Part 48 (U+Z)
10.9K 892 126
အခန်း ၄၈
နေထိပိုင် နံရံမှာကပ်ချိတ်ထားတဲ့နာရီကို မော့ကြည့်လိုက်သည်။ ၁၀နာရီ ၊၅၅မိနစ်ဖြစ်နေပြီ။
၁၁နာရီထိုးခါနီးနေပြီ။
ဘာကြောင့် နေသစ်ပိုင်တစ်ယောက် ရောက်မလာနိုင်သေးတာလဲ..။
ထမင်းစားဝိုင်းနားရောက်လာလိုက်...ခဏအကြာ အိမ်ရှေ့ပြေးထွက်လိုက်နှင့် ဂနာမငြိမ်သော နေထိပိုင်ကို ထမင်းဝိုင်းပြင်နေသောမေပိုင်တို့သားအမိနှင့် ဧည့်ခန်းမှာထိုင်နေသောဦးအောင်ခန့်မှာ အတော်လေးမျက်စိနောက်လာသည်။
မြူးသစ်ပိုင်တို့ ပြောချင်ဆိုချင်နေတာ အသည်းထဲကကို ကလိကလိဖြစ်ရော..။
သိပ်မကြာလိုက် ။
အပြင်ထွက်သွားသော နေထိပြန်ဝင်လာသည်။
မိုးလင်းကတည်းက နေထိကိုကြည့်မရဖြစ်နေသော မြူးသစ်မှာ ကောက်ရိုးမှိုကြော်ချက်ဟင်းပန်းကန်ကို ဆုံလည်ထမင်းစားပွဲဝိုင်းကြီးပေါ် အသံမြည်အောင် တမင်ဆောင့်ချလိုက်သည်။ ဒေါ်အေးငြိမ်းပိုင် လှည့်ကြည့်လာပြီး မြူးသစ်ကို ဆူမလို့ပါးစပ်ဟရတယ်ရှိသေး..။
"မြူးစုတ်မ..နင် အဲ့ဒါ အကုန်ဖိတ်ကုန်ရင်ဘယ်လိုလုပ်မလဲ ။ငါ့လို ဘောပင်နဲ့စာအုပ်ပဲကိုင်ပြီး ဦးနှောက်အလုပ်ပေး အတွေးနယ်ချဲ့ပြီး ချွေးတောင်မထွက်တဲ့အလုပ်ကိုလုပ်နေရသူက အပင်ပန်းခံပြီး သေချာချက်ထားတဲ့ဟင်းဟ..နယ်နယ်ရရထင်နေလား...''
အားနှင့်မာန်နှင့် ထပေါက်ကွဲသောနေထိကို ပြန်မဖြေ။ဒေါ်အေးငြိမ်းပိုင်ဘက်ကို မြူးသစ်လှည့်လိုက်ပြီး...
"မေမေ့သား နေထိပိုင်ကလေ...အမလေး မွေးရကျိုးနပ်လိုက်တာ မေမေရယ်...''ဟူ၍ငေါ့သည်။
နေထိပိုင် ဟင်းပန်ကန်တွေကို သေချာဘေးနှုတ်ခမ်းသပ်ရပ်ပေးနေသည်ကိုကြည့်ပြီး မေပိုင်ကပြုံးရုံသာပြုံးနိုင်သည်။
တူသားတော်နေထိပိုင်ရဲ့ သိပ်လန်းဆန်းသွက်လက်နေသည့်ပုံကို မမြင်ရတာ နှစ်ချီကြာနေပြီမို့...စကားဖြင့်ပင် စနိုးစနောင့်ဖြစ်အောင် မဟန့်တားချင်။ နေထိပိုင် သူ့ဆုံးဖြတ်ချက်နှင့်သူ ရှေ့ဆက်နေပေမဲ့ ဇွတ်တရွတ်လုပ်နေတာမဟုတ်ဘဲ သူမတို့ဆီမှ ခွင့်ပြုချက်ကိုလည်း တောင်းခံလာသေးသည်။မိဘအလေးထားတဲ့ သားကို မိဘကလည်း ပျှော်ရွှင်စေချင်ပါသည်။
ဒေါ်အေးငြိမ်းပိုင် စတီးဇွန်းလေးတစ်ချောင်းကိုင်ကာနေထိပိုင်ရှေ့နားက မှိုဟင်းပန်းကန်ထဲမှ ခပ်မြည်းလိုက်သည်။
"အင်း...ကောင်းသားပဲ..''
