Part 40 (U+Z)
8.5K 785 61
အခန်း ၄၀
မိုးကောင်ကင်ပြာပြာ ။ တောက်ပသောနေရောင်။အေးမြတဲ့လေ။ စိမ်းစိုနေသည့် သစ်ပင်ပန်းမန်များ။လူအမျိုးမျိုးနှင့် စိတ်အထွေထွေ။
ကြောက်မိပါသည်။ ဘာကိုကြောက်မှန်းမသိ ကြောက်နေရပါသည် ။
ဒီနေ့...လေးနှစ်ပြည့်ပြီ။
ကျွန်တော် ငရဲကျသလို ပင်ပန်းနေရတာ လေးနှစ်ပြည့်ခဲ့လေပြီ။
ကျွန်တော့် အတွေးတွေမှာ အစဉ်ပြန့်ကျဲလျက်ရှိသည်။
ကျွန်တော့်ခြေလှမ်းတွေသည် တည့်မတ်ဖြောင့်တန်းမနေပေ။
ဓာတ်လှေကားဆီ ဦးတည်၍လျှောက်ရင်း အတွေးတမြုပ်မြုပ် နှလုံသားလေး တနုံ့နုံ့ပင်။
ခေါင်းငုံ့စိုက်ချ လှမ်းလျှောက်နေရင်း ခေါင်းတစ်ချက်အမော့မှာ ကိုယ့်မြင်ကွင်းထဲ တန်းမတ်စွာဝင်လာတဲ့ သူ။
ရှောင်မရ ပုန်းမရသည့် အခြေအနေ။ မသိသလို ကျော်ဖြတ်သွားရမလား။
ဟင့်အင်း ဘယ်လိုလုပ်ပြီးမခေါ်ဘဲနေရမှာလဲ...
ဒါဆို နှုတ်ဆက်လိုက်ရမလား..။
စဉ်းစားနေခြင်းသည် အဖြေမရသေး ။ တည့်တည့်မတ်မတ်လှမ်းနေသူက နီးလို့လာနေပြီ။
ဒီနေ့လည်း အစ်ကိုသည် အင်္ကျီအဖြူလက်ရှည်ကို တံတောင်ဆစ်အထိ ခေါက်တင်ထားပြီး ကချင်ပုဆိုးကိုဝတ်ထားလေသည်။ မျက်မှန်တော့တပ်မထား ။ မျက်မှန်ကို တစ်ခါတလေမှ တပ်လေ့ရှိတာကိုတွေ့ရသည်။
အရှေ့တည့်တည့်သို့ စူးကြည့်၍ ဘေးဘီအာရုံမစိုက် ကိုယ့်လမ်းကိုယ်လျှောက်တတ်သည့်ပုံစံမှာ...ကျွန်တော်နှင့်တော့ တခြားစီ။
အစ်ကိုနှင့်နီးကပ်လာလေလေ...ကျွန်တော့်အသက်ရှူခက်လာလေပါပဲ။အသက်ရှူဖို့မမေ့ဘဲ အသက်ရှူရတာကို ပင်ပန်းလို့နေ၏။
အစ်ကိုကလည်း မျက်တောင်ပင်မခတ်သည့်အကြည့်ဖြင့် လျှောက်လာနေသည်။
ကျွန်တော်တို့အကြား အကွားအဝေးက လေးပေခန့်..။
ကျွန်တော့်နံဘေးမှာ လေညှင်းသွဲ့သွဲ့ နွဲ့၏။
"အစ်ကို" ဟုခေါ်မိသော ကျွန်တော့်နှုတ်ခမ်းကတော့ ဖွင့်ဟလျက်သား။ အရှေ့သို့ ဆန့်တန်းမိသောလက်မှာလည်း လေထဲတွင် ထိတွေ့စရာမရှိ။
အစ်ကိုက မမြင်တာလား... မမြင်ရအောင် ကျွန်တော်က သရဲလား။
မမြင်တဲ့လူလို မသိတဲ့လူလိုဆက်ဆံမည့်အစား လေးငါးချက်လောက်ဆင့်ထိုးလိုက်ပါလား။ အဲ့ဒါဆို ကျွန်တော့်ဘက်ကအခြေအနေကို ရှင်းပြလို့ရမည်။ ခွင့်လွှတ်ပါလို့ တောင်းပန်လို့ရမည်။
သည်အနေအထားက ပိုလို့ စိတ်မွန်းကြပ်စေသည်။
