Tao Ren ဆိုသည့် ကောင်လေးသည် အမှန်တကယ်ပင် အကွက်ကျကျ စီစဉ်တတ်သည့် ကောင်လေးတစ်ယောက်ဟူသည်ကို Krist သိခဲ့ရသည်။ ထိုကောင်လေးသည် သူ သတိထားရမည့်ကောင်လေး။
သူ့အတွေးတို့က မကြာသေးမီကမှ ပြီးခဲ့သည့် တိုက်ပွဲဆီသို့…
Flash Back
Tong အကူအညီဖြင့် သူတို့သည် သူ့ဖခင်အား ဖမ်းဆီးထားသည့် နေရာသို့ လွယ်လင့်တကူ မည်သည့်အခက်အခဲမှ မရှိဘဲ ရောက်ရှိခဲ့ကြသည်။ အစစအရာရာသည် ထိုအချိန်ထိ ချောမွေ့နေခဲ့သည်။ အသေးစား ပစ်ခတ်မှုများမှ အပ သူတို့တွင် ကြီးမားသည့် ပိတ်ဆို့မှု မရှိခဲ့။ သူ့ဖခင်သည် သူ့ကို မြင်ချိန်တွင် ကျေနပ်စွာပြုံးပြလာခဲ့သည်။ ထိုအပြုံးကို မြင်လိုက်ချိန်တွင် သူတို့အားလုံးသည် သူ့ဖခင်၏ စစ်တုရင်ခုံတွင် လှုပ်ရှားနေသည့် နယ်ရုပ်များဆိုသည်ကို သူ သိလိုက်ခဲ့သည်။ သို့သော် သူ့တွင် ထိုအရာကို ခံစားနေချိန်မရှိခဲ့။
“ဟက်… မင်းတို့ ခွေးတွေ သစ္စာဖောက်မယ်လို့ ထင်သားပဲ…”
Flying Dragon နှင့်အခြားသော Traids အဖွဲ့အစည်းမှ ဂိုဏ်းများ ရောက်လာချိန်တွင် ပြဿနာသည် စတော့သည်။ သူတို့သည် လူနည်းစု… Tong အဖွဲ့နှင့် သူတို့ Yamaguchi မှ သူများ ပေါင်းလျှင် ယခုလူများ၏ တစ်ဝက်ပင်မပြည့်ချင်။ သူ စိုးရိမ်သွားမိသည်။ သူတို့သည် ထိုသူများကို ခုခံနိုင်မည်လား။
ထိုသိုလှောင်ရုံတွင် အကြီးစားပစ်ခတ်မှုကြီးသည် စတင်ဖြစ်ပေါ်လာခဲ့သည်။ တိုက်ပွဲသည် ယခုမှပင် စခဲ့သည်။ သူတို့လူအတော်များများသည် သိုလှောင်ရုံတွင် ပိတ်မိနေခဲ့သလို အခြားသော ပြင်ပရှိသူများသည်လည်း ဖမ်းဆီးချုပ်နှောင်ခဲ့ကြသည်။ သူ ပစ္စည်းတစ်ချို့နောက်တွင် ပုန်းခိုကာ ပြန်လည်ပစ်ခတ်နေရာမှ သူ့နံဘေးရှိ သူတို့အား ကူညီပေးရန် တာဝန်ပေးထားခြင်းခံရသည့် ကောင်လေးကို အကဲခတ်လိုက်ခဲ့သည်။ တည်ငြိမ်ကာ ပြန်လည်ခုခံပစ်ခတ်နေခဲ့သည့် တရုတ်ကောင်လေး။
ထိုကောင်လေး၏ တည်ငြိမ်လွန်းနေသည့် အမူအရာကို ကြည့်ပြီး ယခုအခြေအနေသည် ကြိုတင်ခန့်မှန်းထားပြီးသား အခြေအနေတစ်ခုဆိုသည်ကို သူ နားလည်လိုက်ခဲ့သည်။ သူတို့အား ကြိုတင်မပြောသည့် ခန့်မှန်းတွက်ချက်မှုအတွက် သူ ဒေါသဖြစ်မိသော်လည်း ယခုအချိန်တွင် တစ်ယောက်နှင့်တစ်ယောက်အပြစ်တင်နေခြင်းက အဖြေတစ်ခုမဟုတ်။