ပြုံးတုံ့တုံ့နှင့်ကြည့်လာသော သားအမိနှစ်ယောက်ကြောင့် နေထိပိုင်ရဲ့ မျက်နှာ နေစရာမရှိတော့။ရှက်တာလည်းမဟုတ်ဘဲ မျက်နှာတင်းနေသလိုခံစားရ၏။
"သမီးရေ..သူများအပြောမခံနဲ့ဟေ့ ။ အသီးတွေဘာတွေ ဝိုင်းဖျော်ပေးလိုက် ။ စပျစ်သီးလည်း အခွံနွှာ အခြမ်းလေးလုပ်ပြီး အစေ့ထုတ်ထား။အခုကြွလာမယ့် ကိုယ်တော်လေးက အချစ်ဘုန်းကံသိပ်မြင့်သတဲ့တော်''
မေပိုင်ကပြောဆိုပြီး အခန်းထဲမှမထွက်ခင် စိုက်ကြည့်နေသောကြောင့် နေထိပိုင်မှာ ပြုံးရခက်ရယ်ရခက်။
"မလိုဘူး မေမေရေ ..ဒီမှာ ရှိသမျှအကုန် နေထိလက်ရာ ။တော်ကြာ တစ်ခုခုလွဲရင် ဆွမ်းဆန်ထဲ ကြွက်ချေးရောတယ်ဆိုပြီး မြူးအပြစ်ကျလိမ့်မယ်။''
မြူးသစ် မေပိုင်ကိုခေါ်ပြီး ထမင်းစားခန်းထဲမှထွက်သည်။တကယ်တော့ ပြင်ဆင်စရာဘာမှမလိုတော့။အားလုံး အဆင်သင့်ဖြစ်နေပြီ။ ထမင်းစားဝိုင်းဘေးမှာ ပန်ကာတစ်လုံးကို လေလျှော့ပြီးဖွင့်လိုက်သည်။ ခြင်၊ယင်လာမည်ကို စိုးရိမ်၍ဖြစ်သည်။
ထိုအချိန်မှာပဲ အိမ်ရှေ့မှကားသံနှင့်အတူ ကြာညောင်းစွာမပြောင်းမလဲစောင့်နေရသော ဖန့်အသံကိုပါတွဲလို့ ကြားရလေသည်။
ထမင်းစားခန်းထဲ သူလေးကိုခေါ်လာပြီး "မင်းအစ်ကိုကစောင့်နေတာ လည်ပင်းညောင်ရေအိုးဖြစ်တော့မယ်" လို့ ဒယ်ဒီပြောတော့....နေထိ ကိုယ့်မျက်နှာကို ခဏဖြုတ်ထားလိုက်ချင်သည်။
ရှက်ကိုးရှက်ကန်းတွေ အိုးတိုးအမ်းတမ်းတွေမဖြစ်ဘဲ ပုံမှန်စားအိမ်သောက်အိမ်လို ဝင်ထိုင်ပြီးနေရာယူလိုက်သောသူလေးကြောင့် နေထိပိုင်တို့ အထွေအထူး အူတူတူဖြစ်နေဖို့ မလို။သူလေး အစားမခက်ဖို့အရေး ...မေပိုင်က ဟင်းခပ်ထည့်ပေးသည်။
"သားကြိုက်တယ်ဆို...''ဟုပြောကာ ထည့်ပေးလာသော ကောက်ရိုးမှိုဟင်း ။
ဟုတ်သည်...သူလေး ကြိုက်ပါသည်။စိုက်ပျိုးရေးမှိုထက် ကောက်ရိုးကြားထဲမှတိုးထွက်လာတဲ့ ကောက်ရိုးမှိုစစ်စစ်ဟင်းကို သူလေးတအားကြိုက်သည်။
"ကန်စွန်းရွက်ကြော်ရောပဲ...''
