ရေကန်ထဲ မှ ချစ်ဇာတ်လမ်း- 3 (မုန်တိုင်းများ၏အရှင်သခင်)
ကမာသည် အိပ်ပျော်နေသည့် အကိုကြီးကို ငြိမ်ငြိမ်လေး စိုက်ကြည့်နေမိသည်။ တညလုံး သူလည်းပင်ပန်းသွားပြီထင်သည်။ ဒါကြောင့် အကိုကြီးကို မနက်ဆိုလျှင် မနိုးပဲ သူအိပ်ယာနိုးလာသည့်အချိန်ထိ ကမာ အေးအေးဆေးဆေး ငေးကြည့်နေတတ်တာ အကျင့်တခုလိုဖြစ်နေပြီ။ နားပါစေ။ စစ်ဘုရင်ကြီး အနားယူပါစေ။ မိမိကိုပိုင်ဆိုင်ရဖို့၊ အတူနေရဖို့ အကိုကြီး ဘယ်လောက်ပင်ပန်းခဲ့သည်ကို ကမာပြန်တွေးကြည့်တိုင်း ရင်နာသည်။ ကျင်နေအောင်နာသည်။
တချို့လူများက ကံကောင်းကြသည်။ ချစ်သူနှင့်တွေ့တော့ အပြန်လှန်ချစ်ကြောင်းကို လွယ်လင့်တကူပြောခွင့်ရသည်။ နှစ်ကိုယ်တူအချစ်တိုင်းပြည်ကို ထူထောင်ရဖို့ အခက်ခဲမရှိခဲ့ကြပဲ ချစ်သူနှင့်အတူတူနေထိုင်နိုင်ကြသည်။ ဒါတောင်မှ အချစ်ပြယ်သွားတာနှင့်၊ အချစ်သစ်တွေ့သွားတာနှင့် ကွဲပြဲကြသည်ကိုကြည့်ပြီး ကမာ သူတို့အစား နှမျောမိသည်။ အချစ်ဆိုတာ လွယ်လွယ်ကူကူနှင့် ပေါ်လာသူများအတွက် တန်ဖိုးမထားမိကြတာလားဟု တွေးမိတာ အကြိမ်ကြိမ်ပင်။ တကယ်ဆိုလျှင် အချစ်တစ်ခု ပေါ်ပေါက်ဖို့ ဘယ်လောက်အချိန်ယူရသည်ကို မည်သူမှ အချိန်ပေးမစဉ်းစားလို့သာ ချစ်ခြင်း၏တန်ဖိုးကို သူတို့မေ့လျော့သွားကြခြင်းဖြစ်သည်။
မိမိနှင့် အကိုကြီးတင်တက်ရင်ကျတော့ အချစ်တစ်ခုပေါ်လာသည့်တိုင် ဖွင့်ဟပြောခွင့်မသာခဲ့ပါ။ ပြီးတော့ ကျေးဇူးရှင်နှင့် မွေးစားညီဆိုသည့် စည်းကြီးကလည်း တားထားလိုက်တာမှ ကျော်မရတော့ဘူးလား ထင်ရသည်။ပြီးတော့ ကံဆိုးပြီး တေးဟာခန်မင်းကြီး၏ မျက်စိကျခြင်းကို ခံလိုက်ရတော့ ချစ်ပေမယ့် သူတပါးရင်ခွင်ထဲ ၀င်ခဲ့ရတာ ဘယ်လောက်နာကျင်ရသည်ကို မည်သူနားလည်နိုင်မည်နည်း။
တေးဟာခန်ကို အလုပ်ကျွေးပြု၇လို့နာကျင်ရသည်ထက် မိမိကိုကြည့်ပြီး ယူကြုံးမရဖြစ်နေသည့် အကိုကြီးကိုကြည့်ပြီး ကမာ့ ရင်ဆတ်ဆတ်ခါနာခဲ့သည်။ ကမာ့ကြောင့် အကိုကြီး မွန်ဂိုထီးနန်းကိုသိမ်းပိုက်ခဲ့သည်။ ယိုင်နဲ့နေသည့် ချစားနေသည့် ယခင်အုပ်ချုပ်ရေးကို တောင့်တင်းအောင် ပြန်လည်ပြင်ဆင်သည်။ တိုင်းပြည်တိုးတက်အောင် လုပ်ဆောင်ပေးသည့်ချစ်သူကို ကမာမြတ်နိုးစွာဖြင့် အချစ်တွေကိုပေးအပ်ခဲ့သည်။
YOU ARE READING
Love Stories
Short Storyချစ်ဇာတ်လမ်းများစုစည်းမှု ကိုနှင်းထန်+ မိုးစက် သီဟစော+ဝေယံအောင် သူရိန်+ ကိုကို သတိုးအောင်+ငွေစင် မင်းသတိုး+နွေဦး ထိမိုယွမ်+စာဂီရိ တင်တက်ရင်+ကမာအာဇမာန် တင်မော်ရင်+ဟေဇယ် သူတို့တွေရဲ့ အချစ်ခန်းများသီးသန့်စုစည်းမှု။