အခန်းထဲတွင် အေးစက်စက်လေထုသာ ကြီးစိုးသွားခဲ့သည်။ Singto သူ့အား လေးဘက်ထောက်စမ်းဟု ပြောလာသည့် Krist သည် ဘာကြောင့်များ သူ့အတွက် ကြည့်ကောင်းနေဆဲဟု သူ ထင်နေခဲ့မိသေးသည်လဲ။ သူ ရူးနေ၍ပဲ ဖြစ်မည်။ ဟုတ်သည်။ သူ ထိုကောင်လေးကို ထိုမျှထိချစ်နိုင်ကတည်းက သူသည် လူကောင်းတစ်ယောက်မှ မဟုတ်ဘဲ။ လေးဘက်ထောက်ရန်… သူ ထိုအမိန့်ကို နာခံချင်သော်လည်း ခြေသလုံး ရိုးများကျိုးနေသဖြင့် သူ လှုပ်၍မရ…
“အား ငါ မေ့သွားတာပဲ… မင်းခြေသလုံးတွေ…”
သူ့လည်တိုင်ထက်အား ခပ်ဖွဖွအသာပွတ်သတ်ပေးနေသည့်လက်တို့က စောင်ပါးတစ်ထပ်လွှမ်းခြုံထားသည့် ခြေသလုံးနေရာသို့ ရောက်နေခဲ့သည်။ သူ့ခြေသလုံးတစ်ဖက်ကို အသာအုပ်ကိုင်လိုက်သည့် Krist ကို သူ ကြည့်နေမိဆဲ။ သူ့မျက်လုံးတို့သည် Krist ထံမှ အကြည့်မရွေ့ခဲ့။ Krist သည် သူ့အား အနားမလာစေရန် နည်းမျိုးစုံနှင့် မောင်းထုတ်ရန် ကြိုးပမ်းနေသည်ဟု သူထင်သည်။ Krist သည် သူ့ဘဝထဲ သူဝင်လာမည်ကို ကြောက်ရွံ့နေသည်လား။ Singto မျက်နှာထက်တွင် အပြုံးတစ်ခု။
အကြောက်တရား… ထို အရာသည် မမြင်နိုင်သည့် သွေးအေးလူသတ်သမား တစ်ဦးနှင့်တူသည်။ သူသည် သင့်အား အသိမပေးဘဲ တိတ်တိတ်ဆိတ်ဆိတ် သင့်အနားသို့ ရောက်လာ၍ သင် သတိထားမိချိန်တွင် သူသည် သင့်အားသူ့စိတ်ကြိုက် လိုသလို လုပ်နိုင်သည့် အနေအထားသို့ ရောက်ရှိနေပြီ။
Krist သည် မိမိဘဝတွင် မည်သူတစ်ဦးကိုမှ အလေးမပေးချင်။ သို့သော်… သူ မည်သူတစ်ဦးဆိုသည့် နေရာတွင် သူတစ်ဦးသာ ရှိစေရမည်။ ထိုမကောင်းဆိုးဝါးကောင်လေး၏ ဘေးတွင် သူသာလျှင်ရပ်နေရမည်။ အခြားမည်သူမျှ ထိုကောင်လေးဘေးတွင်ရှိမနေစေရ။ အေးစက်စက်လေထုတွင် သူ့အားရိုက်နှက်လာတော့မည့် အကြောင်းအရာတို့ကို သူ မှန်းဆကာ သူ့ခန္ဓာမှ သွေးတို့သည် ဆူပွက်နေခဲ့သည်။
“အား!!!!…”
သူ့အတွေးတို့သည် သူ့ခြေသလုံးအား ခပ်ပြင်းပြင်းဖိကိုင်လိုက်သည့် Krist ကြောင့် နာကျင်စွာ သူ အော်လိုက်မိတော့ သူ့ကို ပြုံးကာ ကြည့်လာသည့် Krist… ထိုအပြုံးများသည် သူ့ခြေသလုံးအား တမင်နာကျင်အောင် လုပ်နေသည့် ခံစားချက်ကို မေ့လျော့စေနိုင်သည့် အပြုံးမျိုး။