မမမြူးသစ်ထည့်ပေးသော ကန်စွန်းရွက်ကြော်မှာ စိမ်းမနေတော့ဘဲ ညိုနေသည်။ကန်စွန်းရွက်ကို နူးအိနေအောင်ကြော်လျှင် အရောင်ကစိမ်းရာမှ ညိုသည်။
ဒါမှ သူလေးအကြိုက်။ နူးနူးအိအိလေးဖြစ်သည်။
မှိုချက်လျှင် ကန်စွန်ရွက်ပါကြော်မှဖြစ်မယ် ဆိုသော မေမေ့အသံကို သူလေးကြားလိုက်ရသလိုပင်။
ပဲဝါလေးဟင်းချိုလည်းပါသည်။
ဘုံလုံသီးကို ကြက်သွန်၊ ပုစွန်ခြောက်ရယ်ဟင်းခတ်မှုန့်တို့ကိုပေါင်းထောင်းပြီး အစာသွတ်ထားသော ဘုံလုံသီးနှပ်။ ကွေးနေတဲ့ မြက်ကျားပုစွန်ထုပ် ဆီပြန်ဟင်း ။
သံပုရာချဉ်သုပ် ။
ကျွန်တော့်အကြိုက်တွေကို အစ်ကိုအမှတ်ရနေဆဲ။
လွှတ်ပေးလိုက်ပါပြီဆိုကာမှ နွယ်ကာရစ်ပတ်နေသော ဤလူသားကို သူငြိမ်းအောင်ဖန် ပိုမချစ်မိအောင် မတော်မတရား သတိချပ်နေရသည်။
မနေ့က တိုက်အောက်မှအဒေါ်ကြီးနှင့်စကားလက်ဆုံကျခဲ့သော ဗယာကြော်သုပ်လေးပါတွေ့သည်။
ပဲဇံကိုထောင်း အရသာဆီလျှော်အောင်စပ်ဟပ်နယ်ပြီးကြော်။ အဲ့ဒီအကြော်ကို ကြက်သွန်နီ ဂေါ်ဖီ ရှောက်ရွက်နည်းနည်းလှီးပြီး မန်းကျည်းနှစ်လေးဖြင့်သုပ်စားလျှင် အရမ်းကောင်းမည်ဟူ၍ သူလေးလျှာရှည်တာကို နေသစ်ကြားသည် ။ ချက်ချင်း သူ့အစ်ကို နေထိပိုင်ဆီ သတင်းပို့တာဖြစ်ရမည်။
ဒီအစားအသောက်တွေနှင့် နေထိပိုင်ချေခဲ့သမျှကို ကျေအေးပေးလိုက်ဖို့ မတန်သေး။
အတွေးကသာ နေထိပိုင်ကို မှန်းကာရွယ်ကာ ကောက်ချိတ်လုပ်နေတာ လက်ကဖြင့် ဟိုဟင်းခွက်နှိက် ဒီဟင်းခွက်နှိက်နှင့် အားလပ်တယ်ကိုမရှိနိုင်ပေ။
စားပစ်လိုက်တာ။သူငြိမ်းအောင်ဖန်တစ်ယောက် ဗိုက်ကိုကားနေတာပဲ ။
ဗိုက်ကားဆို...အိမ်ရှင်တွေကလည်း အလိုက်သိသည်။ဒီလောက် ထမင်းတွေအများကြီးစားနေပါလားဆိုပြီး ခေါင်းပင်စောင်းမကြည့်ကျ ။ သူတို့ကိုယ်တိုင်ကလည်း တစ်ဝတစ်ပြဲစားနေသလို စားပြကြတော့ သူလေးတို့ အားနာရကောင်းမှန်း တစ်စိုးတစ်စိ မသိ။