နောက်သို့ပြန်လှည့်လိုက်တော့ ကျွန်တော့်ကိုကျော်သွားပြီဖြစ်သော အစ်ကို့ကို မတွေ့ရတော့။
ရင်ဆိုင်မယ်လို့ ဆုံးဖြတ်ပြီးပြီ။ တွေ့ဖြစ်အောင်တွေ့ရမည်။ တစ်ချိန်မဟုတ်တစ်ချိန်မှာ ဖြေရှင်းရမည့်ကိစ္စပဲမို့လို့ မထူးတော့။ ရင်ဆိုင်ဖြစ်အောင် ရင်ဆိုင်ရမည်။
ကျွန်တော်ပြေးရင်းလွှားရင်းရှာနေမိသည်။ တချို့လူတွေကိုလည်း ဝင်တိုက်မိသည်။
တချို့လူတွေက ကျွန်တော့်အားအထူးအဆန်းသဖွယ် ကြည့်နေကြသည်။ သို့ပေမဲ့ ကျွန်တော့်ခြေလှမ်းတွေ တုံ့ဆိုင်း၍မရခဲ့။
ဟော...တွေ့ပြီ။
မလှမ်းမကမ်းရှိ အလှူခန်းမဏ္ဌပ်ထဲမှထွက်လာသော အစ်ကို။
သူလေး သက်ပြင်းချပြီးမှ နေထိရှိရာဆီ ပြေးသွားတော့လေသည်။
နေထိအနားကိုရောက်မှ သူလေး ကိုယ်ရှိန်သတ်ပြီး နောက်မှကပ်လျှောက်သည်။နေထိကလည်း သူ့အာရုံနှင့်သူ စေတီတော်ကိုမော့ဖူးရင်း ဖြည်းအေးစွာလမ်းလျှောက်နေခြင်းဖြစ်သည်။
သူလေးကလည်း နေထိကို တရိပ်ရိပ်ကြည့်ရင်း တောက်လျှောက်လိုက်နေတာပင်။
နေထိက ခြေလှမ်းရပ်သည်။ သူလေးလည်း ရပ်တန့်လိုက်ရသည်။
နေထိ ဆက်လျှောက်သွားသည်။ သူလေးလည်း လိုက်လျှောက်သည်။
သည်လိုဖြစ်တာ ခဏခဏပင်။ ကြာတော့ သူလေးစိတ်မရှည်ချင်တော့ ။ အနောက်ကနေ လှမ်းခေါ်ဖို့သာ အားမွေးမိသည်။
"အစ်ကို.."
ချိုသာသည်။ သူလေးရဲ့ အသံမှာ နူးနူးညံ့ညံ့ ညင်ညင်သာသာလေးဖြစ်၏။
"ရင်ပြင်ပေါ်မှာမို့လို့ စိတ်လျှော့နေတာနော်။"
နေထိပိုင်၏အသံမှာ အေးစက်စက် မာကြောကြောနှင့် ထွက်ပေါ်လာတာကြောင့် သူလေး အလိုလိုခေါင်းငုံ့ရသည်။ သူ့ ခြေထောက်တွေသည် တစ်လှမ်းလှမ်းဖို့ တစ်ခါရွှေ့ရလေတိုင်း လေးသည်ထက်ပို၍လေးလံသည်။ သူ့အမြင်အာရုံမှာဖြင့် ကြည်လင်ခြင်းမရှိပေ။ နေထိပိုင်က ပုံမှန်ခြေလှမ်းဖြင့်လျှောက်နေပေမဲ့ သူလေးအဖို့ ပြေးလိုက်နေရသလိုမောပန်း၏။ နေထိပိုင်သည် တောင်ဘက်မုခ်မှစက်လှေကားမစီးဘဲ ရိုးရိုးလှေကားဖြင့် လမ်းလျှောက်ဆင်းသည်။သူလေးကလည်း အဆက်မပြတ်ပြေးလိုက်လေသည်။
ရင်ပြင်တော်မဟုတ်တော့ အစ်ကို စိတ်တိုရင်လည်းတိုပါစေတော့။ သတ္တိလေး ခန္ဓာကိုယ်၌ကိန်းနေစဉ်မှာ ရှေ့ဆက်တိုးသင့်ပေသည်။
"အစ်ကို..အစ်ကို..ခဏရပ်ပါ။ ကျွန်တော်စကားပြော..."
