နန်းတွင်းတစ်နေရာတွင် ခပ်သုတ်သုတ်ပြေးကာ နန်းဆောင်တစ်ခုထဲ ပြေးဝင်သွားခဲ့သော ကောင်လေးတစ်ယောက်။ ထိုကောင်လေးမျက်နှာထက်တွင် စိတ်လှုပ်ရှားခြင်း၊ဝမ်းမြောက်ခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။ သူ ရှာဖွေနေခဲ့သော သူ့ချစ်ရသောသူငယ်ချင်း၊ သူ့ရဲဘော်ကို သူ ပြန်ရှာတွေ့ချေပြီ။ ထိုကောင်လေးရှိရာနေရာကို သူ ရှာတွေ့ပြီ။ ထိုကောင်လေးကို သူ မျက်ခြေပြတ်သွားသည်မှာ သုံးလ… ထိုကောင်လေး၏ တည်နေရာနှင့်ပတ်သက်ပြီး သူ ကြိုးစားထောက်လှမ်းသော်လည်း မရခဲ့။ သို့သော်… သူ လက်လျှော့တော့မည့်ဆဲဆဲတွင် သူ့ရဲဘော်ရဲဘက်၏ တည်နေရာကို သူ သိရှိခဲ့ရပြီ။
“မင်းသမီးငယ်!!! ကျွန်တော် Singto ကို ပြန်တွေ့ပြီ…”
ထိုကောင်လေး အခန်းထဲသို့ဝင်ဝင်ချင်း ဝမ်းသာအားရပြောလာချိန်တွင် အပူရုပ်ကို ဟန်လုပ်ကာဖြင့် အလုပ်ထဲ အာရုံနှစ်နေခဲ့သည့် မိန်းမချောလေး၏ မျက်နှာသည် ဝင်းလက်သွားခဲ့သည်။
“P New…”
ထိုကောင်မလေးသည် မည်သည့်စကားကိုမှ မဆိုနိုင်တော့… သူမ ဝမ်းသာနေခဲ့သည်။
“ကျွန်တော်တို့ သူ့ကို တွေ့ပြီ… သူ ဆေးရုံတစ်ခုမှာရောက်နေတယ်လို့ပြောတယ်…”
“ဆေးရုံ?”
“ဟုတ်…”
“ဘာလို့လဲ! သူ ဘာဖြစ်လို့လဲ…”
“အသေးစိတ်ကို ကျွန်တော်တို့ လမ်းသွားရင်း ပြောသွားရအောင်…”
သူ့စကားကြောင့် Achara ခေါင်းညိတ်ပြလိုက်ခဲ့သည်။ Singto… သူမ၏ အစ်ကိုတစ်ဦးကဲ့သို့ ယုံကြည်ချစ်ခင်ရသော တစ်ဦးတည်းသောလူသား။ နန်းတွင်း၏ မယုံကြည်ရသော အရေးအခင်းများတွင် သူမ ယုံကြည်နိုင်သော တစ်ဦးတည်းသော လူသား။ သူမ ထိုသူကို ပြန်တွေ့ရပြီတဲ့လား။
“မင်းသမီးက သက်တော်စောင့်တစ်ယောက်အတွက်နဲ့ အပြင်ထွက်မလို့လား… ဒါက မဖြစ်သင့်ပါဘူး မင်းသမီး…”
သူမ အပြင်ထွက်တော့မည်ဆိုမှ လက်တစ်ဖက်တားလာခဲ့သည်။ သူမ ထိုတားလာသူကို ကြည့်လိုက်တော့ Gun Smile… Singto မရှိချိန်တွင် တော်ဝင်မျိုးနွယ်အား စောင့်ရှောက်ရသော သက်တော်စောင့်များအား Training ပေးရသည့် ခေါင်းဆောင်ဖြစ်သူ Gun Smile သည် သူမ၏ ယာယီသက်တော်စောင့်အဖြစ် နေပေးခဲ့ရသည်။ သူမ Gun Smile ကို သိပ်သဘောမကျမိ။ သို့သော် သူမ ခမည်းတော်၏ အမိန့်ကို သူမ မလွန်ဆန်နိုင်။