(Unicode) ရေကန်ထဲ မှ ချစ်ဇာတ်လမ်း- 8 (အချစ်စစ်၏တည်နေရာ)

1K 13 0
                                    

(Unicode) ရေကန်ထဲ မှ ချစ်ဇာတ်လမ်း- 8 (အချစ်စစ်၏တည်နေရာ)

စနေထွဋ်ခေါင်သည် ခေါင်းဦးကိုမှီကာလှဲနေရင်း မှန်ပြတင်းအပြင်ဘက်မှ တောက်ပသည့် နေရောင်ကိုငေးကြည့်ရင်း လေထဲမှ လတ်ဆတ်သည့်ရနံ့နှင့်အတူ အနည်းငယ်စိမ်းရွှေရွှေနိုင်သည့် နေကြာရိုင်းနံ့ကို ရတော့ မြစိမ်းတောင်ပေါ်တွင် နေကြာရိုင်းများဝါဝင်းနေအောင် တတောင်လုံးပွင့်နေမည်ကို သိလိုက်သည်။ ထိုစဉ် အခန်းထဲကို ဖြူသွယ်ပြီး မိမိရင်နှင့်အမျှ မြတ်နိုးမိသည့် လူငယ်လေး တစ်ဦးဝင်လာခဲ့သည်။ တောက်ပသည့် အလင်းရောင်အောက်တွင် သလင်းသားလိုဖြူဖွေးသော အသားရေနှင့် ကြည်လင်တောက်ပသည့် အကြည့်စူးစူးလေးများကို စနေ ခပ်ငေးငေးကြည့်မိစဉ် သူက ပြုံးကာပြောခဲ့သည်။ သူ့အပြုံးကိုမြင်ရတော့ တကိုယ်လုံး အားတွေပြည့်လာသလိုခံစားလိုက်ရသည်။ ဆံပင်များက နဖူးပေါ် သဘာဝအတိုင်း ခပ်ရိုင်းရိုင်းလေ ကျဆင်းနေပုံက လူငယ်လေး တစ်ယောက်၏နုပျိုမှုကို ပြသနေသည်။ ထိုလူငယ်သည် စနေ အသက်တမျှ တန်ဖိုးထားရသော မိုးစက်လေးပင်ဖြစ်သည်။


"အကိုကြီး...ရေချိုးရအောင်.. ကျွန်တော် ရေနွေးစပ်ပေးပြီးပြီ.."

စနေသည် ရေကန်ကြွေဇလုံဖြူထဲ ဆေးမြစ်၊ ဆေးရွက်ပြုတ်ရည်နှင့် ရေအေးကို ရောစပ်ပြင်ဆင်ပေးကာ ထွက်လာသဖြင့် င်္အကျီလက်ကို ခပ်တိုတိုပင့်တင်ပြီး လက်ဖျံများတွင် ရေစက်လေးများ တွဲခိုနေသည့် ကောင်လေးကိုကြည့်ကာ ငြင်းလိုက်သည်။


"ရတယ်... အောင်ကျော်ကိုလွှတ်လိုက်။ မင်းရေချိုးပြီးပြီမလား။ စိုကုန်မှာပေါ့.."

မိုးစက်သည် အကိုကြီးကို အိပ်ယာပေါ်မှ ထနိုင်ရန်တွဲထူပေးရင်း ပြောလိုက်သည်။

"အကိုအောင်ကျော်က အေးသာယာကို ဆင်းသွားတယ် အကိုကြီး။ ရေစိုလည်း အဝတ်ပြန်လဲမှာပေါ့ဗျာ။"

"ငါ့ဖာသာ ချိုးပါ့မယ်ကွ။ လူမမာလည်းမဟုတ်ပဲနဲ့။ ဘာလဲ မင်းက ငါ့ကို အဖိုးကြီးထင်ပြီး ရေချိုးပေးပြီး ကုသိုလ်ရအောင် လုပ်မလို့လား။"

စနေသည် မိုးစက်၏ပူနွေးသော အသား၊ လတ်ဆတ်သည့် ကိုယ်သင်းနံ့နှင့် roll on အနံ့သင်းသင်းကြောင့် အသက်ရှုမဝသလို ခံစားလာရပြီး အသက်ကိုပြင်းပြင်းရှုလိုက်မိသည်။ တကယ်တော့ ထိုအနံ့ကို အဆုတ်ထဲအပြည့်ကို လောဘတကြိးရှုသွင်းနေမိသည် မဟုတ်လား။ မိမိစိတ်ထဲက အတွေးကို သူသိမည်စိုးသဖြင့် ရယ်စရာနှောကာ ပြောရင်း တားလိုက်သည်။