"ဘာပြောမှာလဲ။ ပြီးတော့ မင်းပြောတာကရော အမှန်ပါပါ့မလား။ လန့်လွန်းလို့ပါ သူငြိမ်းအောင်ဖန်"
"အစ်ကို..ကျွန်တော်.."
သူလေးစကားကို နေထိကြားဖြတ်ပြောလိုက်တာမို့လို့ သူလေးစကားပြန်စတော့ နေထိမှာ အောက်လှေကားထစ်များဆီသို့ ရောက်နေလေပြီ။
"ရင်နာတယ်.. ကျွန်တော်လည်း ရင်နာတယ်လို့။"
သူလေးအော်ပြောလိုက်၏။ သို့သော် အသံမထွက်လာတာကတော့ သူ့ကြောက်စိတ်ကြောင့်ပင် ။ ဒါပေမဲ့လည်း နေထိခြေလှမ်းရပ်လိုက်တာဟာ သူလေးရဲ့အသံတိုးတိုးကို နေထိကြားတာပဲဖြစ်မည်။
"လေးနှစ်ကြာပြီ..ကျွန်တော်ခံစားနေရတာ လေးနှစ်။"
ပြောနေရင်းကို မျက်ရည်ကဝေ့လာပြန်ပြီ..။ သည်မျက်ရည်တွေကတစ်မျိုး။
"ဘာကို ခံစားတာလဲ။ "
နေထိပိုင်ကလှည့်မေးတော့ သူလေး ဘာပြန်ပြောရမှန်းမသိ ။ဘာပြောရမလဲ...
"ဘာအတွက်ခံစားတာလဲ.."
နေထိက မေးပြန်သည်။ သူလေးကလည်း ခေါင်းငုံ့နေဆဲပင်။
"ဒါနဲ့ မင်းတို့မိသားစုထဲမှာ ခံစားတတ်တဲ့နှလုံးသားရော ပါရဲ့လား"
ခံစားတတ်တဲ့နှလုံးသားပါကြတာပေါ့။ တစ်ယောက်တစ်မျိုး ခံစားပြီး၊ ခံယူချက်တွေ ဒွိဟဖြစ်ကုန်တာ။ အစ်ကိုသိအောင် ကျွန်တော်ဘယ်လိုဖြေရှင်းရမလဲ။
"အစ်ကို ခဏလေးနားထောင်ပေးပါ။ တကယ်တော့လေ..."
"ရတယ်...မလိုဘူး ။ မင်း တရားရုံးမှာပြောခဲ့သားပဲ။"
"မဟုတ်ဘူး အစ်ကို... အဲ့ဒါကလေ''
အစ်ကိုက ရပ်နေဆဲပင်။ ကျွန်တော်သာ တဖြည်းဖြည်း အစ်ကို့ဆီတိုးနေမိသည်။
ဟုတ်ပြီ..မလာရင်တောင် မထွက်ခွာပါနဲ့။ အခုလိုလေး..အခုလိုလေး...ရပ်တန့်နေပေးပါနော်။
"ဘယ်သူကမှ မရည်ရွယ်ခဲ့ပါဘူး အစ်ကိုရယ်...''
"ကျွတ်ကျွတ်...သြော်...''
ဆက်ပြောရမည့် ကျွန်တော့်စကားတွေသည် ဘယ်ဆီဘယ်ဝယ်လွှင့်သွားလေသလဲ။ ရင်ဘတ်ထဲကသာ တင်းတင်းကြပ်ကြပ်နာကျင်သည်။
"ကိုကြီးထူးခြားကို..''
"တိတ်စမ်း...မင်းလုံးဝမပြောနဲ့..ငါမကြားချင်ဘူး...''
