရင်ဘဝကကုသိုလ်ထူးလို့.."
နေထိကဆက်စ နုနယ်ကပြန်ပြောနှင့် နှစ်ယောက်တကျက်ကျက်ရန်ဖြစ်သည်မှာ နေထိပိုင်တို့အိမ်ထဲ ရောက်သည့်အထိပင်ဖြစ်သည်။ နေထိပိုင် ကျောင်းမှအပြန် နုနယ်နှင့်တွေ့၏။ မြူးသစ်ဆီလာတာဖြစ်၍ နှစ်ယောက်အတူဆုံပြီး တစ်လမ်းလုံး
စကားနိုင်လုကြလေသည်။ နုနယ်ကတော့ စကားနှင့်မနိုင်လျှင် လက်ကလည်းတဘန်းဘန်း ရိုက်သည်။ရယ်သံနှင့်ရိုက်သံမှာ တစ်လှည့်စီထွက်ပေါ်နေတော့လေသည်။
![](https://img.wattpad.com/cover/117998709-288-k179608.jpg)
ŞİMDİ OKUDUĞUN
Romantizmအချစ်နဲ့ မာနကြား စည်းတစ်ခုပဲခြားတယ်ဆိုရင်... အဲ့ဒီစည်းဟာ တွေဝေခြင်းပေါ့။ ဒါဆို တွေဝေခြင်းပေါ် ခြေစုံရပ်နေမိတာ ကျွန်တော်။ အကယ်၍များ ချစ်ခရီးလမ်းပေါ် ကျွန်တော် မာနဆမ်းခဲ့မိပါလျှင်... တလွဲမာနတွေ ရေစုန်မြောဖို့... ချစ်၊မိုးရေ စွေလိုက်ပါတော့လား။.... ...