"ဟုတ်တယ်။ အကိုကြီးက ကျွန်တော့်ကျေးဇူးရှင်။ အကိုကြီးကိုရေချိုးပေးရင် ကုသိုလ်ရမှာဗျာ။ ကဲ..လာပါဗျာ။ အကိုကြီးက အားနည်းနေသေးတယ်။ နောက်တလဆို ကိုယ့်ဖာသာ ချိုးတော့ဗျာ။ အခုတော့ ကျွန်တော် ချိုးကူပါရစေ..."


သို့သော် မိုးစက်ပါတဲ့။ သူလုပ်ချင်သည်ကို ဖြစ်အောင်လုပ်တတ်ရန် စနေကိုယ်တိုင်ကျင့်ပေးထားမိသည် မဟုတ်လား။ စနေကို အိပ်ယာပေါ်မှ တွဲချကာ ရေချိုးခန်းဘက်ကို ခေါ်လာခဲ့သည်။ စနေသည် ကျေနပ်ခြင်းတဝက်နှင့် ခပ်ညည်းညည်းလေးပြောလိုက်သည်။ လမ်းလျှောက်ရတာ တုန်ယင်နေအောင် ရောဂါက တကိုယ်လုံးကို စုပ်ယူသွားခဲ့သည် ။

"အင်း... ကိုယ်လည်း အဖိုးကြီးဖြစ်နေပါပြီကွာ... ကျန်းမာတဲ့သူပြန်ဖြစ်နိုင်ပါဦးမလား..."

"ဘာလို့မဖြစ်နိုင်ရမှာလဲ။ အကိုကြီးက ကျွန်တော်မြင်ဖူးသမျှထဲမှာ အကြံ့ခိုင်ဆုံးပဲ။ ဘယ်တော့မှ ဖြိုဖျက်လို့မရတဲ့ ကျောက်ဆောင်ကြီးပါဗျာ။ ခွဲစိတ်မှုက အခြေနေကောင်းပါတယ်။ အကိုကြီး နာလန်ထူလာရင် တစ်နှစ်ပဲလေ့ကျင့်ရမှာပါ။ "

"အင်း..."

မိုးစက်သည် အကိုကြီး၏ အားလျော့သည့် စကားကိုကြားသော် ရင်ထဲ စူးခနဲဖြစ်ကာ အကိုကြီးကို ပြတ်ပြတ်ပြောလိုက်သည်။ အကိုကြီးက မိမိအတွက် စံပြဖြစ်သည်။ ကျေးဇူးရှင်ဖြစ်သည်။ အကိုကြီးကို အမြဲ သံမဏိလူသားလိုကြံ့ခိုင်ပြီး မာကျောသူဟု သတ်မှတ်ထားရာ ယခုလို အားလျော့သည့်စကားသည့် အကိုကြီးနူတ်မှထွက်လာသည်ကို မယုံနိုင်အောင်ဖြစ်သလို ရင်လည်းနာမိသည်။

စနေသည် မိုးစက်၏ အကူညီနှင့် ရေကန်ထဲကို မဆင်းခင် ရေနွေးနှင့်လောင်းချိုးတာခံပြီးနောက် သူကလည်း ဆပ်ပြာနှင့်ပွတ်သတ်ပေးသည်ကို ခံယူရင်း စိတ်ရင်းမှန်အတိုင်း မိမိစိုးရိမ်သည်ကိုပြောလိုက်သည်။

"မင်း ပြန်သွားတာမှ မကြာသေးဘူး။ ခုပြန်တက်လာတာ ဒေါက်တာကမင်းကို ငြိုငြင်လိမ့်မယ်။ နောက်ဆို ၂ လတစ်ခါပဲ လာကြည့်တော့။ ကိုယ်တဖြည်းဖြည်းသက်သာလာပြီ။"

"အကိုနှင်းထန်အခု ဟောင်ကောင်ကိုသွားတယ်။ ဆယ်ရက်လောက်ကြာမယ်။ ဒါကြောင့် ကျွန်တော်လည်း ပျင်းလို့တက်လာတာ။ ကျွန်တော်တက်လာအတော်ပဲ မလား။ အတုလလည်း ရန်ကုန်ဆင်းသွားတာနဲ့ ကွက်တိပဲ။"