သည်တစ်ခါတော့ အစ်ကိုသည်လှုပ်လှုပ်ရှားရှားဖြစ်လာပြီး ကျွန်တော့်အနားသို့တိုးသည်။ လက်ညှိုးတစ်ချောင်းက ကျွန်တော့်မျက်နှာရှေ့တွင် ထိုးဖောက်မည့်ဟန်အပြည့်ဖြင့်။ တခဏချင်းမှာပင် ကိုယ်ကိုပြန်လှည့်ကာ လှေကားထစ်များကို နင်းဖြတ်ဆင်းသွားတော့သည်။
"အစ်ကို..ကျွန်တော်ပြောတာ နားထောင်ပေးပါ။ တောင်းပန်ပါတယ် ၊ ခဏလောက်ဖြစ်ဖြစ် နားထောင်ပေးပါ..အစ်ကို...အစ်ကို...အ..အားးး "
လုံးဝလှည့်ကြည့်မလာမည့် လူအနောက်ကိုအပြေးအလွှားလိုက်ရင်း ခေါင်းထဲမှာလည်း မူးဝေနေ၏။ ဝရုန်းသုန်းကားပြေးအဆင်းမှာ ခြေခေါက်ပြီး ဒလိမ့်ကောက်ကွေးဖြင့် စတီးနှင့်ပြုလုပ်သောလက်ရန်းအား ဒိန် ဆိုသည့်အသံပေါ်အောင် တိုက်လိုက်တာပင်။
မျက်လုံးတွေလည်း မဖွင့်နိုင်..ခေါင်းကလည်း ထုံကျင်သွားရသည်။ တခြား ထိခိုက်မိတဲ့နေရာတွေလည်းရှိနိုင်သည်။ ဘယ်လိုပင်နာပါစေဦး...နှလုံးသားရဲ့နာကျင်မှုအား နည်းနည်းမှမမီ။
တကယ်မုန်းလိုက်ပြီလား အစ်ကိုရယ်။
▪▪▪▪▪▪▪▪▪▪▪▪
"ဟင်...ဒါ ဒါ ဘယ်နေရာလဲ... ''
မျက်လုံးဖွင့်ဖွင့်ချင်းမှာမြင်ရသည့် မျက်နှာကျက်အဖြူကြောင့် လှဲနေရာမှထထိုင်ပြီး ဘေးပတ်ပတ်လည်ကိုကြည့်ကာ အသံပြုမိလိုက်သည်။
"သေမင်းနေတဲ့ နေရာ။''
လူကိုမမြင်ရခင် အသံအရင်ကြားလိုက်မိပါသည်။ ထိုအသံကြောင့် အရေးမပါသလို ဒါမှမဟုတ် စိတ်ချခြင်းကြောင့် ပြန်လှဲအိပ်လိုက်သည်။
သူလေး ဘာလုပ်ရမယ်ဆိုတာသိပြီ။ ထပ်ရှောင်ပုန်းနေပါလျှင် ပိုလို့ရှုပ်ထွေးနိုင်ပေသည်။
"အစ်ကိုရောဟင်...''
ဖန်ခွက်ဆောင့်ချလိုက်သံက တိတ်ဆိတ်နေချိန်မို့ မိုးကြိုးပစ်သလိုပြင်း၏။
"သေလောက်ရောပေါ့...''
စစ်သော စိတ်တိုတိုနှင့် ပြောချလိုက်တာဖြစ်သည်။ စိတ်မချ၍ နောက်မှလိုက်သွားမိလို့ သူလေး၏အဖြစ်ကို လှမ်းမြင်လိုက်ရခြင်းပင်။ မထူမထနိုင်တဲ့သူကို တကူးတကသယ်လာရတော့ စစ်သော ။ ငါဘယ်လိုရောက်လာလဲလို့ အရင်မမေးဘဲ အစ်ကိုရောဟင်လုပ်နေသေး၏။ သူ့အစ်ကိုကဖြင့် သူ့ကိုအဖတ်တောင်မလုပ်တာကို..။
"မင်းနော်..မဦးမချွတ်..''
"မဦးကချွတ်လား မချွတ်လားတော့မသိဘူး။ မင်းကတော့ တော်တော်အချွတ်ခံနေရပြီ။''
စစ်သောစကားကိုနားထောင်ပြီး သူလေးမျက်လုံးပြူးဖြင့် သူ့ကိုယ်သူငုံ့ငဲ့ကြည့်လေသည်။
"မင်းက ဘာတွေကြည့်နေတာလဲ..''
