Singto သူ့အား သတိရသည်ဆိုသော Krist ကို ပြုံးပြလိုက်မိသည်။ Krist ၏ စကားက အမှန်ဟုတ်သည်လား မဟုတ်သည်လား သူ မသိရ။ ထို အမှန်ဟုတ်မဟုတ် မသိရသည့်စကားဖြင့်ပင် သူ ရင်ခုန်နေနိုင်သည်ဆိုတော့ Singto… မင်း အနေအထားက အတော်ကောင်းကောင်းပါလား ဟုသာ သူ့ကိုယ်သူ လှောင်လိုက်မိသည်။
“မင်း ဘယ်သွားမလို့လဲ?”
သူ့စကားကြောင့် Krist ခပ်ဟဟ ရယ်သည်။ သူ Singto ကို သဘောကျသည့်အချက်ထဲတွင် ထိုအချက်ပါသည်။ Singto သည် သူ၏ အရာအားလုံးကို အသေးစိတ်အကဲခတ်နိုင်လွန်းသည်။ သို့သော် နှမျောစရာကောင်းသည်က Singto သည် သူ့အား နားမလည်နိုင်။ Singto နှင့် သူ့ကြားမှ ကွာဟချက်သည် ကြီးမားလွန်းလှသည်။
“ငါက မင်းမှာ မေးခွန်းတွေ အများကြီးရှိမယ်ထင်နေတာ…”
သူ့စကားကြောင့် သူ ထိုင်နေသည့်နေရာရှေ့သို့ လျှောက်လာရင်း ဆိုဖာခုံပေါ်ခြေတစ်ဖက်တင်ကာ သူ့ မျက်နှာနှင့်နီးကပ်အောင် မိမိကိုယ်ကို ကိုင်းချလာသော Singto… သူ့အား အကြည့်စူးစူးတို့ဖြင့် ကြည့်နေသည့် မျက်လုံးညိုတို့သည် အမြဲတစေ စူးတောက်နေဆဲ။
“ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ် မင်းင့ါကို ရွေးချယ်လိုက်တယ် မဟုတ်လား…”
ထိုစကားကြောင့် သူ ပြုံးလိုက်မိသည်။ သူ့လက်ချောင်းလေးများက Singto လည်တိုင်ထက်တစ်လျှောက် တဖြေးဖြေးစုန်ဆင်းလာရင်း ပထမဆုံးကြယ်သီးနားတွင်ရပ်လိုက်ကာ သူ Singto ၏ မျက်လုံးများထဲ စိုက်ကြည့်လိုက်တော့ သူ့ကိုအကြည့်စူးစူးတို့ဖြင့် ကြည့်နေဆဲဖြစ်သော Singto…
“ငါ မင်းကို တကယ်သဘောကျတာသိလား Sing…”
သူ့စကားကြောင့် Singto မျက်နှာထက်တွင် အေးစက်စက်အပြုံးတစ်ခု။
“မင်းငါ့ကို ဘာလို့မုန်းနေမှန်း မသိဘူး ဒါပေမဲ့ ငါ မင်းကို သဘောကျတယ်…”
“မင်း ငါ့ကို မချစ်ဘူး Krist… မင်းငါ့ကို ဘာခံစားချက်မှ မရှိဘူး…”
“ပိုင်လှချည်လား…”
Singto သူ့အား လှောင်သလို ခနဲ့လာသည့် Krist မျက်လုံးများထဲ ကြည့်လိုက်မိသည်။ သူ့အကြည့်များက စူးရဲခြင်းထက် နက်ရှိုင်းသော ကြည့်ခြင်းတစ်ခု။