ငါအလွမ်းသီချင်းတွေ မဆိုဖြစ်တော့ဘူး - အက်ဆေး

60 1 0
                                    

ငါအလွမ်းသီချင်းတွေ မဆိုဖြစ်တော့ဘူး

အဲ့ဒီနေ့က ငါ အစောကြီး နိုးထလာခဲ့တယ်။ မိုးတိမ်တွေ တိတ်ဆိတ်နေတုန်းကပေါ့.. ။ တစ်ခုခု ပြင်းပြင်းထန်ထန် လိုအပ်နေလို့ ငါ ဆေးလိပ်လေးကို မီးညှိပြီး ခပ်နက်နက် ရှိုက်လိုက်တယ်..။ အဆင်မပြေပါဘူး ကလေးရယ်...။ ငါလိုအပ်နေတာ မင်းမှန်းသိရက်နဲ့ ငါ့အိပ်မက်တွေကို ညာနေရတာ အဆင်မပြေဘူး ။

ငါ့အတိတ်တွေတိုင်းမှာ ပါဝင်ပတ်သတ်ခဲ့သူ တစ်ယောက်ကို သတိမရမိအောင် ကြိုးစားနေရတာ ငါ့အတွက် ငရဲပဲ။ ငါ့ကိုယ်ငါ သတိထားမိတော့ ငါ့စိတ်တွေ အိပ်မောကျခဲ့တာ ကြာပြီ။

ငါမနေ့က တောင်တန်းကြီးဆီ ရောက်ဖြစ်တယ် ။ လေအေးတွေ တိုက်ခတ်တော့ ငါ မဆီမဆိုင်ပဲ မင်းကို သတိရတယ်။ ငါ့ကို စကားစိမ်းတွေနဲ့ အေးစက်သွားတာ လတ်လတ်ဆတ်ဆတ်ကြီး ။ ငါသေသွားရင် ကောင်းမယ်လို့ ခဏခဏ တွေးမိတယ် ကလေးရယ်။ တစ်နေ့နေ့ မင်းငါ့ဆီ ပြန်လာမယ်လို့ မျှော်လင့်ချက် အမျှင်လေးနဲ့ အသက်ရှင်ရတာ မောတယ်။

တစ်နေ့နေ့.. အဲ့ဒီနေ့ကို နေပူကြဲတဲထဲကလဲ စောင့်မယ်...။ နှင်းတွေ ရက်ရက်စက်စက် ကျတဲ့အခါ ရင်ခွင်ဟောင်းလောင်းနဲ့ကောင်က မင်းများ ချမ်းနေမလား စိတ်ပူမိသေးတာ ။ ငါမဟုတ်တဲ့ တခြားကောင်က မင်းကို ဂရုစိုက်နေပါလိမ့်မယ်..လို့ ငါ့ကိုယ်ငါ ဖြေသိမ့်မိသေးတယ်။ ငါရူးများနေတာလား ကလေးရယ်။

တစ်နေ့တစ်နေ့.. မင်းမဟုတ်တဲ့ တခြားသူတွေကို ပြုံးပြရင်း ငါ ရီဝေဝေ အသက်ရှင်နေရတာ။ ဘဝကြီးက အချီးနှီးပဲကလေး။ ငါ့အတွက် ကော်ဖီတွေခါးလာတာမဟုတ်ဘူး ။ မင်းကြိုက်တတ်တဲ့ လီမွန်ဘလက်(ခ်) တစ်ခွက် ငါ့လက်ထဲမှာ အရသာကို မရှိတော့တာ။ ဒီအိပ်မက်ဆိုးကနေ ငါ နိုးလာရင် ကောင်းမယ်။ ဒါမှမဟုတ် အိပ်မက်ထဲကို မင်းလိုက်လာခဲ့ရင် ကောင်းမယ်။

သေချာပါတယ် ငါရူးသွားတာပဲ နေမှာ။ ငါ့ဘေးနားက အရိပ်တွေအားလုံးကို မင်းပါလို့ ကယောင်ကတမ်း ရင်ခုန်မိတာတွေ..။ လွမ်းနေမှန်းသိရက်နဲ့ ဟာသတွေဖတ်ရင်း မျက်ရည်ဝဲရတာတွေ..။ မလွယ်ပါဘူးကလေးရယ်။ မင်းမရှိပဲ နိုးထလာရတဲ့ နံနက်ခင်းတိုင်းမှာ ငါအသက်ရှင်နေဖို့ မလွယ်ဘူး။

စောင်ကိုပါးစပ်ထဲထိုးထည့် ကြိတ်ငိုတတ်ခဲ့တာ တစ်နှစ်ပြည့်ပြီကလေးရေ။ ဒါပေမယ့် ငါ အလွမ်းသီချင်းတွေတော့ တိုးတိုးတိတ်တိတ် မညည်းတတ်တော့ဘူး ။ အလွမ်းတွေကို မျိုသိပ် ငါ့ဟာငါ တစ်ယောက်တည်း ကြိတ်မှိတ်ပဲ ရှင်နေရက် သေတော့မယ်။ ငါ့ရဲ့ဘုရားသခင်လေး ကြွမြန်းတော်မူလာတဲ့အခါ ခြောက်သွေ့အက်ကွဲ ငါ့ရင်ခွင်လမ်းလေးထဲ မျက်ရည်တွေဖြန်းဆွတ် မင်းကို ကြိုဆိုရပါဦးမယ်။ စိတ်ကူးနဲ့ရူးရတာ ချမ်းမြေ့လှပါတယ် ကလေးရယ်။.

တကောင်း

ငွေ့ရည်ဖွဲ့ကဗျာ - တကောင်းWhere stories live. Discover now