"အေးလေ..မင်းကရော ဘာတွေပြောနေတာလဲ..''
"ဟာ...ငါပြောတာက မင်းမှာမာနမရှိတော့ဘူးလို့ ။ နေထိပိုင်က မင်းကိုကျွတ်တန်းဝင်အောင် မာနတို့ဒေါသတို့ ချွတ်ပေးနေတယ်လေ။''
"အဲ့ဒါ ငါ့ကိစ္စပါ ။ မင်းကလေ...သိပ်လျှာရှည်တယ်။''
သူလေးက ထိုသို့ပြောသော်လည်း စစ်သောအနေဖြင့် စိတ်ဆိုးမည်မထင်နှင့်။
ကုတင်အနားကိုတိုးလာပြီး သူလေးပါးနှစ်ဖက်ကိုဖျစ်ညှစ်၍ စနောက်ပြန်သည်။
"ဝေးဝေးမှာနေ...မဟုတ်လို့ကတော့ ဆောင့်ကန်ပစ်လိုက်မှာ။''
သူလေးအသံစူးစူးနှင့်ထအော်တော့ လုပ်ရဲလားဟု စစ်သောကပြန်မေးပြီး ပါးကိုပိုညှစ်လိုက်လေသည်။သူလေး ကန်တာမခံရပေမဲ့ တအုန်းအုန်းထထုပါတော့၏။
သို့ပေမဲ့ မပြုံး။ သူလေးမပြုံးတက်တော့မှာကို စိုးရိမ်မိတယ်ကွယ်။
မေးချင်တယ်...မေးမထွက်လို့သာ ငြိမ်နေရတာ။ နေထိပိုင်တစ်ယောက်ကိုပဲ ချစ်တော့မှာလားလို့..။
"မင်းမပင်ပန်းဘူးလား သူလေး။''
နွားစာစဉ်းတဲ့ဓားလိုမျိုး စစ်သောကျောကိုအဆက်မပြတ်ထုနေသည့် သူလေးလက်တွေရပ်ပြီး ငြိမ်သက်သွားလေသည်။
"မင်းက မဖြေချင်တဲ့မေးခွန်းတွေကို မလိုအပ်ပဲမေးတယ်။ ချစ်ရတာ မပင်ပန်းပါဘူးကွာ။ အချစ်မခံရမှာကြောက်တဲ့စိတ်က သေမလိုပင်ပန်းတာ။ ပိုဆိုးတာက ကိုယ့်ကိုချစ်နေမှန်းကိုယ်ကသိပြီး ကိုယ့်ကိုမချစ်တော့အောင် သူကြိုးစားတာလည်းသိနေတဲ့အချက်က အရမ်းပင်ပန်းရတယ်။...''
စစ်သော သူလေးပခုံးကို လက်ဖြင့်အသာပုတ်ပေးရင်း ဖိုက်တင်းဟုအားပေးစကားသာပြောနိုင်၏။ ဘယ်အရာက မှားမှန်းမသိဘဲ အကြီးအကျယ်မှားနေကြလေသည်။
တော်ပါသေးရဲ့...စစ်သော မင်းမချစ်တက်သေးတာ ဆုလာဒ်တစ်ပါးရတာပဲ။
▪▪▪▪▪▪▪▪▪▪▪▪
နေထိရင်ထဲမှာ မွန်းကြပ်နေသည်မှာ သုံးနာရီလောက်နီးပါးရှိချေပြီ။ သူကြိတ်မှိတ်ခံစားရင်း ပို၍မွန်းကြပ်လာ၏။
အလိုအပ်ဆုံးက ထွက်ပေါက်တစ်ခုသာ...။
သူ သက်ပြင်းထပ်ချလိုက်သည်။ ဘယ်နှစ်ကြိမ်မြောက်လဲဆိုတာ သူ မသိ။
မရတော့ဘူး...နေထိပိုင် မခံစားနိုင်ဘူး။
ကားတံခါးကိုဖွင့်ပြီး ကားပေါ်မှဆင်းလိုက်သည်။ ကန်တော်ကြီးရေကန်ထဲရှိ ရေများမှာ အစိမ်းရောင်တောက်နေတော့သည်။ ကြီးမားတဲ့သစ်ပင်ရဲ့ပင်စည်ကို လက်တစ်ဖက်ဆန့်ကာထောက်လို့ အားပြုမိသည်။ ဘာအပင်လဲဆိုတာတော့ မသိ..မော့လည်းမကြည့် ။
"အား...''
