ကောင်းကင်ကကြိုး

11 0 0
                                    

ကောင်းကင်ကကြိုး

(၁)
ငါဟာ ခွန်ဆန်လောနဲ့ အမျိုးတော်ခဲ့တယ်
နှလုံးသားနှစ်ခုပေါ်ခုနစ်စင်ကြယ်တံတားလေးထိုးထား
မင်းနဲ့ငါ့ကြားမှာ ကျွန်းလေးတစ်ကျွန်း.... ပဲ
လှလှပပ ခြားရစ်ခဲ့တာပါချစ်သူ
အပြစ်မယူတဲ့ခွင့်လွှတ်မှုဟာ... ကြေကွဲခြင်းကိုနည်းပေးလမ်းပြ
ဆန်းပြားပြားလွမ်းဆွတ်မှုတွေကို.. ကဗျာ.. ရွတ်လို့ မရဘူးကွယ်။

(၂)
ညလွှာကို တိတ်တဆိတ် တံခါးခေါက်
နံနက်ရောက်သွားမှာလဲ ကြောက်မိပါရဲ့
ဓူဝံကြယ်ထက် ခုနစ်စင်ကြယ်ကပိုလှတယ်..
ချစ်သူရေ... ည..ည အိပ်မရတဲ့အခါ ကြယ်ကြွေပါစေ ဆုတောင်းလိုက်ပေါ့
မင်းအတွက်ဆို ကောင်းကင်ပေါ်က  ဆယ်ခါပြန်ဆိုလဲ ငါ.. ခုန်ဆင်းရဲတာပဲလေ

(၃)
လေညင်းဟာတိမ်သားရိုးရီကို တိတ်တဆိတ်ကလူကျီစယ်
ချည်လွယ်တဲ့သံယောဇဉ်ဟာ တိမ်တွေလိုလွင့်ပါး
ရွေ့ရင်းလျားရင်း အီဂျစ်ပြည်ဆီ ခရီးထွက်ခဲ့ပါ
ကလီယိုပါထရာအိပ်မက်တွေကြား
သရဖူဆောင်းလို့.. မင်းအပေါင်းရဲ့ဦးညွတ်မှုကို.. ခံယူလှည့်ပါဦးလား
စောင်းညင်းသံဟာ တိုးတိုးလေးရက်စက်သွား
ချစ်သူရေ.. လုံးပါးပါးခဲ့ရတဲ့ကောင်းကင်မှာ
ဘယ်အားကိုကိုးလို့ငါလိုကောင်က စိုးမိုးဦးမလဲ
အစင်းစင်းကြွေခဲ့ကြတဲ့ကြယ်တွေဟာ
လည်ချင်ပတ်ချင်ရုံ သက်သက်
ကမ္ဘာမြေဆီ ခရီးထွက်ခဲ့ကြတာမှ မဟုတ်ဘဲ
သတိရခြင်းဆိုတာ.. ဆုမတောင်းပဲကြွေခဲ့ရတဲ့ လမင်းပေါ့

(၄)
စမ်းချောင်းလေးတွေရပ်တန့်သွားမှပဲ
ကမ္ဘာမြေပေါ်ခပ်ဆန့်ဆန့်ချခင်းထားတဲ့ကျောပြင်ကိုရုပ်သိမ်း
အတွေးရိုင်းတွေကိုအုပ်ထိန်းလို့
တစ်ခေါက်ပြန်လာခဲ့မယ်
အမြှောက်တစ်ဆံလိုလွင့်ကွဲသွားတဲ့အတွေးစတွေ
စက်ရာညောင်စောင်းမှာ ပြန့် ကျဲ ကပ် ငြိ
တစ်ကိုယ်စာအလွမ်းဓာတ်ပြားကိုရပ်ကြည့်လိုက်မှ
စိတ်ကူးယဉ်ဘဝဆီက လက်တွေ့ကမ္ဘာလေး ပြိုကျပျက်ဆီး
အပိုင်းပိုင်းအစစနဲ့ မဖြေနိုင်မဆည်နိုင် အလဲလဲ.. အကွဲကွဲ..
တစ်ကိုယ်တော်လမ်းသရဲဖြစ်ခဲ့ရတယ်လေ..။
နွေဦးမှာရွက်ဝါတွေကြွေတာမဆန်းဘူး
မဆန်းဘူး.. ချစ်သူရဲ့
ခပ်ရမ်းရမ်းလေရူးတောင်မင်းဆံနွယ်တွေရှေ့အရောက်
ပြားပြားမှောက်ခစားရသေးတာပဲ
မင်းလက်နဲ့သာခြွေခဲ့ရင်
ငါလိုကောင်က
မကြွေပဲ... နေရဲမတဲ့လား။

