သေနေတဲ့ကဗျာ

6 0 0
                                    

သေနေတဲ့ကဗျာ

(၁)
ကိုယ့်နားထင်ကိုယ်
သေနတ်နဲ့တေ့ဖြုတ်ဖို့
စက္ကန့်ပိုင်းအလိုမှာ
ခင်ဗျား.. ဘာကိုတွေးဖြစ်မယ်ထင်လဲ။
နောက်နေတာမဟုတ်ဘူး ကိုယ့်လူ..
ကြွေနေတဲ့ ကြယ်တွေဟာ တကယ်ရှိတယ်
သေနေတဲ့ ကြယ်တွေလည်း တကယ်ရှိတယ်။

(၂)
ကျွန်တော်.. တွေးမိတာက ဗျာ..
နောက်ဘဝဆိုတာမရှိရင်
ဘယ်လိုလုပ်ကြမလဲ
ကျွန်တော်တို့က ဇာတ်ပျက်နေတဲ့အတွေးအခေါ်ထဲမှာ
ညနက်နက်တစ်ပွင့်ကို တူးဖော်နေကြရတာ
မကျေနပ်ရင်
ဘုရားသခင်ကိုပါးခေါ်ရိုက်ရဲရမယ်
ခေါင်းမရမ်းနဲ့နော်
ဒါအလုပ်သမားအခွင့်အရေးပဲ

(၃)
ဆိုပါတော့..
ဟစ်တလာသာစစ်ပွဲနိုင်သွားမယ်ဆိုရင်
ကျွန်တော်မတွေးဘူး
ခင်ဗျားပဲဆက်တွေး

(၄)
မနေ့ကရပ်နေတဲ့နေရာမှာဒီနေ့ပြန်ရပ်ကြည့်
နောက်နေ့.. နောက်နေ့တွေလည်း ရပ်ကြည့်
လူတွေ လမ်းသလားနေတာ မြင်ရမယ်
အချိန်ဟာ တရွေ့ရွေ့သွားနေတာမြင်ရမယ်
ဒါပေမယ့်.. ဘာပဲဖြစ်ဖြစ်
စံပါယ်တွေ ပြာမသွားဘူး
ပွင့် လွ နွမ်း ဖတ်..
ဟိုးမှာကြည့်စမ်း
ခေတ်တန်ဆာတွေ ဈေးညှိနေတာ
ပြည့်တန်ဆာမဟုတ်ဘူးနော်.. ခေတ်တန်ဆာ
ခေတ်ပျက်နဲ့ ကုန်ဈေးနှုန်းက ချနင်းသွားတဲ့သားကောင်တွေပေါ့
ခင်ဗျားလည်း စိတ်ပါရင် အိပ်သွားလို့ရတယ်

(၅)
ဘာလိုလိုနဲ့ ငါးပိုဒ်မြောက်ကိုရောက်လာပြီ
ခင်ဗျားဘာတွေ ထူးထူးခြားခြား တွေ့မိလဲ
ကဲပါဗျာ.. သေနတ်ကိစ္စပဲပြောရအောင်
ကျည်ဆန်တစ်တောင့်ကို မြန်မာငွေနှစ်ရာပေးရတယ်
ဒီတော့ ခင်ဗျားနားထင်ကိုတည့်တည့်ချိန်
ခလုတ်လေးဆွဲညှစ်လိုက်
ခင်ဗျားခေါင်းထဲကိုနှစ်ရာတန်လေးဝင်ပြီး သေမယ်
ကျွန်တော်သာဆိုရင်တော့
သေနတ်နဲ့မပစ်ပဲ
တစ်စုံတစ်ယောက်ကိုချစ်မယ်
တမြေ့မြေ့သေရတော့ အချိန်ပိုရတာပေါ့

(၆)
ဒါ ကဗျာလားလို့မေးရင်
ဒါကဗျာပါ..ပေါ့
ဘုရားစူးမိုးကြိုးပစ် ဒါကဗျာပဲ
တစ်ရာဖိုးသုံးပုဒ်တော့မလုပ်နဲ့
Rubyတောင် နှစ်ရာဖိုးမှသုံးလိပ်ပဲရတော့တာ
အသက်ရှင်ရတာလည်း
ဈေးကြီးတယ်မလား
သေပစ်လိုက်ဖို့မရဲတော့လည်း
ဝဋ်ပဲ ဆက်ခံပေါ့ဗျာ