မိုးစက်သည် အကိုကြီး၏ ကိုယ်လုံးပါးပါးကို ဆပ်ပြာတိုက်ပေးပြီး ရေလောင်းပေးရင်းပြောလိုက်သည်။

"သူ မင်းကို ပြောနေလိမ့်မယ်။ မင်းလည်း ကိုယ့်ကြောင့်ပင်ပန်းနေပြီ။နားသင့်ပြီ။"

"မပြောဘူး။ ပြီးတော့ အကိုကြီးကို ပြုစုရတာ မပင်ပန်းဘူး။ အကိုကြီးခုလိုဖြစ်နေတာကို မပြုစုပဲ သူနဲ့အတူနေရတာမှ ပင်ပန်းတာဗျ။ အကိုကြီးက ကျွန်တော့်အတွက် အကိုလည်း ဟုတ်တယ်။ အဖေလည်းဟုတ်တယ်။ ကျွန်တော်လဲပြိုနေချိန်မှာ ကျွန်တော့်ကို ထူမတ်ပေးခဲ့တဲ့သူ။ သူလည်းဒါကို နားလည်တယ်။ အချစ်နဲ့ သံယောဇဉ်ကို သူက မတိုင်းပါဘူးဗျာ။ တကယ်လို့ နှိုင်းယှဉ်ပြောလာရင်လည်း အကိုကြီးညီက လက်ခံမယ်ထင်လို့လားဗျ။ မတူညီတဲ့အချစ်နှစ်ခုကို လာရောရင် သူ့ကို ကျွန်တော် အထင်သေးမိမှာသေချာတယ်။"

မိုးစက်က စနေ၏ စကားကို ခါးခါးသီးသီးငြင်းလိုက်သည်။ တကယ်လည်း မတူသည့်အချစ်ကို အကိုရောပစ်ရင် မိမိလှည့်ကြည့်မည်မဟုတ်တာ သေချာသည်။

"အင်း.. ကိုယ့်ကြောင့် မင်းတို့နှစ်ယောက်ကို ပြသနာမဖြစ်စေချင်တာ အမှန်ပဲ.. ။ ဘာကြောင့်လဲဆိုတော့ အကိုကြီးရဲ့ညီလေးကို အကိုကြီးက အမြဲပျော်စေချင်လို့။ သူနဲ့ဆိုရင် မိုးစက် ပျော်မယ်ဆိုတာ သိလို့။ သူ့နားမှာ မင်းကို ရှိစေချင်တာ။"

မိုးစက်၏ စကားကိုကြားသော် စနေက သက်ပြင်းရှိုက်ကာ တီးတိုးပြောလိုက်သည်။ ဒီကောင်လေး။ မိမိမွေးစားညီလေးက ထင်ထားသည်ထက် မိမိကို သံယောဇဉ်ကြီးလွန်းလှသည်။ မိမိကံကောင်းပါသည်။ မသေချင် ဒီလို ညီလေးတစ်ယောက်ကို ရခဲ့သည်။ ကံတရားက သေခါနီး မိမိကို မျက်နှာသာပေးခဲ့သည် ထင်သည်။

မိုးစက်သည် အကိုကြီး၏စကားကိုကြားသော် မျက်ရည်က အလိုလိုရစ်ဝဲလာခဲ့သည်။

"အကိုကြီးရဲ့စေတနာကိုကျွန်တော်နားလည်ပါတယ်။"

နှစ်ယောက်သား တိတ်ဆိတ်သွားစဉ် မိုးစက်သည် အကိုကြီး၏ ကိုယ်ပေါ်မှဆပ်ပြာရည်စင်အောင် ရေနှင့်လောင်းချပြီး နှံ့အောင်တိုက်ပေးစဉ် ကျောကုန်းမှအရိုးများကို စမ်းမိတော့ စိတ်မကောင်းဖြစ်ကာ သက်ပြင်းကိုခိုးချမိသည်။ မှန်ထဲမှ သူက မြင်ပြီး မိုးစက်ကို ပြုံးကာ အားပေးလိုက်သည်။


"ကိုယ် နေကောင်းလာပါပြီကွ။ အသားနည်းနည်းပြည့်လာပြီမလား။ နောက်သုံးလဆိုရင် လူကောင်းလို သွားလာနိုင်တော့မှာပါ။"

"ကျွန်တော်ယုံပါတယ်။ "

မိုးစက် ထိုစကားကိုပြောရင်း ရင်ထဲမှာ အကိုကြီးကို အမြန်ဆုံးကောင်းစေချင်သည့်စိတ်တို့ တရိပ်ရိပ်တိုးလာခဲ့သည်။ အရင်လို ကျန်းမာစေချင်သည်။ အရင်လို မာကျောစေချင်သည်။ အကိုကြီးသည် ဖြိုဖျက်လို့မရသည့်ကျောက်ဆောင်ကြီးဖြစ်သည်။

"ကဲ.. ဆေးရည်ထဲ စိမ်ရအောင် အကိုကြီး..."