(၅)
ကျောက်သင်ပုန်းတစ်ချပ်ရဲ့ခပ်နက်နက်အတွေးတွေထဲ
ငါ့စိတ်ကူးယဉ်အတ္တတွေ ဝဲ.. ပျံသွားတယ်
ကြယ်တွေက အဝေးကြီးမှာပါ
ဒါပေမယ့်
ငါ့ကဗျာထဲကြယ်တွေကိုစီးနင်း
ခရီးပြင်းနှင်ခဲ့သူက မင်းပဲပေါ့..။
ကြယ်တွေကိုရေတွက်ကြည့်တယ်
ကဗျာတစ်ကြောင်းစပ်တယ်
စက္ကန့်တိုင်းစက္ကန့်တိုင်း..
ဖြတ်ကျော်သွားဆဲနာရီမိနစ်တွေတိုင်းမှာ
သတိရရင်ရသလိုမင်းကိုလွမ်းတယ်
နေ့စဉ်လည်ပတ်မှုဟာမင်းမပါပဲ ကော်ဖီတစ်ခွက်သောက်ရသလိုနဲ့လေ
ပူတယ်.. အေးတယ်.. ချိုတယ်.. ခါးတယ်
ဆန့်ကျင်ဘက်နှစ်ခုပေါင်းစည်းမှုဟာ "ယင်" နဲ့ "ယန်" ဖြစ်မလာခဲ့ဘူး။

(၆)
အပြာရောင်မျဉ်းတစ်စဟာ
တေးတစ်ပုဒ်ဆိုနိုင်မယ်မထင်ခဲ့မိဘူး
ဒိုင်ယာရီဟာ အလွမ်းချည်းသက်သက်မို့
ကဗျာတွေရေးရင်းငါ ခဏလေးအသက်ရှူရပ်ထားမိတာ
သေခြင်းဟာဘဝရဲ့ကမ်းတစ်ဖက်
ရှင်သန်ခြင်းနဲ့သေခြင်းအကြား တောင်ပံတွေ ဖြန့်ကျက်မိတော့
တေးမြုံငှက်ကလေးဟာ ဝဲရင်းဝဲရင်းနဲ့
တစ်ကိုယ်ရည်မိုက်မဲမှုကိုအဆုံးသတ်
အလွမ်းလောင်စာကုန်သွားခဲ့ရင်တော့
တစ်ခါပြန်လိမ္မာလိုက်မှာပါ
အသက်ရှူတာရပ်ထားလို့ရချင်ရမယ်
မင်းကိုလွမ်းတာရပ်ထားလို့မရဘူး
ကြွေကျသွားတဲ့အိပ်မက်မှာ.. ဘရိတ်(ခ်)မပါခဲ့ဘူးလေ။

(၇)
ခေါင်းပန်မလှန်ပဲစခဲ့တဲ့ကစားပွဲမှာ
အနိုင်အရှုံးဆိုတာ ငါ့အတွက် လိုဦးမလား
ရှုံးစရာတွေမရှိတော့တဲ့ကြားက အနိုင်ရသွားမှာလဲ ကြောက်မိပါတယ်
တစ်ကိုယ်ရည်ရှုံးနိမ့်မှုဟာ ကမ္ဘာကျေသွားတာမှ မဟုတ်ဘဲ..
မင်းတစ်ဘဝစာဆုတောင်းပြည့်စေဖို့
ကျေကျေနပ်နပ်ပဲ ကြွေကျပေးလိုက်တာပါ

(၈)
ဒိုင်ယာရီလေးက ဒဏ္ဍာရီဆန်ပြန်ရော ချစ်သူ
စိမ်းသက်သက်မျက်ဝန်းများရဲ့ဟိုမှာဘက်
ပန်းနုရောင်အိပ်မက်ဟာ ချောက်နက်နက်ထဲ ပြန်လည်အိပ်စက်နေရတာ
တရားသတဲ့လား..
မိုးညိုညိုတိမ်ပြာတွေကြား
ခဏလောက်အိပ်စက်ခွင့်ရခဲ့ရင်
ကြယ်တွေကြွေသောည ကို တစ်ခါပြန်အိပ်မက်ကြည့်မယ်
နှင်းဆီကိုနမ်းရှိုက်ရင်း တစ်ကိုယ်စာအိပ်မက်တွေသွေးထွက်ခဲ့ရတာ
ငါကိုယ်တိုင်ရွေးခြယ်လိုက်တဲ့ ကြယ်မိုက်ညပါပဲ.. ချစ်သူ။

Eunoia

ငွေ့ရည်ဖွဲ့ကဗျာ - တကောင်းWhere stories live. Discover now