Singto သူ အိပ်မက်မက်နေသည်လားဟုပင် ထင်ခဲ့မိသည်။ ကျွန်းစုတစ်ခုအား သူသွားနေခြင်း။ ထိုင်းနိုင်ငံမှ ဂျပန်နိုင်ငံရှိ ကျွန်းစုတစ်ခုသို့။ သူ ထင်ထားခဲ့သည်က ပြည်တွင်းခရီးသွားလာခြင်းသာ။ သူ ကျွန်းစုကမ်းခြေရှိ သဲသောင်ပေါ်တွင် ထိုင်ကာ ပင်လယ်ပြင်အား တမေ့တမောငေး နေမိခဲ့သည်။ ပြာလဲ့သောကောင်းကင်၊ လှိုင်းခုံးလေးများသည် မောက်တက်လာလိုက် သူ့နားရောက်လာလျှင် ပြေလျော့သွားလိုက် ပင်လယ်ပျော်ငှက်တို့၏ အသံသဲ့သဲ့။ ငါးဖမ်းရွာတစ်ရွာမို့ ရွာရှိသူများကလည်း သူ့အလုပ်နှင့်သူ။ ဖြူစင်ခြင်း၊ လွတ်လပ်ခြင်း၊ ဟန်ဆောင်မှုကင်းခြင်းတို့ဖြင့် သူ ယခုအချိန်တွင် ရှိနေရသည်။ သူ ထိုသို့ မနေရသည်မှာ မည်မျှပင် ကြာခဲ့ပြီလဲ။
"မင်း ဘာလုပ်နေတာလဲ ဘောင်းဘီတိုနဲ့ မအေးဘူးလား…"
သူ့အနောက်နားမှ အကျီ င်္လက်ရှည် ဘောင်းဘီရှည်ဖြင့် ရောက်လာသည့် Krist ကိုကြည့်ပြီး သူ သဘောကျစွာ ရယ်လိုက်ခဲ့သည်။ ထိုကောင်လေးသည် ထိုမျှထိ အအေးကြောက်ရသည်လား။
"ဒီမှာ ထိုင်လို့ကောင်းတယ် လာ…"
သူသောင်ပြင်တွင်သူနှင့်အတူ ထိုင်ရန် လက်ကိုလှမ်းဆွဲသော်လည်း သူ့လက်အား ရှောင်ကာ ပေကပ်ကပ်ဖြင့် သူ့ကိုကြည့်နေခဲ့သည့် Krist…
"ဘာလို့လဲ?"
သူ နားမလည်စွာပြန်မေးတော့…
"ငါ့ဘောင်းဘီတွေ ပေကုန်လိမ့်မယ်… နောက်ပြီး နေ့လည်စာစားဖို့လာခေါ်တာ…"
သူ့အား မကြည်မလင်ကြည့်ပြောလာသည့် Krist အား သူ ကြည့်လိုက်မိသည်။ ထိုကောင်လေး၏ မျက်နှာသည် ပကတိတည်ငြိမ်လျက်။ မျက်နှာဖုံးတစ်ခုလေလား၊ အမှန်တကယ်ပဲ တည်ငြိမ်နေခြင်းလား။ သူ ရှာဖွေနေမိသော်လည်း မည်သည့် အရာကိုမှ သူရှာမတွေ့မိ။ Krist သည် တကယ်ပဲ အနားယူချင်နေသည်လား။ သူ ခေါင်းညိတ်ပြပြီး သူ့အားဆွဲထူပါဆိုသည့် သဘောဖြင့် လက်ကမ်းလိုက်တော့ နှာခေါင်းရှုံ့ကာ သူ့လက်ကို လှမ်းဆွဲသည့် Krist… သူ ထိုကောင်လေးအား ဆွဲချလိုက်တော့ မျက်လုံးများဝိုင်းစက်ကာ ဟန်ချက်ပျက်ပြီး သူ့ပေါ်ပြုတ်ကျလာသည့် Krist…