မွန်းကြပ်မှုတွေ ပွင့်ထွက်စေဖို့ရာ အာခေါင်ခြစ်၍အော်ဟစ်ပစ်လိုက်သည်။
ငှက်တွေ တဖျပ်ဖျပ်ပျံတက်သံကို ကြားရ၏။
ပန်းခြံထဲမှသွားလာနေသူများက ခပ်ဝေးဝေးဆီမှ သူ့ထံလှမ်းကြည့်နေကြလိမ့်မည်။
အစ်ကို မခံစားရဘဲနေပါ့မလား ဖန်..။
လှေကားထစ်များ၌ လှိမ့်ကျသွားတဲ့သူကို ချက်ချင်းပြန်ဖေးထူပေးဖို့ ကိုယ်မသိတာမဟုတ်ဘူး။ တကယ်တမ်းမှာ ကိုယ်ဘယ်လောက်လန့်သွားသလဲဆိုတာ မင်းမသိပါစေနဲ့။
အနားကို ကိုယ်တိုးလာပါတယ်။ သူလေးဆိုပြီး အော်ဟစ်ကာပြေးဝင်လာတဲ့ ကောင်လေးရောက်မလာခဲ့ရင်ပေါ့..။
ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ဒေါသထွက်ခဲ့ရသလဲ။
ဒေါသထွက်အောင် ရန်စတာတောင်..သည်လောက်ဒေါသထွက်မည်မဟုတ်။
သူငြိမ်းအောင်ဖန်ဆိုတာ ကလေးအရွယ်ကတည်းက အထစ်အငေါ့မရှိ
လိမ်တတ်နေပြီလေ။ သူငြိမ်းအောင်ဖန်ရဲ့အဖေက စာနာစိတ်ကင်းပြီး ဂုဏ်မက်မောတာလည်း ကိုယ်အသိပဲ။ ပြီးတော့ သူငြိမ်းအောင်ဖန်ရဲ့အစ်ကိုကြီး...စစ်ဗိုလ်ပီပီ အမိန့်ပေးချင်သည်။ သူလေးကိုထိန်းချုပ်ပြီး တစ်ဖက်သားကို သူ့အမြင်ဖြင့် မထီမဲ့မြင်ပြုတတ်ပေသည်။ ဘာကောင်းတဲ့လူတွေမို့လို့လဲ။
ဒီလိုစဉ်းစားပြန်တော့ ကိုယ်ကလည်းမထူးပါဘူး။ နေထိပိုင်ကရော ဘာများကောင်းနေလို့လဲ။
နေထိပိုင် မြက်ခင်းစိမ်းပေါ်တွင် ထိုင်ချလိုက်သည်။
*ဟာ..မထိုင်ချင်ပါဘူး။ အဲ့ဒီမြက်ခင်းပေါ်မှာ လူရောခွေးပါ လမ်းလျှောက်ထားတာ။ တကယ်လို့ ခွေးမစင်တွေရှိရင်...*
မတ်တပ်ထရပ်မိလိုက်တာ ချက်ချင်းပင်။
လေးနှစ်လုံးလုံး မရှိသလိုနေခဲ့တာပဲ။ အခုကျမှ ဘာလို့ဒဏ်ရာကိုလာဆွနေတာလဲ။
မုန်းလို့ရရင် မုန်းချင်ပါရဲ့။ မေ့လို့ရရင် မေ့ချင်ပါရဲ့။ အခုတော့...ကိုယ်မင်းကို မုန်းလည်းမမုန်း မေ့လို့လည်းမရခဲ့ပါဘူးကွာ။
ဘယ်အချိန်ကစပြီးမှားယွင်းနေခဲ့တာလဲ အစ်ကိုမသိပေမဲ့....အစ်ကို့မာနကိုဖြင့် တစ်စက်ကလေးမျှ လျှော့ဖို့စိတ်ကူးမရှိတာမို့...
ဖန် နားလည်ပေးပါ။