မိုးစက်သည် အကိုကြီးကို တွဲထူကာ ရေကန်ထဲကိုထည့်ပေးလိုက်သည်။ သစ်မြစ်၊ သစ်ရွက် ပြုတ်ရည်နွေးနွေးထဲစိမ်နေသည့် အကိုကြီကို ငေးကြည့်ရင်းမိုးစက် အတွေးပွားနေမိသည်။ လည်ပင်း၊ပုခုံးညှပ်ရိုးများ ငေါထွက်အောင်ကို အကိုကြီးရဲ့အသားတွေ၊ကြွက်သားတွေ ဘယ်ကိုများရောက်သွားခဲ့ပြီလဲ။

အကိုကြီး၏ ရင်ဘတ်က ပိန်ချပ်ကာ ကြွက်သွားများလည်းပိန်ကပ်ကုန်ပြီ။ အရေလည်းပျော့တွဲတွဲဖြစ်နေသည်ကိုကြည့်ကာ စိတ်ကို မကောင်းနိုင်အောင်ဖြစ်မိစဉ် စနေက တကိုယ်လုံးပူလာသလို ခံစားလိုက်ရသည်။ ဘာကြောင့်လဲဆိုတော့ မိုးစက်၏ မျက်လုံးကမိမိရင်ဘတ်ပေါ်တွင် ရပ်တန့်နေသည်မဟုတ်လား။


"ဟေး...ကိုယ့်ရင်ဘတ်ကို ဘာလို့စိုက်ကြည့်နေတာလဲ။ ကြွက်သားမရှိတော့ဘူးကွ။ အရိုးတွေချည်းနဲ့ကြက်ရင်အုပ်ဖြစ်နေပြီ။"

မိုးစက်သည် အကိုကြီး၏ မျက်လုံးထဲကို စိုက်ကြည့်ကာ အေးအေးချမ်းချမ်းပြုံးလိုက်ပြီး ပြောလိုက်သည်။


"ဟင့်အင်း... အကိုကြီးက ဘယ်လောက်ပဲ ပိန်သေးသွားပါစေ။ ကျွန်တော့်ကို ကာကွယ်ပေးပြိး ချစ်နေတဲ့စိတ်က နည်းနည်းမှ သေးငယ်မသွားခဲ့ဘူး။ ဒါကြောင့် ကျွန်တော့် မျက်လုံးထဲမှာ အကိုကြီးက ကျွန်တော့်အတွက် အားကိုးရာ၊ မှီခိုရာဖြစ်နေတုန်းပဲ။ အကိုကြီး ကျွန်တော့်ကို ဆက်ပြီးကာကွယ်ပေးမှာမလား။ အကိုကြီး အမြန်ဆုံးကျန်းမာလာရမယ်။ အကိုကြီးက တစ်ယောက်တည်းရှိလို့ ကျွန်တော့်အတွက် နေကောင်းအောင် ကြိုးစားရမယ်နော်။"

မိုးစက်၏ စကားကြောင့် စနေ၏ ရင်ထဲ ထူးထူးဆန်းဆန်း အားသစ်စီးကြောင်းတစ်ခု စီးဝင်သွားသလို ခံစားလိုက်ရပြီး ပြုံးကာ ခေါင်းငြိမ့်လိုက်သည်။

လူလတ်ပိုင်းတစ်ဦးက ရေကန်ထဲ စိမ်နေပြီး နံဘေးကန်ဘောင်ပေါ်တွင် လူငယ်လေး တစ်ယောက်က ထိုင်ပြီး ပုခုံးများကို ငြင်သာစွာနှိပ်ပေးနေသည်။ ပတ်ဝန်းကျင်တွင် နူးညံ့သည့်ချစ်ခြင်းတရားတစ်မျိုးက ပျံ့နှံ့လွှမ်းခြုံနေတော့သည်။ နေရောင်တောက်သည့် နေ့သစ်ကို စနေမျှော်တွေးရင်း အားတက်နေမိသည်။

----------------------------------




Love StoriesWhere stories live. Discover now