ကျွန်တော်နဲ့ ကျွန်တော့်ရဲ့သူ - အက်ဆေး

89 5 0
                                    

ကျွန်တော်နဲ့.. ကျွန်တော့်ရဲ့သူ (အက်ဆေး)
____________________

ဘဝမှာ တစ်ခါတစ်လေ မဖြစ်နိုင်တာတွေနဲ့ ရှင်သန်ရတာကိုပဲ အလှလို့ မြင်မိတယ်။ ကျွန်တော်ဟာ ကြယ်ကြွေတိုင်းဆုတောင်းတတ်တဲ့ ကောင်လေးတစ်ယောက် မဟုတ်တော့ပေမယ့် မျှော်လင့်ချက်တွေ နဲ့ ဖိဖိစီးစီး လွမ်းနေတတ်တယ်။

မှတ်မိနေသေးတယ် ကုသိုလ်တော်ဘုရားမှာ ခရေပန်းတွေကြွေတဲ့ညမျိုး.. တွေ။ ဆုတောင်းသူမရှိပဲ လောင်ကျွမ်းရုံသက်သက် ကမ္ဘာမြေဆီအလည်ထွက်ခဲ့ကြတဲ့ ကြယ်ကြွေညမျိုးတွေ။

တစ်ခါတစ်လေ သူ့စကားသံတော့ကြားချင်မိသေးတာပေါ့လေ ။ ဂုဏ်ဒြပ်မရှိတဲ့ကောင်အတွက် ပန်းကလေးတွေတောင် လွတ်လွတ်လပ်လပ် ကြွေကျမပေးခဲ့ဖူးဘူး။ ခပ်တည်တည်နဲ့ အကြောင်းပြချက်မရှိဘဲ တိမ်တွေကို ကျိန်ဆဲဖူးတယ် ။ အမြဲပြုံးနေတတ်တဲ့သူဟာ ကျွန်တော့်အတွက်တော့ ကြွေခြင်းကင်းတဲ့ကြယ်တစ်လုံးပါ ။ ကျွန်တော့်ဆုတောင်း ပြည့်ဖို့သက်သက် ကြွေပေးရမယ်ဆို ဘယ်တရားမလဲ။

သူပြုံးရုံနဲ့ ချွင်းချက်မရှိ လက်နက်ချခဲ့တယ်။

ကျွန်တော့်ဘက်ကတော့ ချစ်သူပါပဲ။ သူ့ဘက်ကကျ သူစိမ်းပေါ့။ စိတ်ကူးနဲ့ ဆွဲညှစ်ခဲ့ရတဲ့ ပါးဖောင်းဖောင်းလေးတွေ ၊ စိတ်ကူးနဲ့ နမ်းရှိုက်ခဲ့ရတဲ့ ဆံနွယ်တွေ။ သူနဲ့ပတ်သတ်သမျှ အားလုံးကို ရင်းနှီးနေခဲ့တယ်။ ကိုယ့်ကိုပြန်ချစ်မလာတော့မယ့် သူတစ်ယောက်ကို ငေးလို့တောင် မကြည့်မိပါစေနဲ့။ သူ့အတွက်အနှောက်အယှက်ဖြစ်နေစေလိမ့်မယ်။

ဆေးလိပ်ခိုးတွေနဲ့ ပြည့်နေတဲ့အခန်းကျဉ်းထဲမှာ သူ့ပုံရိပ်လား ၊ မီးခိုးငွေ့တွေလား မရေရာတဲ့စိတ်နဲ့ အခန်းထောင့်မှာ ငြိမ်သက်စွာထိုင်ရင်း ငေးမောနေမိတုန်းပဲ။ သူသိမှာပါ ။ ကျွန်တော်ဟာ ဗီလိန်တွေကို ချစ်တတ်တဲ့အကြောင်း။ ကဗျာမချစ်တဲ့သူ့ကို ကဗျာတွေရေးရင်းလွမ်းတာ နည်းနည်းတော့ အူကြောင်ကြောင် နိုင်တယ်။ မြေကြီးပေါ်က အဖြစ်ကိုမေ့ပြီး သူရှိရာမျက်နှာမူတတ်တဲ့ ကျွန်တော်ဟာ နေကြာပန်းလိုကောင်ပါ။ အစွဲအလမ်းမကြီးနဲ့ သရဲကြီးဖြစ်မယ် တဲ့ သူကပြောတယ်။ အခိုးအငွေ့ဘဝလေးနဲ့မှ သူ့ကိုလွတ်လွတ်လပ်လပ် ငေးလို့ရမှာကိုတော့ သူမသိဘူး။

ငွေ့ရည်ဖွဲ့ကဗျာ - တကောင်းWhere stories live. Discover now