Penchant
Ep _ 1"မှိုင်း ဘယ်လဲ "
"သား ဆိုင်ခဏသွားဦးမယ် ဒေါ်လေးငယ် "
"အေးအေး ဒါဆို ဒေါ်လေး ဒီနေ့ အေးဆေးမှ လာတော့မယ် "
"ဟုတ် ဒါဆို သား သွားပြီ "
အင်းလေးရဲ့ မနက်ခင်း အလှက စာဖွဲ့၍ ပြောရရင် မလုံလောက်နိုင်အောင် လှပသည် ။ ဆေးခြယ်ထားသည့် အလှပန်းချီကား တစ်ချပ်နှယ် သိမ်မွေ့ နူးညံ့သည် ။
အင်းလေးကန်သည် တောင်တန်းတွေ ဝန်းရံထားသည့် ရေပြင်ကျယ်ကြီး ဖြစ်သည်။ နေထွက်ခါစ ကန်ရေပြင် အလှသည် ဘာနှင့်မှ မယှဉ်နိုင်အောင် လှပနေပြန်သည် ။
အင်းလေးသည် ကမ္ဘာပေါ်တွင် တစ်နေရာတည်းသာ ရှိသော Leg rower များ ရှိသည့် နေရာလည်း ဖြစ်သည် ။ နိုင်ငံခြားသားများကို အဆွဲဆောင်နိုင်ဆုံး နေရာ တစ်ခုလို့ ပြောရရင်လည်း မမှား ။
လှေလှော်ပြိုင်ပွဲများ အပြင် အင်းသူ အင်းသားတို့၏ တိုက်တေး သီဆိုပွဲများလည်း ရှိသည် ။
"မှိုင်းလေး ဘာတွေ တွေးနေတာလဲ "
စာရေး ဝါသနာပါသူပီပီ ရွှေအင်းလေး အကြောင်းကို စိတ်ထဲတွင် ရေးသားနေခိုက် ဘကြီး၏ အမေးကြောင့် လက်တွေ့ဘဝကို ပြန်ရောက်လာသည် ။ တကယ်တမ်း အင်းလေးသည် နေထွက်လာပြီဆိုရင် တအား ပူသည် ။ စက်လှေပေါ်မှာ ထိုင်ရင်း အေးမြသည့် ကန်ရေများကို ထိကိုင် ထားလိုက်သည် ။ ရေစက်များကတော့ တကယ်ပင် အေးစက်နေပြီး ရင်ထဲ အေးချမ်းသွားစေသည် ။
"ဟဲဟဲ ဘကြီးကလည်း သိရဲ့သားနဲ့ဗျာ စာရေးဖို့ စဉ်းစားနေတာဗျ "
"ငါတို့ အင်းလေး အကြောင်းရေးပေါ့ကွာ "
"သားလည်း အဲ့တာ စဉ်းစားနေတာ ဇာတ်ကောင်ပုံစံကို တွေးမရဘူး ဖြစ်နေတယ် "
မှိုင်း က ဝါသနာအရ စာရေးသည် .... အချိန်ပြည့် စာရေးဖို့ အကြောင်းကို ခေါင်းထဲ တွေးနေတတ်သည် ။ ဝတ္တုတစ်ပုဒ် မရေးခင် စဉ်းစားတွေးတောရင်း စိတ်ကူး ပေါက်လာရင် ချက်ချင်းကို စာအုပ်ထုတ်ပြီး မှတ်သားလေ့ရှိသည် ။
"အေးဆေးပေါ့ မှိုင်းရာ နေ့လည် ဘကြီး လာခေါ်မယ် သွားတော့ "