(၇)
အသုဘ က အမင်္ဂလာဆိုပြီး
တိရစ္ဆာန် အသေတွေကျဈေးကြီးပေးဝယ်စားတယ်
သောက်ကျိုးနည်း
ကျွန်တော်က တစ်သက်လုံး
တိရစ္ဆာန်က လူထက်နိမ့်ကျတယ်ပဲ ထင်လာတာ
ကြက်သားတစ်ပိဿာရှစ်ထောင်ဗျာ
ဝက်သားကတစ်ပိဿာငါးထောင်
အမဲသားက ခြောက်ထောင်ဈေး
ခင်ဗျားသေရင်ဘယ်ဈေးရမယ်ထင်လဲ
မထင်နဲ့နော်
သင်္ဂြိုဟ်စရိတ်တောင်အလိုက်ပေးရဦးမယ်
လူဖြစ်ရတာ.. မတန်ပုံများ

(၈)
"စာဘာလို့သင်လဲ"
ဆရာမကမေးတယ်
"အကျိုးအကြောင်း အဆိုးအကောင်းကို
ဝေဖန်ပိုင်းခြားနိုင်ဖို့စာသင်ရပါတယ်"
တက်ညီလက်ညီဖြေခဲ့ကြ
လောကဓံအဝါထဲ ပြုတ်မကျခင်ကပေါ့လေ
နောက်တော့လည်း..
သောက်လုပ်သောက်ကိုင်လေးရှာပြီး
ထမင်းပုံမှန်စားရဖို့သက်သက်ပဲ ဖြစ်လာရ
အမှန်တရားကို လိုသလိုပုံဖော်ခဲ့ရ
မတရားတာတွေခေါင်းငုံ့ခံခဲ့ရ
တစ်သက်လုံးညွတ်လာတဲ့ ဦးခေါင်း
ပြန်တောင်မမော့ရဲတော့ဘူး
ဂွကျလိုက်တာ..

(၉)
သစ်တောတွေမပြုန်းတီးခင်က
ကမ္ဘာကြီးဟာသိပ်လှခဲ့တာ
သစ်တောခုတ်တဲ့ကောင်တွေ
နိဗ္ဗာန်အကျိုးမျှော်ပြီး စေတီတည်လည်းအထင်မကြီးဘူး
ပရဟိတလုပ်လည်း သာဓုမခေါ်ဘူး
ထွီ.. အောက်ဆီဂျင်ဖြုန်းဖို့သက်သက် မွေးလာတဲ့သတ္တဝါတွေ

(၁၀)
ကမ္ဘာကြီးတောင် ၂၃.၅ ဒီဂရီပဲစောင်းတာ
ခင်ဗျားအမြင်က ၇၅ ဒီဂရီလောက်စောင်းနေတယ်
ခင်ဗျားဘေးကလူဆိုရင် ၃၆၀ဒီဂရီ ပတ်ချာလည်နေပြီ
ကမ္ဘာပေါ်နေပြီး ကိုယ့်ဝန်ရိုးပေါ်ကိုယ်လည်တဲ့သတ္တဝါတွေနဲ့
ကျွန်တော်မပေါင်းဘူး

(၁၁)
ဆယ့်တစ်မီးငြိမ်းအောင် ဆယ့်တစ်ပိုဒ်ရေးတယ်မထင်နဲ့
သေတော့မယ့်ကောင်ဟာ ကြုံရာကျပန်းပဲရေးတယ်
ဒီကဗျာကနေ ခင်ဗျားဘာတွေရလိုက်လဲ
ကျွန်တော့်အတွက်ကတော့ ထွေထွေထူးထူးမဟုတ်
သေနတ်ကိုနားထင်မှာတေ့မဖြုတ်ခင်
စက္ကန့်ပိုင်းအလို မှာ တွေးမိတာလေးပေါ့
သေနေတဲ့ကဗျာ.. အမည်,သ တဲ့
ကဗျာမမည် စာမပီ သည် ဤတွင်နိတ္ထိတံ ၏။

တကောင်း

ငွေ့ရည်ဖွဲ့ကဗျာ - တကောင်းWhere stories live. Discover now