စတော်ဘယ်ရီသီးဖျော်ရည်ကိုလည်းသောက်သည်။စပျစ်သီးကလည်း ချိုသည်။ ထို့အပြင် ပဲခူးသခွားသီးစိပ်ထားတာကို သကြားနှင့်တို့စားလိုက်သေးသည်။
သူ့ဆန်စားရင် ရဲရတယ်တဲ့ ။
စားပြီးသောက်ပြီးလေမှ ထိုစကားကိုသတိရသည်။
"မနက်ဖြန် သားနေကို လေဆိပ်ထိလိုက်ပို့မယ်လေ။''
မေပိုင်ကပြောတာဖြစ်သည်။
"သူလေးပါ လိုက်ခဲ့လေ။'' ဟုဆက်ပြောသည်။
သူလေးက နေထိကို လှမ်းကြည့်သည်။
လိုက်ခဲ့ပေးရဦးမှာလား...မလိုက်ချင်ဘူး ဟူသောအကြည့်မျိုး။
"မေပိုင်ကလည်း မပို့ပါနဲ့။ မကြာခင် ပြန်လာမှာပဲဟာ...လိုက်ပို့မယ်ဆိုတာကြီးကတောဆန်တယ် မပို့နဲ့''
နေထိပိုင် လက်တကားကားနှင့် ငြင်းသည်။
"သြော်...သုံးလေးလကြာမယ်ဆို ။ အဲ့ဒါ မကြာဘဲနေမလား ။ ဘာကိုလာပြီး တောတွေမြို့တွေလာပြောနေတာလဲ ...ခရီးမှာ နွေးထွေးမှုတွေသယ်သွားနိုင်အောင်လိုက်ပို့မှာ။ လက်ပြနှုတ်ဆက်ရမယ့်သူမရှိရအောင် နင်က တစ်ကောင်ကြွက်လား...''
နေထိ ငြိမ်ကျသွားသည်။ ပြောလို့လည်း ရမှာမဟုတ်တဲ့အပြင် မေပိုင်က မျက်ရည်စမ်းတမ်းတမ်းဆို ဒယ်ဒီဆီမှ အမြင်မကြည်တာခံရနိုင်သည်။
"သူလေး နားပါစေ ။ သူလေးက အလုပ်တစ်ဖက်နဲ့ဆိုတော့ မခေါ်ပါနဲ့။''
တကယ်ဆို လက်ပြနှုတ်ဆက်ထွက်သွားရမှာကို နေထိသဘောမကျ။ဒါပေမဲ့လည်း ခွဲခွာရခြင်းမဟုတ်ဘဲ...အခြေအနေအရပ်ရပ်ကြောင့် ခေတ္တဝေးကွာရသည့်အခါမှာတော့ အလွမ်းပြေကြည့်သွားမယ်ဆိုတာမျိုးလေး...။
သို့သော်ငြား...သူလေးကိုမခေါ်ပါနဲ့တော့လို့ နေထိပိုင်ပဲတောင်းဆိုခဲ့ရလေသည်။
သူတင်းနေရင် ကိုယ်လျှော့ရမည်။
လိုအပ်လို့ဆိုကာ ဆန့်ကျင့်ဘက်အရပ်ကိုအမောခံပြေးပြီး ပန်းတိုင်မရောက်နိုင်တာထက်စာ လိုအပ်ချက်ကိုမသိချင်ယောင်ဆောင် အနာခံလိုက်တာကမှ ပန်းတိုင်နီးလေသည်။
နေထိပိုင်အတွက် မာနဆိုတာ လိုအပ်သလောက်...သူလေးအတွက်လို့တွေးလိုက်လျှင် နေထိပိုင် မာနကိုစွန့်လွှတ်ရဲလာသည်။
မာနဆမ်းသော ချစ်ခရီးလမ်းပေါ်...ချစ်မိုးဆွေလေပြီ ထင်ပါရဲ့။