Krist ကုတင်ထက်တွင် လှဲလှောင်းအိပ်စက်နေသူ၏ မျက်နှာကို စိုက်ကြည့်နေမိခဲ့သည်။ သူ့အတွေးထဲတွင် အတွေးပေါင်းမြောက်မြားစွာ ပြေးလွှားနေခဲ့သည်ကိုတော့ ထိုအိပ်စက်နေသူက မသိနိုင်။ သူ့အတွေးပေါင်းမြောက်မြားစွာသည်လည်း ထိုဆေးရုံကုတင်ထက်တွင် အိပ်စက်နေရသူနှင့် သက်ဆိုင်နေသည်ကိုလည်း ထိုသူသိလိမ့်မည်မဟုတ်။ သူ လက်ပိုက်ကာ ထိုသူကို ကြည့်ပြီး ငြိမ်သက်စွာ စဉ်းစားနေသော်လည်း သူ လိုချင်သည့် အဖြေတစ်ခုမထွက်သည်။ လိုချင်သည့်အဖြေ... ထိုသို့ တွေးလိုက်မိကာမှ သူ့နှုတ်ခမ်းကိုသူ ဒေါသဖြင့်ကိုက်လိုက်မိသည်။
"အ!"
သူ့ နှုတ်ခမ်းထက်မှ အထိုးခံထားရသဖြင့် ကွဲထားသည့် ဒဏ်ရာကို သူ ကိုက်မိလိုက်သဖြင့် နာကျင်မှုကြောင့် သူ ခပ်တိုးတိုးအော်လိုက်မိသည်။ သူ ရှက်သည်။ ဒေါသဖြစ်သည်။ သူ့ စိတ်ခံစားချက်တို့ကို ယနေ့လိုမျိုး အဖြစ်အပျက်မျိုး မဖြစ်လာစေရန် သူ ငယ်စဉ်ကတည်းက သူ့ကိုယ်သူ ပြင်းထန်စွာထိန်းကျောင်းခဲ့ရသည်။ Reiji Tsukasa ထိုသူ၏ ဘေးတွင် အလေးပေးခံရပ်နေနိုင်ဖို့သည် လွယ်ကူသည့် ကိစ္စမဟုတ်။ သို့သော် သူ ထိုသူ့ဘေးတွင် ရပ်နေနိုင်အောင် ထိုသူမှ သူ့အား သူ၏ ဆက်ခံသူအဖြစ် မြင်လာအောင် သူ ကြိုးစားခဲ့ရသည်။
ယခု ဘာမဟုတ်သည့်... သူ 'ဘာမဟုတ်သည့်' ဆိုသည့်နေရာတွင် သူ့အတွေးတို့ ရပ်သွားမိသည်။ ထို ကုတင်ထက်တွင် ငြိမ်သက်စွာ အိပ်စက်နေသည့်သူသည် သူ့အတွက် ဘာမဟုတ်သည့် သူတစ်ဦးမဟုတ်တော့။ အကယ်၍ ထိုသူသည် သူ့အတွက် ဘာမဟုတ်သည့် သူတစ်ဦးဆိုလျှင် သူ ကျိန်းသေပေါက် ထိုသူအား သေသေကြေကြေ ပစ်ထားခဲ့လိုက်လိမ့်မည်။ သို့သော်... သူ့ နှလုံးရှိသည့်ဘက်မှ အကျီ င်္စအား ဆွဲစုတ်ကိုင်လိုက်မိသည်။
"မင်းက ဘာလဲ Singto... ငါ့လမ်းငါ လျှောက်ခွင့်ကို မင်း ဘာလို့ မပေးနိုင်တာလဲ..."
သူ မွန်းကြပ်စွာ ရေရွတ်လိုက်မိသည်။ ထို အိပ်နေသူထံမှ သူ့ မျက်လုံးအကြည့်တို့သည် မခွာဖြစ်ခဲ့။ သူ ထိုအခြေအနေကို မည်သို့ ဖြေရှင်းရမည်နည်း။ လူတစ်ယောက်ကို အခြားသူတစ်ယောက်က ထိုသို့ချစ်နိုင်ခြင်းသည် ပုံမှန်ရောဟုတ်ပါရဲ့လား။ Singto တော့မသိ။ သူတော့ လူတစ်ဦးကို ထိုမျှလောက်ထိ မချစ်နိုင်ပါ... ထိုသည်က သေချာသည်။